ကျော်မင်းထွန်း(NEW YORK) - အလန်းလွန်၊ အလွန်လန်းချင်ရင် အဝလွန်၊ အလွန်မဝစေနဲ့
ကျော်မင်းထွန်း(NEW YORK) - အလန်းလွန်၊ အလွန်လန်းချင်ရင် အဝလွန်၊ အလွန်မဝစေနဲ့
မိုးမခ ၊ အောက်တိုဘာ ၁ ၊ ၂၀၂၅
ကလေး၊ လူငယ်လူရွယ်၊ လူကြီး အရွယ်သုံးပါးလုံးရဲ့ ခေတ်စကားမှာ ရေပန်းစားနေတဲ့ ခေတ်ပေါ်ဘန်းစကားတခုက “အလန်းလွန်၊ အလွန်လန်း” တဲ့။
အဲဒီ “အလန်းလွန်၊ အလွန်လန်း” ရဲ့လားရာဆန့်ကျင်ဘက်စကားကတော့ “အဝလွန်၊ အလွန်ဝ” ပေါ့။ ဘယ်သူမဆို အလန်းလွန်၊ အလွန်လန်းချင်၊ လှချင်ပချင် နုပျိုချင်ကြမှာပါ။ ဘယ်သူမှ အဝလွန်၊ အလွန်ဝချင်ကြလိမ့်မယ်လို့ မထင်ပါဘူး။
အဲဒီတော့ - ဘယ်လိုလူကို အဝလွန်သူလို့ ခေါ်မလဲ။ ပါးဖောင်းဖောင်းလေးကိုလား။ ဝဝကစ်ကစ်လေးကိုလား။ ဗိုက်ပူ၊ ချက်စူနေတဲ့ ဖက်တီးလေးလား။ ဘီယာဗိုက်နဲ့ အဆီပြန်ရွှဲနေသူလား။ ဖင်ကောက်ပြီး ရင်မောက်နေသူလား။ အဝလွန်ခြင်းရဲ့ အဓိပ္ပာယ်သတ်မှတ်ချက်က ဘာလဲဆိုတာ ဆန်းစစ်ကြည့်ဖို့ မကောင်းဘူးလား။
ပြီးတော့ - အဝလွန်တာဟာ ခန္ဓာကိုယ် အချိုးအစားမကျရုံ၊ အလှပျက်ရုံသက်သက်ပဲလား။ အဝလွန်ခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးတွေ၊ နောက်ဆက်တွဲ ပြဿနာတွေက ဘာလဲ။ လေ့လာဖို့ မကောင်းဘူးလား။
+ + +
ကဲ- လေ့လာကြည့်ကြရအောင်…
အဝလွန်ခြင်း၊ မလွန်ခြင်းကို ဆေးပညာမှာ “ခန္ဓာကိုယ်ထုထည်အညွှန်းကိန်း” Body Mass Index (BMI) နဲ့ စနစ်တကျ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ BMI ကို အရပ်အမြင့်(မီတာ) နှင့် ကိုယ်အလေးချိန်(ကီလိုဂရမ်) အပေါ် မူတည်ပြီး တိုင်းတာပါတယ်။
ပုံမှာ တွေ့ရသလို BMI ၁၈.၅ နဲ့ ၂၄.၉ ဟာ ပုံမှန်ဖြစ်ပြီး ကျန်းမာရေးကောင်းနေသူလို့ ခန့်မှန်းနိုင်ပါတယ်။ မှတ်ရလွယ်အောင် ကိုယ့်ရဲ့ BMI ကို ၁၈ နဲ့ ၂၅ ကြား ထိန်းထားလိုက်ရုံပါ။
BMI ၁၈ အောက် ကျဆင်းသွားရင်တော့ Underweight ဆိုပြီး သတ်မှတ်ထားလို့ ပိန်လွန်းသူ ဖြစ်သွားပါဦးမယ်။
BMI ၂၅ နဲ့ ၃၀ ကြားရှိသူကို ကိုယ်အလေးချိန်ပိုနေသူ (Overweight) လို့သတ်မှတ်ပြီး၊ BMI ၃၀ ကျော်သူကိုတော့ အဝလွန်သူ (Obesity) လို့ခေါ်ပါတယ်။
အဲဒီတော့ BMI ကို ဘာဖော်မျူလာနဲ့ ဘယ်လိုတွက်ချက်ရမလဲ? ဖော်မျူလာမေ့သွားလို့ပဲဖြစ်ဖြစ်၊ အလွတ်မကျက်နိုင်လို့ပဲဖြစ်ဖြစ် BMI calculater ကို Google မှာ ရှာလိုက်လို့ရပါတယ်။ အောက်ကပုံမှာ နမူနာဖော်ပြပေးထားပါတယ်။ မိမိအရပ်နဲ့ ကိုယ်အလေးချိန်ထည့်လိုက်ရုံပါပဲ။
BMI calculator နဲ့ မတွက်ချက်ချင်ဘူးဆိုလည်း Google မှာ BMI chart လို့ ထည့်လိုက်ရုံနဲ့ အဆင်သင့်တွက်ပေးပြီးသား BMI ဇယားထွက်လာပါလိမ့်မယ်။ အောက်က ဇယားမှာကြည့်ပါ။
ကိုယ့် BMI ဟာ အစိမ်းရောင်နေရာမှာ ရှိနေရင် ကိုယ်ဟာကျန်းမာနေသူပါ။ အပြာရောင်ဆိုရင် ပိန်လွန်းသူ။ အဝါရောင်ဆိုရင် အလေးချိန် ပိုနေသူဖြစ်ပြီး လိမ္မော်ရောင် ဆိုရင် အဝလွန်သူ ဖြစ်ပါတယ်။ အနီရောင်ထဲရောက်နေရင်တော့ ကျန်းမာရေး အလွန်စိုးရိမ်ရတဲ့ (Morbidly obese) အလွန့်အလွန်ဝနေသူပါ။
မိမိခါးပတ်အရှည်ဟာလည်း ခန္ဓာကိုယ်အဆီကို ခန့်မှန်းနိုင်တဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။
အမျိုးသမီးများအတွက် ခါးစည်းခါးပတ် ၃၅ လက်မ၊ အမျိုးသားများအတွက် လက်မ ၄၀ ကျော်ရင် အဝလွန်ရောဂါ နောက်ဆက်တွဲပြဿနာတွေ ဖြစ်နိုင်ခြေများနေပြီလို့ ကောက်ချက်ချနိုင်ပါတယ်။
အဲဒီတော့ ဘာဖြစ်လို့ အဝလွန်နေကြတာလဲ။ အဝလွန်ခြင်း အကြောင်းရင်းကဘာလဲဆိုတာ လေ့လာကြည့်ရအောင်…
ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ ရေ၊ အဆီ၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များဖြင့် ဖွဲ့စည်းထားပါတယ်။ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေကနေရတဲ့ စွမ်းအင်တွေဟာ ခန္ဓာကိုယ်က အသုံးပြုတာထက် ပိုများနေတဲ့အခါ ပိုလာတဲ့ကယ်လိုရီတွေကို အဆီအဖြစ်ပြောင်းလဲသိုလှောင်ထားပါတယ်။ ဒါကြောင့် အဝလွန်ခြင်းဆိုတာ ခန္ဓာကိုယ်မှာ အဆီများလွန်းနေတာကို ဆိုလိုပါတယ်။
အဝလွန်းခြင်း အကြောင်းရင်းရဲ့ —
(၁) ပထမအချက်က မျိုးရိုးဗီဇပါ။
ကိုယ့်မိသားစုထဲမှာ ကိုယ်အလေးချိန် ပုံမှန်ထက်များသူတွေ ရှိနေရင် ကိုယ့်မှာလည်း အဝလွန်တာ၊ ကိုယ်အလေးချိန်များတာ ဖြစ်နိုင်ခြေများပါတယ်။ မိသားစုဝင်များမှ ဆင်းသက်လာတဲ့ မျိုးရိုးဗီဇဟာ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးပုံအပေါ် သက်ရောက်မှုရှိနေကြောင်း ဆေးသုတေသီတွေက ယုံကြည်တွေ့ရှိထားပါတယ်။
(၂) ဒုတိယအချက်က နေထိုင်စားသောက်တဲ့ ပုံစံပါ။
မိသားစု ဆိုတာ တအိမ်တည်း အတူတူနေကြတာမို့ နေ့စဉ် အတူစားတဲ့ အစားအသောက်ပုံစံ၊ နေထိုင်မှုပုံစံတွေပါ တူနေလို့လည်း ဖြစ်နိုင်ပါတယ်။ စားသောက်တဲ့အခါ ကယ်လိုရီများတဲ့ အစားအစာတွေ၊ Donut လို ချိုရဲနေတဲ့ မုန့်တွေ၊ ကိုကာကိုလာလို ပက်စီလို အချိုရည်တွေ၊ အသင့်စား (Ready-made food) အမြန်စား(Fast food) တွေ အစားများပြီး အသီးအနှံ၊ ဟင်းသီးဟင်းရွက်အစားနည်းတာ၊ ပြီးတော့ - ဟင်းချက်တဲ့အခါ ပြုတ်တာ၊ ပေါင်းတာမျိုးတွေထက် ဆီများများထည့်ချက်တာမျိုးတွေက အဝလွန်စေတဲ့ တရားခံအကြောင်းတွေ ဖြစ်ပါတယ်။
(၃) တတိယအချက်က ကိုယ်လက်လှုပ်ရှားမှု နည်းလာလို့ပါ။
နည်းပညာခေတ်ကြီးမှာ နည်းပညာ(Technology) တိုးတက်လာတာနဲ့အမျှ Laptop တွေ၊ Smart ဖုန်းတွေ အသုံးများလာပါတယ်။ Online ကနေ အလုပ်လုပ်သူတွေ၊ ရုံးသွားစရာမလိုဘဲ အိမ်ကနေအလုပ်လုပ်သူတွေဟာ လှုပ်ရှားသွားလာ လမ်းလျှောက်စရာ နည်းသွားပါတယ်။ ကိုယ့်အိမ်မှာဆိုတော့ အလုပ်လုပ်ရင်း အလွယ်တကူ ယူစားဖို့ပဲ စိတ်ရောက်နေတတ်ပါတယ်။ လုပ်ရင်းစားရင်းနဲ့ ပိုစားမိသွားပါတယ်။ “မျက်စိအကျင့် ဝမ်းအချင့်” ဆိုသလို ကျွန်တော်တို့အစာအိမ်က ပိုစားပေးဖို့ ဆန္ဒပြလာအခါ အရင်ထမင်းတပန်းကန် စားနေကျသူဟာ သုံးပန်းကန် စားရမှ တင်းတိမ်ပါတယ်။ အဲဒီလို စိတ်အာသာပြေအောင် စားရင်းသောာက်ရင်းနဲ့ပဲ အဝလွန်၊ အလွန်ဝလာကြပါတယ်။
(၄) နောက်တချက်က လေ့ကျင့်ခန်းလုပ်ခြင်းပါ။
တိုက်ခန်းကျဉ်းကျဉ်းလေးတွေနဲ့နေရတဲ့ နယူးယောက်လိုမြို့ကြီးတွေမှာ လေ့ကျင့်ခန်းလုပ်ဖို့နေရာ လုံလုံလောက်လောက် မရှိတာတွေကလည်း ကိုယ်အလေးချိန်တက်စေဖို့ အကြောင်းတခု ဖြစ်နေပြန်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ ပစ္စည်းအစုံအလင်နဲ့ GYM အခန်းပါတဲ့ ခေတ်မီကွန်ဒိုတိုက်ခန်းတွေက ဈေးကြီးလွန်းတော့ အများစု မငှားနိုင်၊ မဝယ်နိုင်၊ မနေနိုင်ကြပြန်ဘူး။ အစိုးရ ဆောက်ပေးထားတဲ့ ပန်းခြံတွေရှိပေမယ့် မြို့လူဦးရေနဲ့ အချိုးအစား မမျှပြန်ဘူး။ မြို့ကြီးတွေဆိုတာ လမ်းလျှောက်ရင်တောင် လူချင်းမတိုက်မိအောင် သတိထားနေရတာ မဟုတ်လား။
(၅) ဝစေနိုင်တဲ့ ဆေးဝါးများ။
ဥပမာ - ပန်းနာရင်ကျပ် (Asthma) ရောဂါရှိသူ၊ အဆစ်ရောင်ရောဂါရှိသူတချို့ သောက်ရတဲ့ စတီးရွိုက် (Steriod) ဆေးများနဲ့ စိတ်ကျရောဂါ (Depression) ကုသဆေး (Antidepressant) တွေရဲ့ဘေးထွက်ဆိုးကျိုး (Side effect) ကြောင့်လည်း ကိုယ်အလေးချိန် တိုးလာတတ်ပါတယ်။
(၆) နောက်တချက်က အိပ်ရေးပျက်ခြင်းပါ။
ယခုခေတ်မှာ နေ့ဆိုင်း ညဆိုင်း (Day shift, Night shift) အလုပ်တွေ များလာပါတယ်။ ဆေးရုံဝန်ထမ်းများ၊ ဆရာဝန်များ၊ နာ့စ်များလည်း Night duty အလှည့်ကျလုပ်ရပါတယ်။
ဘယ်သူမဆို ပုံမှန်အိပ်ရမယ့်အချိန် အိပ်မှသာ ခန္ဓာကိုယ်ယန္တရားက ပုံမှန်ဖြစ်မှာပါ။ အိပ်ရမယ့်အချိန်မှာ မအိပ်ရဘဲ တညလုံးအလုပ်လုပ်ရတဲ့အခါ နေ့နဲ့ည ပြောင်းပြန်ဖြစ်သွားလို့ ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေလည်း ကပြောင်းကပြန်ထွက်လာပြီး အစားစားချင်စိတ်ကို များစေပါတယ်။ တဖြည်းဖြည်းနဲ့ Food craving ဖြစ်ကာ ကိုယ်အလေးချိန်တက်လာပါတော့တယ်။
(၇) နောက်ဆုံးတချက်က စိတ်ဖိစီးမှု (Stress) များခြင်းပါ။
“အသက်တရာမနေရ၊ အမှုတရာပွေရ” ဆိုသလို စီးပွားရေးသောက၊ လူမှုရေးသောက၊ အိမ်ထောင်ရေးသောက စတဲ့ သောကပေါင်းစုံနဲ့ ကျင်လည်ရှင်သန်နေရတဲ့ ခေတ်ကြီးမှာ စိတ်ဒဏ်ရာခံစားမှုတွေက မသိမသာဖြစ်စေ၊ သိသိသာသာဖြစ်စေ မြို့နေလူများ ပိုခံစားရတတ်ပါတယ်။ ဖြစ်ချင်တာ မဖြစ်ရ၊ မဖြစ်ချင်တာဖြစ်ရတဲ့ ဘဝမှာ Depression လိုစိတ်ကျဝေဒနာဖြစ်လာရင် ဟော်မုန်းတချို့ (Stress hormones ဥပမာ- Cortisol) ထွက်လာပြီး တွေ့ရာအစားအစာတွေကို မဆင်မခြင်စားချင်စိတ်ဖြစ်စေကာ ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။
ကိုယ်ခန္ဓာဖွဲ့စည်းမှုမှာ သဘာဝအားဖြင့် အမျိုးသမီးများမှာ အမျိုးသားများထက် အဆီတစ်သျှူး (Adipose tissue) ပိုများလေ့ရှိပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများနဲ့ သွေးဆုံးပြီးတဲ့(Menopause) မိန်းမများမှာ ဟော်မုန်းအပြောင်းအလဲကြောင့် ကိုယ်အလေးချိန်တိုးလာလေ့ရှိပါတယ်။
အဲဒီတော့ ကိုယ်အလေးချိန် ထိန်းဖို့ ဘာတွေ လုပ်ကြမလဲ?
အဖြေက လွယ်ပါတယ်။ အပေါ်က အချက် ၇ ချက်ကို ပြုပြင်လို့ရတာ ပြုပြင်ပေးရုံပါပဲ။ ကျန်းမာရေးလေ့ကျင့်ခန်း ပုံမှန်လုပ်ပေးမယ်။ လစဉ်ကြေး၊ နှစ်စဉ်ကြေး ပေးရတဲ့ GYM သွားမှ လုပ်လို့ရတာ မဟုတ်ပါဘူး။ မိမိအိမ်မှာ၊ တိုက်ခန်းလေးမှာ၊ အလုပ်မှာ အလွယ်တကူလေ့ကျင့်ခန်းလုပ်လို့ရပါတယ်။ မိမိအိမ်မှာ ခြံဝင်းလေးရှိရင် ခြံထဲဆင်းပြီး လမ်းလျှောက်တာ၊ ကွန်ဒိုတိုက်ခန်းမှာနေသူတွေ ဆိုရင် ဓာတ်လှေကားအစား ရိုးရိုးလှေကားသုံးပြီး အတက်အဆင်း လုပ်တာ၊ နီးနီးနားနား တစ်နေရာ သွားရင် ဘတ်စ်ကားမစီးဘဲ လမ်းလျှောက်တာ၊ မနီးမဝေး ဟိုနားဒီနား သွားတဲ့အခါ မြေအောက်ရထား(Subway) မစီးဘဲ စက်ဘီးစီးသွားတာမျိုးတွေ လုပ်ပေးလို့ရပါတယ်။
မြို့ကြီးပြကြီးရဲ့ တိုက်ခန်းကျဉ်းကျဉ်းလေးမှာ ငှားနေရလို့ နေရာများများစားစား မရှိရင်လည်း ယောဂဖျာလေးတစ်ချပ် ရှိရုံနဲ့ ယောဂ(Yoga) လေ့ကျင့်ခန်းတွေ လုပ်လို့ အဆင်ပြေပါတယ်။ စိတ်ဖိစီးမှု ဟော်မုန်းထွက်တာ နည်းအောင် အဲဒီဖျာလေးပေါ်မှာပဲ ကမ္မဋ္ဌာန်း (Insight Meditation) အားထုတ်လို့ရပါတယ်။
ကျန်းမာရေးအတွက် သင့်တော်တဲ့ အော်ဂန်းနစ် (Organic) အစားအစာတွေ တတ်နိုင်သလောက် စားပေးပါ။ ကယ်လိုရီများတဲ့ အစားအစာတွေ၊ အချိုရည်တွေ ရှောင်နိုင်သလောက် ရှောင်ပေးပါ။ အဖျော်ယမကာတွေအစား ရေသောက်တာက မိမိအစာအိမ်ကို ပြည့်ဝတယ်လို့ ခံစားရစေပြီး အစားလွန်တာကို တားဆီးနိုင်ပါတယ်။
အစားစားချိန်မှာ အစားကိုပဲ အာရုံစိုက်ပြီး (Mindful eating) ဖြည်းဖြည်းစားပေးပါ။ အစားစားနေတုန်း ဖုန်းသုံးတာ၊ Laptop သုံးတာ၊ TV ကြည့်တာမျိုးတွေက ကိုယ် ဘယ်လောက် စားမိလဲဆိုတာ သတိမထားမိဘဲ ဗိုက်ပြည့်လို့ ပြည့်မှန်း မသိလိုက်ဘဲ လိုတာထက် ပိုစားမိစေနိုင်ပါတယ်။
အမေရိကန်နိုင်ငံမှာ နှစ်စဉ် သေဆုံးမှုပေါင်း (၁၈၀,၀၀၀) ကျော်ဟာ အဝလွန်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ အထူးသဖြင့် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ရောဂါ (Ischemic stroke) ဆီးချိုရောဂါ၊ အသက်ရှူခက်ခဲတဲ့ Obstructive sleep apnea (OSA) သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာတွေ ဖြစ်စေလို့ပါပဲ။
ပိုနေတဲ့ အလေးချိန်က အရိုးတွေ၊ အဆစ်တွေ၊ ကြွက်သားတွေ လှုပ်ရှားရတာကိုလည်း အရမ်းခက်ခဲစေပါတယ်။ သည်းခြေကျောက်တည်ခြင်း (Gall stone) ကိုလည်း ဖြစ်စေနိုင်ပါတယ်။
အမှတ်တမဲ့ သတိမထား၊ ဂရုမစိုက်မိရင် အသက်အန္တရာယ်ပါရှိနိုင်တဲ့ အဝလွန်ခြင်းပြဿနာကို ဘယ်လို ကာကွယ်ဖြေရှင်းရမလဲ ဆိုတာ အပေါ်မှာ ရှင်းပြပြီးပါပြီ။ စပါးလုံး ကောက်ရလွယ်အောင် ဆန်ပြာတဲ့အခါ စပါးလုံး ဆိုတာ ချက်စားဖို့မဟုတ်ဘူးဆိုတဲ့ အသိတော့ရှိရမှာပါ။ စားသင့်တာနဲ့ မစားသင့်တာ ခွဲခြားလိုက်နာရမှာပါ။ ဝိတ်ကျဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပေမယ့် ဝိတ်ကျချင်စိတ်ရှိဖို့က အဓိကပါ။ တကယ် ဝိတ်ကျချင်စိတ်ရှိရင် ဝိတ်ကျသွားမှာပါ။
ဆေးပညာမှာ အဝလွန်ခြင်းကို အစားအသောက်နှင့် လေ့ကျင့်ခန်းအပါအဝင် လူနေမှုပုံစံ (Lifestyle) ပြောင်းလဲခြင်းဖြင့် ကုသလေ့ရှိကြပါတယ်။ ဒီအဆင့်နဲ့ မအောင်မြင်ပါမှ ကိုယ်အလေးချိန်ကျစေသောဆေးဝါးများ (FDA-approved weight-management medicines)ကို ဆရာဝန်များ ညွှန်ကြားပေးပါတယ်။ လူနာတဦးချင်းစီပေါ် မူတည်လို့ ဘယ်ဆေးနဲ့ ဘယ်လူနာသင့်လျော်မှု ရှိ၊ မရှိကို ဆရာဝန်က ဆုံးဖြတ်ရပါမယ်။ သောက်ဆေး၊ ထိုးဆေးတွေနဲ့ မအောင်မြင်သေးပါက ခွဲစိတ်မှု (Bariatric surgery) လုပ်ဖို့ ခွဲစိတ်ဆရာဝန်ဆီ လွဲပြောင်းပေးပါလိမ့်မယ်။
+ + ++
နိဂုံးချုပ် ခေတ်စကားနဲ့ပြောရရင် ကျန်းမာသန်စွမ်းပြီး “ဖလန်း ဖလန်း”ထနေချင်ရင်၊ “အလန်းလွန်၊ အလွန်လန်း” ချင်ရင် BMI ကို ပုံမှန် ၁၈ နဲ့ ၂၅ ကြား ထိန်းထားကြပါ။ အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ လန်းလန်းဆန်းဆန်း ကံ့ကော်ပန်းလေးတွေ ဖြစ်နေချင်သေးရင်ပေါ့။ ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar