မှန်ကန်သော လမ်းစဥ်နဲ့ ညီညွတ်ရေးက တော်လှန်ရေး အောင်မြင်မှုရဲ့ သော့ချက်
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၁ မြင်ကွင်း
မိုးမခ ၊ စက်တင်ဘာ ၂၊ ၂၀၂၅
မှန်ကန်သော လမ်းစဥ်နဲ့ ညီညွတ်ရေးက တော်လှန်ရေး အောင်မြင်မှုရဲ့ သော့ချက်
အခု သီတင်းပတ်တွေ ရက်ပိုင်းတွေမှာ စစ်အာဏာရှင်စနစ်နဲ့ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်နေတဲ့ အင်အားစုတွေအကြား စစ်ကော်မရှင်တပ်နဲ့ ရင်ဆိုင်နေရတဲ့ စစ်မြေပြင်မှာ အပြင်းအထန် ခုခံနေရတဲ့ အခြေအနေ၊ ဆုတ်ခွာပေးရတဲ့ အခြေအနေတွေ လည်း ရင်ဆိုင်နေကြရသလို စိတ်ဝမ်းကွဲပြားမှုတွေ၊ တော်လှန်ရေး အောင်ပွဲ အလှမ်းဝေးသွားပြီလို့ ခံစားလာကြရတာတွေ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အချင်းချင်း အကြားက ပွတ်တိုက်မှု၊ အကျိုးစီးပွား ဝိရောဓိဖြစ်ပွားမှုတွေကို မညှိနှိုင်းနိုင်ကြတဲ့ အနေအထားတွေ၊ အိမ်နီးချင်း နိုင်ငံတွေရဲ့ မြန်မာ့အရေးအပေါ် ရှုမြင်ချဥ်းကပ်ပုံနဲ့ မူဝါဒအရွေ့ အာဏသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် သဘောထားတွေက လတ်တလော တွေ့မြင်ကြားသိနေရတဲ့ အကြောင်းအရာတွေဖြစ်နေပါတယ်။
စက်တင်ဘာ ၁ ရက်နေ့မှာ သတင်းတွေထဲက မှာတွေ့ရတဲ့ နိုင်ငံရေးသတင်းတပုဒ်က ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ဝင် လူငယ်ထဲက NLD ပါတီဝင် ကိုစည်သူမောင်ကို NLD ပါတီ အလုပ်ကော်မတီက ပါတီဝင်အဖြစ်မှ ရပ်ဆိုင်းကြောင်း အသိပေးဖို့ မှတ်ချက်ပါတဲ့စာ နဲ့ ပတ်သက်ပြီး ကိုစည်သူမောင်က ၄င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေရော သတင်းမီဒီယာမေးမြန်းမှုတွေကိုပါ ဖြေကြားထားတဲ့ အကြောင်းဖြစ်ပါတယ်။
CRPH ကို ကိုယ်စားပြုပြီး NUCC လို့ အတိုကောက် ခေါ်ဆိုတဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ မှာပါဝင်ဆောင်ရွက်နေတဲ့ ကိုစည်သူမောင်က ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ ၄င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ NLD ပါတီရဲ့ အလုပ်ကော်မတီရဲ့ လုပ်ဆောင်ပုံတွေနဲ့ ပတ်သက်လို့ ပို့စ် ၄ ခု အပိုင်းလိုက်ဆက်တိုက်ရေးသား ခဲ့ပါတယ်။ အဆိုပါ ရေးသားမှုတွေက အလုပ်ကော်မတီကို လူသိရှင်ကြား ဝေဖန်ထောက်ပြတာတွေကို အကြောင်းပြုပြီး ခုရက်ပိုင်းကျင်းပတဲ့ NLD ပါတီ ပုံမှန်အစည်းအဝေးမှာ ကိုစည်သူမောင်ကို ပါတီဝင်အဖြစ်မှ ယာယီရပ်ဆိုင်းကြောင်း အသိပေးဖို့နဲ့ အနီးစပ်ဆုံးနိုင်ငံလုံးဆိုင်ရာညီလာခံမှာ အယူခံဝင်နိုင်ကြောင်း အသိပေးဖို့ဆိုတဲ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့သြဂုတ်လ လဆန်းကတည်းက ကိုစည်သူမောင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ CWC နဲ့ ပတ်သက် တဲ့အားနည်းချက်တွေ၊ တတိယနိုင်ငံမှာနေပြီး NLD ပါတီရဲ့ ခေါင်းဆောင်မှုကို ရယူထားကြတာတွေနဲ့ပတ်သက်လို့ စတင်ရေးသားခဲ့တာဖြစ်ပေမယ့် သတင်းမီဒီယာတွေကတော့ သတင်းအဖြစ် မေး မြန်းရေးသားတာမျိုးမလုပ်ခဲ့ကြပါဘူး။ ယခု CWC က ဦးဆောင်ပါဝင်တဲ့အစည်းအဝေးက ကိုစည်သူမောင်ကို ပါတီဝင်အဖြစ်မှ ယာယီရပ်ဆိုင်းကြောင်း ဆုံးဖြတ်ချက်ချတဲ့သတင်းထွက်ပေါ်လာတဲ့အခါမှသာ သတင်းစတင်ဖော်ပြကြတာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်က NLD ပါတီရဲ့ ပါတီတွင်းပြဿနာသာဖြစ်တယ် နွေဦးတော်လှန်ရေးနဲ့ ဘယ်လိုသက်ဆိုင်သလဲလို့ ဆိုကောင်းဆိုနိုင်ပါတယ်။
နွေဦးတော်လှန်ရေးရဲ့ အဓိက ဦးဆောင်မှုနေရာမှာ တာဝန်ယူထားကြသူတွေဟာ NLD ပါတီက ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ ပါတီဗဟိုကော်မတီဝင်တွေ ဖြစ်နေကြတာ ဖြစ်ပါတယ်။ ဒီကိစ္စက NLD ပါတီတွင်း ပြဿနာဖြစ်ပေမယ့်လည်း နွေဦးတော်လှန်ရေးရဲ့ ဦးဆောင်မှုမှာပါဝင်နေသူတွေအပေါ်နဲ့ NLD ပါတီကို တက်တက်ကြွကြွ ထောက်ခံအားပေးကြတဲ့ပြည် သူလူထုတွေအဖို့ စိတ်ပျက်အားလျော့စရာတွေဖြစ်စေမှာ အမှန်ပင်ဖြစ်ပါတယ်။ အချို့က ပါတီတွင်းပြဿနာကို အပြင်မှာဖွင့်ချတဲ့အတွက် ကိုစည်သူမောင်ကိုအပြစ်တင်ကြပြီး အချို့ကတော့ ပါတီတွင်းမှာ ပြဿနာကိုဖြေရှင်းနိုင်တဲ့ အရည်အချင်း အခင်းအကျင်းရှိမနေတာကြောင့် ပြဿနာက လူသိရှင်ကြားဖြစ်လာတာလို့ယူဆကြတာလည်း ရှိနေပါတယ်။ နိုင်ငံရေးခရီးလမ်းမှာ ဒီလိုပြဿနာတွေ ဖြစ် ပွားလေ့ရှိတာလည်း သဘာဝဖြစ်ပါတယ်။ သို့ပေမဲ့ နွေဦးတော်လှန်ရေးအတွက် အရေးကြီးနေတဲ့ အချိန်အခါမှာ ပါတီတွင်းပဋိပက္ခ၊ အဖွဲ့အစည်းတွင်း ပဋိပက္ခတွေ လူသိရှင်ကြားထုတ်ဖော်ပြောဆိုလာရခြင်းက တော်လှန်ရေးအပေါ် သက်ရောက်မှုတွေ ရှိစေနိုင်တာ ဖြစ်ပါတယ်။
အခုလို NLD ပါတီဝင်တွေအကြားဖြစ်တဲ့ကိစ္စအပြင် အခြားသော တော်လှန်ရေးနဲ့ပတ်သက်လို့ စိတ်အားလျော့စရာအဖြစ်အပျက်တွေက ရှမ်းမြောက်၊ ကရင်နီပြည် (ကယား) နဲ့ မြန်မာနိုင်ငံအညာဒေသ က စစ်ရေးသတင်းတွေ ဖြစ်ပါတယ်။ ယမန်ဆန်းပိုင်းက စလို့ နယ်မြေအများအပြားသိမ်းယူခဲ့ရာက ၂၀၂၅ ခုနှစ်ဆန်းပိုင်းဝင်လာပြီးနောက်မှာ နယ်မြေသိမ်းယူနိုင်မှုတွေ တန့်နေရာက နှစ်လယ်ကာလ ရောက်လာချိန်မှာ အချို့သောနယ်မြေတွေကို ပြန်လက်လွှတ်ရတဲ့အဖြစ်အပျက်တွေ ဖြစ်ပွားလာနေတာ ဖြစ်ပါတယ်။ ဒါကလည်း အဆုတ်အတက်ရှိတဲ့ စစ်ရဲ့သဘောသဘာဝလို့ဆိုနိုင်ကောင်း ဆိုနိုင်ပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်မှာ ပေါင်းစည်းစစ်ဆင်မှု လျော့ကျလာတာ၊ လက်နက်ခဲယမ်း လုံလောက်မှု လိုအပ်ချက်ဖြစ်ပေါ်လာတာတွေ နဲ့အတူ သိမ်းယူထိန်းချုပ်ထားတဲ့နယ်မြေတွေအပေါ် အုပ်ချုပ်ခွင့်နဲ့ပတ်သက်လို့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေအကြား အကျိုးစီးပွား ပွတ်တိုက်မှုတွေပေါ်ထွက်လာခဲ့တာကလည်း အကြောင်းတချက် ဖြစ်နိုင်ပါတယ်။
တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေအကြား ဒီအခြေအနေတွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်လာနေပေမယ့်လည်း ကြားဝင်ဖြေရှင်းပေးဖို့အဖွဲ့အစည်းတရပ်၊ မူတရပ်အဆင်သင့်ရှိမနေတာ တွေ့ရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရက အဆိုပါကြားဝင်ဖြေရှင်းပေးနိုင်စွမ်းရှိမလား သို့မဟုတ် မြောက်ပိုင်းအဖွဲ့တွေလို့ဆိုရင် FPNCC လားဆိုတဲ့မေးခွန်းတွေရှိနေပါတယ်။ ဒါပေမယ့် တဖက်မှာ အာဏာသိမ်းစစ်တပ်ကတော့ တသွေးတသံတမိန့်နဲ့ အရှုံးကနေ ပြန်လည်ရုန်းထဖို့လုပ်လို့ရတဲ့ နည်းလမ်းအားလုံးကိုလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်ကာစ ကာလတွေတုန်းက အမျိုးသားရေးအစွန်းရောက်သူတွေ ကြံ့ခိုင်ရေးပါတီကစည်းရုံးထားတဲ့စွမ်းအားရှင်လို အင် အားစုတွေကို ရန်ကုန်တရုတ်သံရုံးရှေ့ မှာ ဆန္ဒပြဖို့ နောက်ကွယ်ကမီးစိမ်းပြခဲ့တာ တခြားဘယ်အဖွဲ့အစည်းမှ ဆန္ဒပြခွင့်မရှိတဲ့ အရေးပေါ် အခြေအနေအောက် ဆန္ဒပြခွင့်ပြုခဲ့ပေမယ့် တရုတ်နိုင်ငံရဲ့ မူဝါဒအလှည့်အပြောင်း ဖြစ်ပြီးနောက် တရုတ်နိုင်ငံကို တတ်နိုင်သမျှ လိုက်လျောဆက်ဆံနေတာတွေကိုကြည့်ရင် ရပ်တည်ချက်ထက် အကျိုးစီးပွားကို အဓိကထားလုပ်ဆောင်နေတာ တွေ့ရမှာဖြစ်ပါတယ်။
ကမ္ဘာကြီးမှာ ဝင်ရိုးတန်းတွေ အပြောင်းအလဲဖြစ်လာသလို အမေရိကန်ပြည်ထောင်စုမှာ သမ္မတ ထရန့်အာဏာရလာတဲ့အခြေအနေကိုလည်း အာဏာသိမ်းစစ်ခေါင်းဆောင်က အခွင့်အလမ်းအဖြစ် အသုံးချဖို့ကြိုးစားနေတာ တွေ့ကြရမှာ ဖြစ်ပါတယ်။ ပထဝီနိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲ ရုရှား၊ တရုတ်၊ အိန္ဒိယတို့ စီးပွားရေးအရသော်လည်းကောင်း ကမ္ဘာ့ရေးရာတွေမှာသော်လည်းကောင်း ပိုမိုနီးစပ်လာတဲ့အနေအထားကို အာဏသိမ်းစစ်အစိုးရက အခွင့်အလမ်းတခုအဖြစ်ရှုမြင်ထားတာ တွေ့ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ သံတမန်ရေး နယ်ပယ်မှာ အာဏာသိမ်း စစ်အစိုးရကို အသိ အမှတ်ပြုတဲ့ နိုင်ငံတိုးလာတဲ့အနေအထားမဟုတ်သည့်တိုင် တရုတ်၊ အိန္ဒိယ၊ ရုရှားတို့ကို ပိုမိုနီးကပ်အောင် လက်နက်ခဲယမ်း နည်းပညာအထောက်အကူရရှိနိုင်အောင် ဆက်ဆံလာနိုင်တာတွေ့မြင်နေရတာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေကို ခြုံငုံသုံးသပ်ကြည့်ရင် အာဏာသိမ်းစစ်တပ်ဟာ အသက်ငင်နေတဲ့အနေအထားကနေ အရှုံးတွေ ဆက်တိုက်ရင်ဆိုင်နေရတဲ့အနေအထားကနေ ပြန်လည်နာလံထူဖို့ကြိုးစားရာမှာ တိုးတက်မှုအချို့ ရရှိလာနေတာ ပကတိအခြေအနေဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အခြေအနေကို ဆန္ဒစွဲမပါဘဲ လက်တွေ့ကျကျသုံးသပ်နိုင်ဖို့လိုအပ်လာနေပြီး မိမိတို့ရဲ့ အားနည်းချက်တွေကို အမြန်ဆုံးပြုပြင်နိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဘောလုံးပွဲဥပမာနဲ့ ပေးရရင် လူလဲကစားတာ သူ့အစွမ်းအစနဲ့သင့်တော်တဲ့သူ ကစားပွဲမှာ ခြေကုန်လက်ပမ်းကျနေပြီး ခြေမပေါ်တော့တဲ့သူတွေကို အစွမ်းအစရှိသူ အင်အားပြည့်နေသူတွေနဲ့လဲလှယ်ကစားဖို့လိုအပ်နေပြီး အသင်းလိုက်ကစားတဲ့ စိတ်ဓါတ်၊ အချိတ်အဆက်၊ အပေးအယူနဲ့ အောင်ပွဲရဖို့ မှန်ကန်တဲ့ဗျူဟာလည်း ချမှတ်နိုင်ဖို့ အရေးကြီးပါတယ်။ ဂိုးအသာစီး နဲ့ကစားနေရာကနေ သရေအနေအထားမျိုးရောက်လာချိန်မှာ မိမိတို့ရဲ့ အားနည်းချက်ကိုပြန်သုံးသပ်နိုင်ပါမှ ကစားချိန်မပြည့်မီမှာ တဖက်အသင်းကို အနိုင်ယူနိုင်မှာဖြစ်တယ်လို့ ဆိုချင်ပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar