Breaking News

ရွေးကောက်ပွဲကို ထောက်ခံကူညီကြမယ့် ကရင်လက်နက်ကိုင် ၃ ဖွဲ့

မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၁ မြင်ကွင်း

မိုးမခ ၊ အောက်တိုဘာ ၂၊ ၂၀၂၅

ရွေးကောက်ပွဲကို ထောက်ခံကူညီကြမယ့် ကရင်လက်နက်ကိုင် ၃ ဖွဲ့

ကရင်ပြည်နယ် ကော့ကရိတ်၊ မြဝတီ၊ လှိုင်းဘွဲ မြို့နယ်တွေမှာ အခြေစိုက်ကြတဲ့ ကရင်လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့က စက်တင်ဘာ ၂၈ ရက်နေ့မှာ မြဝတီမြို့နယ်ထဲက သေ့ကတေ ကျေးရွာမှာတွေ့ဆုံဆွေးနွေးကြပြီး အာဏာသိမ်း စစ်တပ်က ကမကထ လုပ်ကာ ကျင်းပမယ့် ရွေးကောက်ပွဲကို ပူးပေါင်းကာကွယ်ပေးသွားကြဖို့ သဘောတူလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။ 

ပူးပေါင်းကာကွယ်ပေးသွားမယ်လို့ ကြေညာတဲ့ လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့က စောချစ်သူ ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်ကနေ KNA လို့ အမည်ပြောင်းထားတဲ့ လက်နက်ကိုင် အဖွဲ့၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် DKBA နဲ့ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNU/KNLA (PC) တို့ပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့ ၃ ဖွဲ့ အနက် စောချစ်သူဦးဆောင်တဲ့နယ်ခြားစောင့်တပ် BGF လက်နက်ကိုင် အဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးအရှိန်နဲ့အတူ ကရင်ပြည်နယ်မှာ KNU/KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ စစ်ရေးအသာ စီးရလာချိန် ၂၀၂၄ ခုနှစ်ဆန်းပိုင်းကာလတွေတုန်းက ဆယ်စုနှစ်နဲ့ချီသစ္စာခံလာတဲ့ စစ်တပ်နဲ့ လမ်းခွဲမယ့်အသွင်မျိုးပြသလာပြီး လက်နက်ကိုင်အဖွဲ့နာမည်ကိုလည်း BGF အစား Karen National Army အဖြစ် ပြောင်းလဲလိုက်ကြောင်း ကြေညာခဲ့ကြပါတယ်။ သို့ပေမယ့် မြဝတီမြို့အနီးက သင်္ဃန်းညီနောင် ဗျူဟာနဲ့ အနီးတဝိုက်ကတပ်ရင်းတွေကို KNU/KNLA က တိုက်ခိုက်သိမ်းယူစဥ် အာဏာသိမ်း စစ်တပ်ဘက်က ဆိုးဆိုးရွားရွားထိခိုက်နစ်နာမှုမရှိအောင် ကြားခံအနေနဲ့ဝင်ရောက်ပြီး နယ်မြေ တပ်ရင်းစခန်းတချို့ကို နေရာဝင်ယူခဲ့တာဖြစ်ပါတယ်။ အဲဒီကာလကစလို့ မကြာမီကာလအထိ မြဝတီမြို့ လုံခြုံရေးကိုလည်း BGF တပ်ဖွဲ့တွေကတာဝန်ယူခဲ့ပြီး အာဏာသိမ်းစစ်တပ်ရဲ့ အရပ်ဖက်ဌာနအချို့က နယ်စပ်ကုန်သွယ်ရေးစခန်း၊ ဂိတ်တွေကို ဆက်လက်စီမံခန့်ခွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

တနည်းအားဖြင့် BGF အနေနဲ့ အာဏာသိမ်းစစ်တပ်နဲ့ အပြီးအပြတ်လမ်းခွဲကြတဲ့သဘောမဟုတ်ဘဲ ၁၀၂၇ စစ်ဆင်ရေးအရှိန်အမြင့်ဆုံးကာလမှာ ခပ်ခွာခွာနေခဲ့တဲ့သဘောသာဖြစ်တယ်လို့ ခုနေအခါမှာ ကောက်ချက်ချနိုင်ပြီ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က စစ်ရေးပိုင်းမှာ ပြန်လည်လှုပ်ရှားလာနိုင်ချိန်မှာ KNU/KNLA တို့နဲ့ ဆက်ဆံရေး၊ အခြားနွေဦးတော်လှန်ရေးအဖွဲ့တွေနဲ့ဆက်ဆံရေး အသွင်ပြောင်းလဲခဲ့ပြီး အခုလို ရွေးကောက်ပွဲကိုကာကွယ်ထောက်ခံပေးဖို့ဆုံးဖြတ်ကြောင်း လူသိရှင်ကြား ကြေညာ လာကြတာ ဖြစ်ပါတယ်။ 

DKBA အဖွဲ့အနေနဲ့လည်း ၄င်းတို့နယ်မြေပေး၊ လက်နက်ကိုင်တပ်နဲ့အကာအကွယ်ပေးပြီး ကြီးမားတဲ့ ငွေကြေးအခွန်အကောက်၊ ခံစားခွင့်ရနေတဲ့ကျားဖြန့်ကိစ္စတွေနဲ့ပတ်သက်လို့ အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ ဖိအားတွေကိုရင်ဆိုင်ရာမှာ စစ်ကော်မရှင်ရဲ့အကာအကွယ်၊ အပေးအယူလုပ်ဖို့ ရည်ရွယ်ချက်ကြောင့် အခုလို ရွေးကောက်ပွဲကိုထောက်ခံမယ့်သဘောလို့ ယူဆရပါတယ်။ 

စောချစ်သူဦးဆောင်တဲ့ BGF/KNA အဖွဲ့ဟာလည်း ကျားဖြန့်လုပ်ငန်းတွေကို အကာအကွယ်ပေးထားတာနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံနဲ့ အခြားသောနိုင်ငံတကာ အစိုးရတွေရဲ့ပိတ်ဆို့မှု အရေးယူမှုတွေကို ရင်ဆိုင်ရာမှာ စစ်တပ်ရဲ့ကျောထောက် နောက်ခံပြုမှုလိုအပ်တယ်လို့ ယူဆထားကြပုံရပါတယ်။ သမိုင်းကြောင်းနောက်ခံကိုကြည့်ရင် BGF/KNA, DKBA တို့ဟာ နိုင်ငံရေးရပ်တည်ချက်ထက်ခေါင်းဆောင်တွေရဲ့ကိုယ်ကျိုးစီးပွားတွေအတွက် လက်နက်ကိုင်တပ်ဖွဲ့ကို အသုံးချနေကြတဲ့အဖွဲ့တွေလို့ ကောက် ချက်ချနိုင်ပါတယ်။ 

တတိယတဖွဲ့ဖြစ်တဲ့ KNU/KNLA (PC) အဖွဲ့အနေနဲ့တော့ ကျားဖြန့်လုပ်ငန်းကို အကာအကွယ်ပေးတာ နယ်မြေအသုံးပြုခွင့်ပေးတာမျိုးကိစ္စရပ်တွေမှာပတ်သက်တာမတွေ့ရပါဘူး။ သို့ပေမယ် KNU/KNLA က ခွဲထွက်လာတဲ့ လက်နက်ကိုင်အဖွဲ့တဖွဲ့အနေနဲ့ ရပ်တည်နိုင်ရေးအတွက် ၄င်းတို့ထိန်းချုပ်နယ်မြေကိုဖြတ်သန်းသယ်ဆောင်တဲ့ကုန်စည်တွေအပေါ် အခွန်ကောက်ခံတာမျိုးနဲ့ ရပ်တည်နေရတဲ့အဖွဲ့ဖြစ်ပြီး နွေဦးတော်လှန်ရေးမှာ NUG, KNU/KNLA တို့နဲ့ပူးပေါင်းခြင်းမပြုဘဲ သီးခြားရပ် တည်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

အခုလို ကရင်လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့က ရွေးကောက်ပွဲကို ပူးပေါင်းကာကွယ်မယ်လို့ဆုံးဖြတ်ခဲ့ခြင်းအတွက် အာဏာသိမ်းစစ်ကောင်စီအဖို့တော့ ၄င်းအဖွဲ့တွေကို အသိအမှတ်ပြုကျေးဇူးတင်စရာ သို့မဟုတ် အပေးအယူတွေရှိနေနိုင်တယ်လို့မှန်းဆကြည့်ရပါတယ်။ 

၁၉၈၉ခုနှစ် နောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လက်နက်စွန့်စရာမလို နယ်မြေစွန့်လွှတ်စရာမလိုတဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုတွေလုပ်ခဲ့ပြီး ၂၀၀၈ အခြေခံဥပဒေအတည်ပြုပြီးနောက် ၂၀၀၉ မှာ နအဖ လို့ခေါ်တဲ့ သန်းရွှေဦးဆောင်တဲ့စစ်အစိုးရက အဆိုပါငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့တွေကို နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ ဖိအားပေးခဲ့ပါတယ်။ ကချင်မှာ NDAK၊ ရှမ်းတောင်မှာ PNO/PNA၊ ကရင်ပြည်နယ်မှာ DKBA၊ ကယားပြည်နယ်မှာ ကလလတအဖွဲ့တွေက နယ်ခြားစောင့်တပ်အဖြစ် အမည်ပြောင်းဖွဲ့စည်းကာ စစ်တပ်ရဲ့အမိန့်ပေးမှုစနစ်အောက် တစိတ်တပိုင်းထည့်သွင်းခဲ့တာဖြစ်ပါတယ်။ 

အဲဒီနောက် ၂၀၁၀ ရွေးကောက်ပွဲကျင်းပခဲ့ပြီး နယ်ခြားစောင့်တပ် အသွင်မပြောင်းတဲ့ ငြိမ်းချမ်းရေး လက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်တို့အကြား ဆက်ဆံရေးအေးစက်ခဲ့တာ ဖြစ်ပါတယ်။ 

အခု ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲအနေအထားကတော့ ၂၀၁၀ မတိုင်ခင်အနေအထားနဲ့ လုံးလုံးလျားလျားကွာခြားပြီး ဗဟိုအစိုးရ၊ စစ်တပ်က တိုင်းရင်းသားဒေသတွေမှာ ကောင်းစွာထိန်းချုပ်ထားနိုင်စွမ်းမရှိတဲ့အခြေအနေဖြစ်ပါတယ်။ တိုင်းရင်းသားဒေသမဟုတ်တဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ပဲခူး တိုင်းတို့လိုဒေသတွေမှာတောင် ရွေးကောက်ပွဲကို ပြည့်ပြည့်ဝဝကျင်းပနိုင်မယ့်အနေအထားမရှိဘဲ တိုင်းရင်းသားဒေသတွေမှာ ပိုမိုထိန်းချုပ် စိုးမိုးမှု နည်းပါးပြီး ရသလောက်မဲဆန္ဒနယ်တွေမှာသာ ကျင်းပနိုင်မယ့်အနေအထားဖြစ်ပါတယ်။ 

ဒီလိုစစ်ရေးအရရော နယ်မြေထိန်းချုပ်မှုအရပါ ပြည့်ပြည့်ဝဝမရှိတဲ့အခြေအနေအောက်မှာ ကျင်းပမယ့်ရွေးကောက်ပွဲအတွက် အာဏာသိမ်းစစ်ကောင်စီအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အကွဲကွဲအပြားပြားဖြစ်အောင် ၄င်းတို့ကိုမထောက်ခံသည့်တိုင် ကြားနေအောင်စည်းရုံးသိမ်းသွင်းမယ့်ဗျူဟာကို ကိုင်စွဲကျင့်သုံးနေမှာ အသေအချာပင် ဖြစ်ပါတော့တယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar