ဆယ်ပေါင်တူ - မြို့မေတ္တာခံယူချင်သည့် ကြင်စိုး၏ ‘တောင်းတော့ မေတ္တာ ရတော့ အဆဲ’
ဆယ်ပေါင်တူ - မြို့မေတ္တာခံယူချင်သည့် ကြင်စိုး၏ ‘တောင်းတော့ မေတ္တာ ရတော့ အဆဲ’
မိုးမခ ၊ စက်တင်ဘာ ၂ ၊ ၂၀၂၅
‘စိတ်ချပါ ဘပု၊ ဒါ…ကျနော်အမြဲလုပ်နေကျ အလုပ်ပဲ’
ကြင်စိုးက သူ့ရှေ့မှာ သတိဆွဲရပ်ရင်း ဖြေလိုက်သည့် မဲလုံး၏မျက်နှာကို အသာစိုက်ကြည့်ကာ
‘ငါသိပါတယ်၊ မင်းကိုစိတ်မချလို့ မဟုတ်ဘူး၊ ဒါပေမဲ့ ဒီဂုတ်ထိပ်တံတားကိစ္စက သိပ်အရေးကြီးတယ်ကွ၊ ငါတို့လက်ချက် မဟုတ်ဘူး ဆိုတာ တနိုင်ငံလုံးက ယုံကြည်သွားဖို့ လိုအပ်လို့။ ဒီလိုလုပ်ကွာ၊ ပြည်သူတွေ ယုံအောင် မင်း ဘယ်လို ထွက်ရှင်းပြမလဲဆိုတာ ငါ့ကို အခု ရီဟာဇယ် လုပ်ပြ၊ ငါနားထောင်မယ်’ ဟု မဲလုံးကို ခိုင်းသည်။
‘ဟုတ်….အဘ’ မဲလုံးက ပြောပြောဆိုဆို ကြင်စိုးကို အလေးပြုကာ လှည့်ထွက်လိုက်သည်။ ‘အင်း…..ပြည်သူတွေ ယုံအောင် ပြောဖို့ဆိုတော့ကာ’ ဟုလည်း သူ့ကိုယ်သူ တီးတိုးရွတ်ရင်း ချောင်းတချက်ဟန့်လိုက်ပြီး
‘ဒီနေ့မနက် ၉ နာရီ ၁၀ မိနစ်လောက်မှာ နောင်ချိုနဲ့ ကျောက်မဲကို ဆက်သွယ်ထားတဲ့ ဂုတ်ထိပ်တံတားရဲ့ မြောက်ဘက်ခြမ်းမှာတော့ တပ်မတော်က မိုင်းခွဲဖျက်ဆီးခဲ့တာ ရှိပါတယ်’
ကြင်စိုး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ‘ဘာကွ ’ဟု ဒေါသသံဖြင့် အော်ရင်း ဒီလောက်အရေးကြီးတဲ့ကိစ္စကို မှားပြောရကောင်းလားဆိုပြီး စိတ်ဆိုးသည်။ အသားတဆတ်ဆတ်တုန်အောင် ဒေါသထွက်သွားသည့် ကြင်စိုးက ‘ထိုင်နေရာမှ ထကာ၊ မဲလုံးကို နားရင်းသွားအုပ်လေသည်။ ပါးစပ်မှလည်း ‘မင်းဂျီးဒေါ် ကြီးမို့ တပ်မတော်က မိုင်းခွဲဖျက်ဆီးခဲ့တာတဲ့လား ..ကဲကွာ….ကဲကွာ’ ဟု ပြောလည်းပြော ရိုက်လည်း ရိုက်သည်။
ကြင်စိုး ဒေါသကို သိသည့် မဲလုံးက အရိုက်ရပ်သည်အထိ ဘာတခွန်းမှ ပြန်မပြောဘဲ စောင့်နေရှာသည်။ ကြင်စိုး ဆက်မရိုက်တော့မှ ‘ အဘ.. ကျနော် မှားပြောတာ မဟုတ်ပါဘူး၊ တမင်ပြောတာပါ၊ ကျနော့်မှာ အကြောင်းရှိပါတယ်’ဟု လေပြည်လေးဖြင့် ပြောသည်။
ကြင်စိုးက ဒေါသမီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်ပြီး မဲလုံး ပြောတာကို နားထောင်သည်။
‘ဒီလိုပါ ကျနော် ရှင်းပြပါ့မယ်၊ ဘပုကပဲ ပြောတယ်လေ ၊ ကျနော်တို့ လက်ချက် မဟုတ်ဘူး ဆိုတာ တနိုင်ငံလုံးက ယုံကြည်သွားဖို့ ပြောရမယ်ဆို။ အခု ဖြစ်နေတာက ကျနော် ဘာပဲပြောပြော အားလုံးက ပြောင်းပြန်ပဲ အဓိပ္ပာယ်ကောက်ကုန်ကြတာ။ ဒီတော့ ကျနော်က တပ်မတော်ဘက်က မိုင်းခွဲတာမဟုတ်ဘူးလို့ ပြောရင် သူတို့တတွေက ဒါဆို သေချာပြီ။ တပ်မတော် လက်ချက်လို့ပဲ ပြောင်းပြန်နားလည်ကြလိမ့်မယ်။ အဲဒါကြောင့် ကျနော်တို့ မလုပ်တာ တပြည်လုံးက ယုံကြည်စေဖို့အတွက် တပ်မတော်က မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ပြောရတာပါ၊ ဒါမှပဲ သူတို့ပြောင်းပြန်အဓိပ္ပာယ်ကောက်ကြတဲ့အခါ ဪ.. တပ်မတော် လက်ချက် မဟုတ်ဘူးလို့ မြင်သွားကြမှာလေ’
ကြင်စိုး စိတ်ပျက်လက်ပျက်နှင့် သူ့ခေါင်းကို တွင်တွင်ယမ်းလိုက်သည်။
‘သတင်းထုတ်ပြန်တဲ့အခါ အဲဒီလိုပြောလို့ ဘယ်ရမလဲကွ၊ ငါတို့ လက်ချက်လို့ ပြောရင် ပိုဆိုးမှာပေါ့၊ မဲလုံး…မင်း တော်တော်တုံး တော်တော် အသုံးမကျတဲ့ကောင်ပဲ၊ ဘယ်လိုပဲ ပြောင်းပြန်နားလည်ကြပါစေ၊ ငါတို့ မဟုတ်ဘူးဆိုတာကိုပဲ ပြောစမ်းကွာ’
ပြည်သူများထံမှ ယုံကြည်မှု မရခြင်းသည် တကယ့်ပြဿနာကြီးပဲဟု ကြင်စိုး ဆက်တွေးနေမိသည်။ အခုလို ဒေါ်လာဘီလီယံပေါင်းများစွာ သုံးစွဲပြီး ၅ နှစ်နီးပါး တိုက်ခိုက်နေသော်လည်း ဘယ်လိုမှ မနိုင်နိုင်ခြင်းမှာ၊ သူတို့အပေါ် ယုံကြည်မှုမရှိသော၊ သူတို့အပေါ် လုံးဝမေတ္တာပျက်နေသော ပြည်သူလူထုကို ရင်ဆိုင်နေရသောကြောင့်ဟုလည်း စဉ်းစားလာမိသည်။
ထို့ကြောင့် ပြည်သူ့မေတ္တာ ရအောင်ကြိုးစားမှ ဖြစ်လေတော့မည် ဆိုသည့် အတွေးဝင်လာသည်။ ခက်သည်က ဘယ်ကစလို့ ဘာကို လုပ်ရမည်လဲ သူ မသိ။ သူ့လို တနိုင်ငံလုံး ရှိသမျှလူတွေကို လှည့်ပတ်ဒုက္ခပေးရုံကလွဲပြီး၊ ဘာဆိုဘာမှ အဖြစ်မရှိသည့် ဂြိုဟ်ကောင် အကုသိုလ် အတုံးအခဲကြီးသည် အဘယ်သို့ ပြည်သူ့မေတ္တာကို ရအောင်ကြိုးစားနိုင်ပါမည်နည်း။
သို့သော် ကြင်စိုးကို လျှော့မတွက်လေနှင့်။ ဖျစ်ညှစ်၍ အကြံထုတ်ပြီးသကာလတွင် ဗျာဒိတ်တော်လာ ‘သောမကြွက်ပူတင်ကြီး’ ဆီ သွားရောက်ခဲ့စဉ်က မှတ်ယူခဲ့သည့် ပြည်သူ့မေတ္တာ ရယူနည်းကို ပြန်သတိရလိုက်သည်။
သောမကြွက်မင်း ပူတင်ကြီးသည်လည်း သူ့နိုင်ငံတွင် လူမုန်းလူရွံ များသူ ဖြစ်သည်။ သို့သော် ကြင်စိုးထက် အာဏာရှင်ပါး ပိုဝလေသူ ဖြစ်သည့် အားလျော်စွာ၊ ကြွက်မင်းကြီးတွင် အကြံအစည်ကောင်းများစွာ ပို၍ရှိသည်ကို ကြင်စိုးနေပြည်တော်သို့ ပြန်မည့်နေ့တွင် လက်တွေ့ ကြားသိခဲ့ရသည်။
ပြန်ခါနီး သွားရောက်ဂါရဝပြုသော ကြင်စိုးအား ဖဲကြိုးရောင်စုံဖြင့် လှလှပပ ထုတ်ပိုးထားသော လက်ဆောင်ခြင်းတခုကို ကြွက်မင်းပူတင်က ပေးလေသည်။
‘အခုပဲ ဖွင့်ကြည့်လိုက်’ဟု စကားပြန်မှတဆင့် ပြောလိုက်သောကြောင့် ကြင်စိုး ဖွင့်ကြည့်လိုက်သည်။ မြင်မြင်ချင်း ကြင်စိုးနှုတ်က-
‘ဒါ ကျနော်တည်းတဲ့ ဟိုတယ်မှာ ပေးထားတဲ့ အမွှေးအကြိုင် ဆပ်ပြာပစ္စည်းတွေပဲ။ ကျနော် ကြိုက်လွန်းလို့ အဲဒီမှာ ပေးထားတာတွေ အကုန်လုံး အိတ်ထဲထည့်လာခဲ့တယ်’
‘အဆွေတော် ကြွက်မင်းကြီးနဲ့၊ အဲ ….အဆွေတော်နဲ့ ဘယ်လိုများ ဆက်စပ်နေလို့လဲ? သောမကြွက်မင်းလို့ သူလျှောက်ဖြီးဖြန်း ခေါ်ဝေါ်တာကို ပူတင် မကြိုက်ဘူးလို့ ပြန်ကြားထားမိ၍ ကြင်စိုး စကားပြန်ပြင်ပြောလိုက်သည်။
‘ဒါ ငါ့ကုမ္ပဏီက ထုတ်ထားတဲ့ ပစ္စည်းတွေ၊ မင်း Soft power အကြောင်း သိတယ်မလား၊ ငါက Soft power ထက် ပိုသိမ်မွေ့နူးညံ့တဲ့ Soap power လမ်းကြောင်းကို ဖောက်လိုက်တာ၊ ဆပ်ပြာကို အသုံးချပြီး လူတွေရဲ့ အသိစိတ်ထဲ ငါက စိုးမိုးနိုင်ဖို့ပေါ့။
ကြင်စိုး သိပ်နားမလည်သော်လည်း ထုံးစံအတိုင်း နားလည်သယောင် ပြုံးပြုံး ပြုံးပြုံးလုပ်ရင်း ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ ‘ဆပ်ပြာပါဝါ’လို့တော့ ရေးတေးတေး မှတ်ထားလိုက်သည်။
‘ငါ့ကို ရုရှားတနိုင်ငံလုံးက ဘယ်လောက် မကြိုက်ကြပါစေ၊ သူတို့ ရေမိုးချိုးကြတဲ့အခါ ငါရဲ့ မွှေးကြိုင်သင်းပျံ့နေတဲ့ ဆပ်ပြာကို သုံးလိုက်တော့ သူတို့စိတ်ထဲမှာ ဆပ်ပြာနဲ့တွဲပြီး ထုတ်လုပ်တဲ့ ကုမ္ပဏီပိုင်ရှင် ငါ့အကြောင်းကို အလိုလို တွေးမိသွားကြတယ်။ အကောင်းဆုံး ရေမွှေးအနံ့တွေနဲ့ ရောစပ်ထားတော့ သုံးစွဲသူတွေရဲ့စိတ် က လန်းဆန်းသွားပြီး နူးညံ့သွားကြတယ်လေ။ ကျေနပ်နှစ်ခြိုက်တဲ့ စိတ်တွေက ပိုများလာတော့ ငါ့ကိုမုန်းတီးတဲ့စိတ်တွေလည်း လျော့သွားကုန်ရော၊ နေ့တိုင်းဒီဆပ်ပြာသုံးကြရင် ငါ့အပေါ်မကောင်းမြင်တဲ့စိတ်တွေ တဖြည်းဖြည်း နည်းနည်းသွားမယ်၊ မေတ္တာထားလာနိုင်ကြမယ်ဆိုတဲ့ အိုင်ဒီယော်လော်ဂျီပေါ် အခြေခံပြီး လုပ်ထားတာ’
အင်း….ဒါ့ကြောင့်လည်း ငါ့ထက်ပို ဩဇာကြီးတဲ့ အာဏာရှင်ကြီး ဖြစ်နေတာပေါ့လို့ တွေးခဲ့မိသည်။
ဤသို့ဖြင့် ပူတင်၏အိုင်ဒီယာကို ကြင်စိုး ကော်ပီကူးဖို့ ပြင်တော့သည်။ ကြင်စိုးကို ဝိုင်းကြဝန်းကြမည့် သူများကလည်း အသင့်ဆိုတော့ ကြင်စိုး ဘာမျှ ခေါင်းစားစရာမလို။ သူ ဝင်ပါရတာဆိုလို့ သူ့စိတ်ကြိုက် နာမည်ရွေးချယ်ပေးသည့် ကိစ္စတွင်သာ ဖြစ်သည်။
ထုံးစံအတိုင်း နေ့နံတွက်ချက်မှုတွေကိုသာ အာရုံဝင်စားလေ့ရှိသူပီပီ၊ ကြာသပတေးနံ ’မေတ္တာ’ကိုရဖို့ တံဆိပ်ကိုလည်း ကြာသပတေးနံ နာမည်ပေးမည်ဟု စတွေးသည်။
‘အင်း..ဒီလို လုပ်လိုက်၊ ငါ့နာမည်ရင်း ထိပ်ဆုံးစာလုံး ကြာသပတေးနံ ‘မင်း’နဲ့ မင်းတို့ မေကြူရဲ့ နာမည်ထိပ်က ‘မေ’ ဆိုတဲ့ ကြာသပတေးနံစာလုံးကို ယူလိုက်။ ပြီးတော့ အဲဒီနှစ်ခုတွဲ နာမည်နဲ့ အမှတ်တံဆိပ် လုပ်လိုက်ကြ’ ဟုပြောပြီး ထုတ်လုပ်ဖြန့်ဖြူးဖို့ ပြင်ဆင်လေတော့သည်။
မြန်မာပြည်တွင် ထုံးစံတခု ရှိသည်။ အမှတ်တံဆိပ်နှင့် လူနာမည် တွဲခေါ်ကြတာမျိုး။ ဆေးလိပ်ခုံပိုင်ရှင်မှအစ ထမင်းဆိုင်၊ တေးသံသွင်း၊ ဘဏ်လုပ်ငန်းရှင်များအထိ ထိုသို့ ခေါ်ဝေါ်ကြသည်။ ယခုလည်း ကြင်စိုး၏ ထုတ်ကုန်အသစ်သည် ပြည်သူများအတွက် နေ့နေ့ ညည ခေါ်ဆိုချင်စရာ ဖြစ်လာဦးမည်မှာ သေချာသည်။
မကြာမီကာလတွင် အနှီကုန်ပစ္စည်းအသစ် ထွက်ရှိလာပါက ကြင်စိုးနာမည်နှင့်တွဲပြီး အားပါးတရ အော်ဟစ် ခေါ်ဆိုနိုင်ခွင့် ရရှိလေတော့မည်။ သို့သော် ကြင်စိုး ကားတန်းဖြတ်သွားသည့် စက္ကန့်ပိုင်းလေးအတွင်းမှာ သံနေသံထားမှန်မှန် ဌာန်ကရိုဏ်းကျကျဖြင့် ကြင်စိုး ကြားအောင် ညီညီညာညာ အော်ဟစ်လိုက်နိုင်ဖို့တော့ လိုသည်။
သို့အတွက် ‘ပွဲမဝင်ခင် အပြင်က ကျင်းပ’ ဆိုသည့်အတိုင်း ကြိုတင်လေ့ကျင့်ထားကြရပါမည်။ ကုန်ကုန်ပြောရလျှင် ကြင်စိုး ကုန်ပစ္စည်းသစ် ထွက်မလာနိုင်ခဲ့ရင်တောင်မှ၊ ဤလေ့ကျင့်ထားမှုသည် အကျိုးမယုတ်။ ကုန်ပစ္စည်း ထွက်ထွက် မထွက်ထွက် ကြုံသည့်နေရာတွင် ကြင်စိုးကို ခေါ်ဆို၍ အင်မတန် သင့်တော်မည် ဖြစ်သောကြောင့်ပင်။
လေ့ကျင့်ရာတွင်လည်း လိုအပ်သည့် အချိန်အတိုင်းအတာက တဦးနှင့်တဦး မတူနိုင်။ အချို့အတွက်တော့ မိနစ်ပိုင်းလောက်သာ လေ့ကျင့်ဖို့ လိုအပ်နိုင်သော်လည်း၊ အချို့အတွက်မူ NUG ပြုပြင်ပြောင်းလဲရေးအတွက် အချိန်ယူကြရသည့်အလား ကြာမြင့်သွားနိုင်သောကြောင့် ဖြစ်သည်။
သို့ကလို အကြောင်းများကြောင့်၊ အချိန်ရှိခိုက် လုံ့လစိုက် ဆိုသလို၊ ယခုမှပဲ စ၍ အတူတကွ ရွတ်ဆိုလေ့ကျင့် ကြစေလိုပါသည်။ အားလုံးအသင့် ဖြစ်ကြပြီဆိုလျှင်တော့၊ အသက်ပြင်းပြင်းတချက် ရှုရှိုက်ပြီးသကာလ-
‘မင်းမေဆပ်ပြာကြင်စိုး’
‘မင်းမေဆပ်ပြာကြင်စိုး’
‘မင်းမေဆပ်ပြာကြင်စိုး’
ဟု မမောမချင်း သံပြိုင်ဟစ်ကြွေးရင်း ကြိုတင်လေ့ကျင့်ထားကြစေချင်ပါသည်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar