Breaking News

နိုင်ငံတကာသာဂိ - အမေရိကန်ပြည်နဲ့ ထရန့် ဘာလဲ ဘယ်လဲ၊ ဘယ်လိုရင်ဆိုင်ကြမလဲ




နိုင်ငံတကာသာဂိ - အမေရိကန်ပြည်နဲ့ ထရန့် ဘာလဲ ဘယ်လဲ၊ ဘယ်လိုရင်ဆိုင်ကြမလဲ
(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၂၅


ဆိုရှယ်မီဒီယာမှာ အမေရိကန်ပြည်အကြောင်း ဝိုင်းရေးနေကြတာ မမြင်ချင်မှ အဆုံးပါပဲ။ မြန်မာပြည်တွင်းက လူတွေက ရေးနေတာများ သူတို့က အမေရိကန်ကလူတွေထက် ပိုတောင် သိနေသေးတယ်။ ရေးနေကြတဲ့အထဲမှာ အမေရိကန်အာဏာရှင် ဒေါ်နယ်ထရန့် အာဏာအလွဲသုံးစားလုပ်မှုတွေကို ရှုံ့ချရေးသားတာထက် ထရန့်လုပ်လိုက်လို့ ကမောက်ကမဖြစ်နေကြတာကို ရေးသားဖော်ပြကြတာများပါတယ်။ ဥပမာ - ထရန့်က ပြည်နယ်စောင့်တပ်သားတွေကို တချက်လွှတ်အမိန့်နဲ့ ပြည်နယ်က မြို့တော်တွေဆီ စေလွှတ်ပြီး လုံခြုံရေးယူပေးမယ်။ ဟိုမှာ ရာဇဝတ်မှုထူပြောလှတယ်လို့ ပြောနေတယ်။ အမေရိကန်ပြည်သူတွေက အောက်တိုဘာ ၁၈ မှာ တပြည်လုံးထွက် ဆန္ဒပြပြီး ထရန့်ကို ဘုရင်အလိုမရှိလို့ ကန့်ကွက်ကြတယ်။ ဒါကို ထရန့်က မခန့်လေးစားနဲ့ ဖလော်ရီဒါက သူ့ထရန့်စံအိမ်ကြီးမှာ ဂေါက်သွားရိုက်နေတယ်။ ဒါမျိုးတွေ ရေးပြကြတာ များပါတယ်။

တကယ်က အခု အမေရိကားမှာ အစိုးရရပ်ဆိုင်းနေတယ်။ Government Shutdown. - အလုပ်မလုပ်တော့ဘူး၊ ဘတ်ဂျက်တွေ ပြတ်တောက်ကုန်ပြီ။ ဗဟိုအစိုးရဝန်ထမ်းတွေ လစာမရဘဲ အလုပ်လုပ်နေရတယ်။ အချို့ဝန်ထမ်းတွေကို အလုပ်ကနေ ရပ်ဆိုင်းခံထားရတယ်။ လက်ရှိ လည်ပတ်နေတာက ကျန်နေသေးတဲ့ အသုံးစာရိတ်ကနေ လည်ပတ်နေတာဖြစ်တယ်။ စစ်တပ်နဲ့ လုံခြုံရေးဝန်ထမ်းတွေကလွဲရင် ကျန်တဲ့ အစိုးရဝန်ထမ်းတွေက ရှေ့လအတွက် လစာမရတော့ဘူး။ ဒါတွေကို အဓိက အာရုံစိုက်မိအောင် ရေးရမှာ ပြောကြရမှာ ဖြစ်ပါတယ်။

သို့သော် ထရန့်က အမရိကန်ပြည်သူတွေအပေါ် စစ်မှန်သော စေတနာ မေတ္တာတွေ ထားပြီး အုပ်ချုပ်ရမယ့်အစား ဥပက္ခာ ပြုထားတာကို သိကြရမှာ ဖြစ်ပါတယ်။ အခုဆိုရင် - တောင်အမေရိကားနိုင်ငံတွေက စစ်ရေး နိင်ငံရေး တိုက်ရိုက်စွက်ဖက်မှုတွေ လုပ်နေတယ်။ အာဂျင်တီးနားကို အကူငွေ ၂၀ ဘီလျံ ကူငွေတွေ ထုတ်ပေးတယ်။ ဗင်နီဇွဲလားနိုင်ငံရဲ့အနီးက ပင်လယ်ထဲမှာ မူးယစ်ဆေးဝါးမှောင်ခိုသင်္ဘောတွေလို့ စွပ်စွဲပြီး ဝေဟင်ကနေ ဒုံးကျည်နဲ့ ပစ်ခတ်ဖျက်ဆိးတယ်။ သင်္ဘောပေါ်က လူတွေ သေကုန်တယ်။ ဘရာဇီးကို ကုန်သွယ်ရေးအခွန်တိုးကောက်တယ်။ သူ့အိမ်ဖြူတော်က အရှေ့ဆောင်ကို ဖျက်ချပြီး အသစ်ပြင်ဆောက်ဖို့ လုပ်နေတယ်။ သူလုပ်နေတာတွေက အစိုးရရပ်ဆိုင်းနေချိန်မှာ လုပ်ချင်တိုင်း လုပ်နေတာဖြစ်တယ်။ သူ့ကြိုးဆွဲ ရုပ်သေး အမတ်တွေက အောက်လွှတ်တော်မှာ ရုံးမတက်ကြတော့ဘူး။ ဘတ်ဂျက်ကိစ္စကို ပြေလည်ဖို့ အတိုက်အခံဒီမိုကရက်အမတ်တွေနဲ့ ဆွေးနွေးဖို့ ကျောခိုင်းထားကြတယ်။ တကယ်တမ်းမှာ အမေရိကန်မှာ အစိုးရလည်း မရှိတော့ဘူး၊ လွှတ်တော်လည်း မရှိတော့ဘူး။ သမ္မတကြီးနဲ့ သူ့ဝန်ကြီးတွေ အတွင်းဝန်တွေပဲ စိတ်တိုင်းကျ လုပ်နေကြတာ ဖြစ်တယ်။ ဒါကို စာဖတ်ပရိသတ် သဘောပေါက်အောင် ရေးကြ ထောက်ပြကြရမှာ ဖြစ်ပါတယ်။

အစိုးရရပ်ဆိုင်းသွားရတာ ဘာကြောင့်လဲ။ အမေရိကန်၏ ကျန်းမာရေးစောင့်ရှောက်မှု အာမခံစာရိတ်တွေကို အစိုးရက ဖြည့်စွက်စိုက်ထုတ်ပေးတဲ့ ဘတ်ဂျက်အစီအစဉ် ရှိတယ်။ health insurance subsidies လို့ ခေါ်ပါတယ်။ အဲဒီ အစိုးရဖြည့်စွက်ပေးငွေက သာမန်ပြည်သူတွေ ပေးရတဲ့ ကျန်းမာရေးအာမခံစာရိတ်မှာ အာမခံဈေးတက်လာတဲ့ ငွေကို စိုက်ပေး ဖြည့်ပေးတာ ဖြစ်တယ်။ ဒါတွေကို ဆက်ပေးထားဖို့ အတိုက်အခံဒီမိုကရက်တွေက တောင်းဆိုတယ်။ ထရန့်ကြိုးဆွဲရာကရတဲ့ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တွေက သဘောမတူဘူး။ ဘတ်ဂျက်ထဲမှာ ဒါတွေ မထည့်ပေးဘူး။ ဒါကို သဘောမတူရာကနေ အမေရိကန်ဘတ်ဂျက် အတည်မပြုနိုင်ဖြစ်ပြီး အစိုးရ ရပ်ဆိုင်းရတာ ဖြစ်ပါတယ်။ ထရန့်ဘတ်ဂျက်ကလည်း တကယ်ကို တနှစ် သက်တမ်းအပြည့် ဘတ်ဂျက်မဟုတ်ပါဘူး။ ရေတိုဘတ်ဂျက်လေးနဲ့ အစိုးရကို လည်ပတ်တာပါ။ တကယ့်ကို ပါတီ ၂ ရပ်လုံး သဘောတူတဲ့ တင်းပြည့်ဘတ်ဂျက် ကိုတောင် မဆွဲနိုင်သေး မဖြစ်မြောက်သေးပါဘူး။

အမေရိကန်ပြည်ကတော့ ငါတို့မှာ ငါတို့ပဲ ရှိတယ်ဆိုတဲ့ မြန်မာနွေဦးတော်လှန်ရေး ကြွေးကြော်သံအတိုင်း ဆက်ပြီး နောက် ၃ နှစ် ကြိတ်မှိတ် ဆက်ချီတက်ကြဖို့သာ ရှိပါတယ်။ ဘယ်အစိုးရ ဘယ် လွှတ်တော် ဘယ် သမ္မတ ကမှ လာပြီး တိုင်းပြည်အရေးကို သမမျှတ ဆောင်ရွက်ပေးဖို့ လမ်းမမြင်ပါဘူး။ အခုလက်ရှိမှာ - ထရန့်က လုပ်နေတာက သမ္မတတဦးတည်းမှာ အုပ်ချုပ်မှု အာဏာ၊ ဥပဒေပြု အာဏာ နဲ့ တရားစီရင်ရေး အာဏာ ၃ ရပ်လုံး ရှိတယ်ဆိုတဲ့ ဆုပ်ကိုင်မှုနဲ့ ချီတက်နေတာ ဖြစ်ပါတယ်။ အမေရိကန်ပြည်အတွက်လည်း အကျိုးမရှိသလို နိုင်ငံတကာအတွက်လည်း အကျိုး မရှိပါဘူး။ သူဆောင်ရွက်သမျှဟာ အမေရိကန်ပြည်သူတွေနဲ့ နိုင်ငံတကာက ပြည်သူတွေအတွက် ကူညီစောင့်ရှောက်ကာကွယ်မှု အဆင့်အတန်း ရှုထောင့်ကနေ ဘယ်လိုမှ အချိုးမပြေဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ အာဏာကို အလွဲသုံးစားလုပ်နေတဲ့ အစိုးရခေါင်းဆောင်တဦး လုပ်နေတာထဲမှာ ကောင်းကွက်လေးတကွက်တော့ ကိုယ့်အတွက် ပါတယ်လို့ ယူဆနေရင် ယုံကြည်နေရင် အဲသည်လူသည် အာဏာရှင်အားပေးသူ ထောက်ခံသူ၊ မင်းအောင်လှိုင်လိုလူမျိုးကို ကြိတ်ပြီး ကြည်ညိုလေးစား ဝပ်တွားနေသူ မျှသာ ဖြစ်ပါတယ်။

ထရန့်အစိုးရတက်လာပြီးကတည်းက သူ့ခန့်တဲ့ ဝန်ကြီး (အတွင်းဝန်တွေ)က အစိုးရဝန်ထမ်းတွေကို အလုပ်ဖြုတ်ပစ်ပြီးပါပြီ။ အစိုးရဘတ်ဂျက်ငွေတွေကို ရုတ်သိမ်းလိုက်တဲ့အတွက် လူသားစာနာကူညီမှု၊ သတင်းအချက်အလက် ဖြန့်ချိမှု၊ ကျန်းမာရေး ပညာရေး သုတေသန လူမှုရေး အထွေထွေ အားပေးထောက်ခံ ရန်ပုံငွေတွေလည်း မရှိတော့ပါဘူး။ စီးပွားရေး ကုန်သွယ်ရေးမှာလည်း သွင်းကုန် ထုတ်ကုန်ခွန်တွေ ကမောက်ကမ မတန်တဆ ဖြစ်အောင်လုပ်ထားတဲ့အတွက် လုပ်ငန်းတွေ စီးပွားကုန်သွယ်ရေးတွေဟာ ရေမနစ်ရုံ ကိုယ်ဖော့ပြီး မြောနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ အဲသည်လိုတိုင်းပြည်အခြေအနေမှာ သာသာယာယာပဲ ဆိုတာမျိုးကတော့ လက်ခံနိုင်စရာ မဟုတ်ပါဘူး။

ထရန့်သက်တမ်း ၄ နှစ် (အခု ၁ နှစ်က ကုန်တော့မယ်) အတွင်းမှာ ပြည်သူတွေ ဘယ်လိုမျိုး ရင်ဆိုင်ကြရမှာလဲ။ ထရန့်နဲ့ သူတို့အပေါင်းအပါတွေ တိုင်းပြည်ကြီး ပျက်စီးနိမ့်ပါးအောင် လုပ်တာမှန်သမျှ ဆန့်ကျင် ကန့်ကွက်ပြီး တုန့်ပြန်ရမှာပါ။ တရားဥပဒေ ဘောင်တွင်းကနေ နိုင်နိုင် ရှုံးရှုံး တရားတဘောင်နဲ့ ပြန်လှန် စွဲဆိုရမှာပါ။ ထရန့် ထောက်ခံသူမှန်သမျှ နောက် ဘယ်ရွေးကောက်ပွဲကမှ တက်မလာနိုင်အောင် ကိုယ့် အသည်းကြားက မဲတပြားနဲ့ တိုက်ထုတ်ပစ်ရမှာ ဖြစ်ပါတယ်။ ထိခိုက်နစ်နာရတဲ့ ပြည်သူတွေဘက်ကနေ အားပေကူညီ စောင့်ရှောက် ရပ်တည် ပေးရမှာ ဖြစ်ပါတယ်။ ထရန့်ဖျက်ဆီးလိုက်တာမှန်သမျှ စာရင်းလုပ်ထားပြီး နောက် ဒီမိုကရက်အစိုးရတက်လာရင် ပြန်တည်ဆောက် ကြရမှာ ဖြစ်ပါတယ်။ အစွန်းရောက်တွေ ဖြန့်ချိတဲ့ ဘာသာရေး လူမျိုးရေး အသားအရောင် အယူအဆစွဲ ဂျင်းတွေ မှန်သမျှကို နားမယောင်ဘဲ ဖယ်ရှား ပစ်ရမှာ ဖြစ်ပါတယ်။

အကြားအမြင် ဗဟုသုတ ပြည့်စုံ ဖြန့်ကျက်မှု မရှိအောင် ပိတ်ဆို့ တားဆီးပြီး ပြည်သူတွေကို မျက်စိပိတ် နားပိတ် ပါးစပ်ပိတ်ထားတာကို သီးခံနေကြဖို့ မဖြစ်နိုင်ပါကြောင်း အကျိုးမျှော်ပြီး နှိုးဆော်လိုက်ရပါတယ် ခင်ဗျား။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar