စောင့်ကြည့်နေကြတဲ့ ရှမ်းမြောက်က နောက်ဆုံး စစ်ရေးအခြေအနေနဲ့ သူတပြန် ကိုယ်တပြန် မြို့သိမ်းတိုက်ပွဲတွေ
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၃၀ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၂၅
စောင့်ကြည့်နေကြတဲ့ ရှမ်းမြောက်က နောက်ဆုံး စစ်ရေးအခြေအနေနဲ့ သူတပြန် ကိုယ်တပြန် မြို့သိမ်းတိုက်ပွဲတွေ
ခုရက်ပိုင်းအတွင်း သတင်းတွေမှာ ထိပ်တန်းသတင်း တနည်းအားဖြင့် အရေးပါတဲ့ သတင်းခေါင်းစဥ်တွေထဲမှာ ကျောက်မဲမြို့သိမ်းတိုက်ပွဲစစ်ရေးအခြေအနေသတင်းက အဓိကသတင်းအကြောင်းအရာ တခုဖြစ်နေပါတယ်။ နှစ်နဲ့ချီ နှစ်ဖက်ရင်ဆိုင်တိုက်ခိုက်နေခဲ့ကြတဲ့ တောင်းခမ်းကနေအနိုင်ရပြီးနောက်မှာ စစ်ကော်မရှင်တပ်တွေက နောင်ချိုမြို့ကို ပြန်သိမ်းဖို့ ကြိုးပမ်းခဲ့ရာက တအာင်းအမျိုးသားလွတ် မြောက်ရေး တပ်မတော် TNLA အနေနဲ့ နောင်ချိုမြို့ ကို လအနည်းငယ်အကြာမှာ လက်လွှတ်ခဲ့ရပါတယ်။ အဲဒီနောက် စစ်ကော်မရှင်တပ်တွေဟာ ရှမ်းမြောက်ရဲ့ ပြည်ထောင်စုကားလမ်းတလျှောက် နောက်တမြို့ဖြစ်တဲ့ ကျောက်မဲကို ဦးတည်ကာ ထိုးစစ်ဆင်လာနေရာမှာ စက်တင်ဘာ ၃၀ ရက်မှာတော့ မြို့နဲ့ တမိုင်အကွာထိရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ နောင်ချိုမြို့ကျပြီးနောက်မှာ နောင်ပိန်ရွာ၊ ခိုက်တုန်ဟုန်း စတဲ့ နောင်ချိုနဲ့ ကျောက်မဲအကြားက ရွာကြီးတွေ တရွာပြီးတရွာ မှာ ရင်ဆိုင်တိုက်ပွဲဖြစ်ရင်း TNLA အနေနဲ့ ဆုတ်ခွာခဲ့ကာ အခုနောက်ဆုံး စစ်ရေး အခြေအနေမှာတော့ ကျောက်မဲမြို့ကနေ ဆုတ်ခွာဖို့ ပြင်ဆင်နေရတဲ့ အနေအထားဖြစ်ပါတယ်။
ဒီနေ့ သတင်းတွေထဲမှာ ဖော်ပြကြတဲ့ အဓိကသတင်းက ကျောက်မဲမြို့ က အစိုးရရုံး၊ ကြံ့ခိုင်ရေးပါတီရုံး၊ မီးသတ်၊ ရဲစခန်း၊ စရဖရုံး စတဲ့နေရာတွေမှာမီးလောင်တဲ့သတင်းက အဓိကခေါင်းစဥ်ဖြစ်ပါတယ်။ စက်တင်ဘာ ၃၀ ရက်နေ့ခင်းမှာ မီးလောင်ကျွမ်းတဲ့ ဗီဒီယို ကလစ်တွေလည်း ယမန်နေ့ မွန်းလွဲပိုင်းကတည်းက လူမှုကွန်ရက်မီဒီယာတွေမှာပျံ့နှံ့လာနေပြီး သတင်းဓါတ်ပုံတွေလည်း ထွက်ပေါ်လာပါတယ်။ မီးသတ်ရုံး အဆောက်အဦ မီးလောင်နေတဲ့သတင်းဓါတ်ပုံ၊ လမ်းထောင့်က အဆောက်အဦတခု မီးလောင်နေတာကို နေအိမ်တွေကိုမီးကူးမှာစိုးရိမ်ပြီးစောင့်ကြည့်နေကြတဲ့ ကျောက်မဲမြို့ခံတချို့လည်း အဆိုပါ ဗီဒီယိုမှာတွေ့မြင်ရပါတယ်။
စစ်ပွဲတွေမှာ မြို့တွေက ဆုတ်ခွာရင် တဖက်ရန်သူက အဆိုပါနေရာ ၊ အသုံးအဆောင်၊ အဆောက်အဦ တွေကို အသုံးချခြင်း မပြုနိုင်အောင် မြေလှန်ပြီး ဆုတ်ခွာကြတာမျိုးလည်းလို့လည်း ယေဘုယျအားဖြင့် ကောက်ချက်ချနိုင်ပါတယ်။ ယခု မီးလောင်ကျွမ်းတဲ့ နေရာအားလုံးဟာ မြို့အုပ်ချုပ်ရေး၊ မီးသတ်၊ စစ်တပ်ရဲ့ လက်ဝေခံ ကြံ့ခိုင်ရေးပါတီရုံး တန်းလျား စတာတွေဖြစ်လို့ မြို့က ဆုတ်ခွာမယ့် TNLA က မြေလှန်ခဲ့တာလို့ အများက ယူဆကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် အချို့သောသတင်းမီဒီယာတွေမှာတော့ စစ်ကော်မရှင်တပ်ဘက်က မီးလောင်ဗုံးတွေချလို့ ဒီနေရာတွေ မီးလောင်ကျွမ်းရတာဆိုတာမျိုး ရေးသားဖေါ်ပြကြပြီး အချို့သတင်းမီဒီယာတွေက မီးလောင်ရတဲ့အကြောင်းရင်းကိုဖေါ်ပြခြင်းမရှိဘဲ ကျောက်မဲမြို့နေရာအချို့မှာ မီးလောင်နေတဲ့ အကြောင်းကိုသာသတင်းအဖြစ် ဖေါ်ပြထားကြတာ တွေ့ရပါတယ်။ အချို့ သတင်းဌာနတွေမှာတော့ မီးလောင်ရတဲ့အကြောင်းရင်းနဲ့ပတ်သက်လို့ မြို့ခံ အချို့ရဲ့ ပြောဆိုမှုအရ ရှို့မီးဖြစ်ကြောင်း ဖေါ်ပြထားကြပါတယ်။
မီးသတ်ရုံးမီးလောင်နေတဲ့သတင်းဓါတ်ပုံမှာလည်း ဗုံးကျတာပေါက်ခွဲမှုကြောင့် ခေါင်မိုးတွေအဆောက်အဦအပျက်အစီးလိုမျိုး မတွေ့ရဘဲ အဆောက်အဦအောက်ထပ်က မီးသတ်မော်တော်ယာဥ် တစီးမီးလောင်နေတာ နောက်ဘက်က အဆောက်အဦ မီးစွဲလောင်နေတာမျိုးသာ တွေ့ကြရတာဖြစ်ပါတယ်။
မြို့သိမ်းတိုက်ပွဲတွေ ဖေါ်ဆောင်ကြတဲ့အခါ မြို့ခံတွေထဲက ရှောင်တိမ်းဖို့ ခက်ခဲတဲ့ အရပ်သားတွေ ထိခိုက်သေဆုံးတာ၊ တခါတရံ လက်နက်ကိုင် အဖွဲ့တွေက သံသယနဲ့ ရိုက်နှက်တာ၊ သတ်ဖြတ်တာတွေ အထိ ကြုံရလေ့ရှိသလို မြို့ခံအများအပြား မြို့ကနေ စွန့်ခွာသွားချိန်မှာ လူနေအိမ်တွေ ပစ္စည်းဖျက်ဆီးခံရတာ၊ ဖောက်ထွင်းယူဆောင်ခံရတာနဲ့ အထက်ကလို မီးလောင်မှုကြောင့် နေအိမ်ပျက်စီးဆုံးရှုံးမယ့်အရေးကို ကာကွယ်လို့ ရလိုရညား ကျန်နေရစ်ခဲ့တဲ့ မြို့ခံတွေလည်း ရှိကြပါတယ်။ ဗန်းမော်လို မြို့မှာ နေထိုင်သူ အားလုံး စွန့်ခွာရတဲ့မြို့လည်း ရှိသလို မြို့သိမ်းတိုက်ပွဲ ဖြစ်နေတဲ့တိုင် အိမ်တွေ ပိုင်ဆိုင်မှုတွေကို စောင့်ဖို့ နေရစ်ခဲ့ကြတဲ့ မြို့တွေလည်း ရှိပါတယ်။ ဥပမာအားဖြင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားနေတဲ့ ကာလမှာ မြို့ခံအချို့ က အန္တရာယ်ကြားထဲမှာပဲ ဆက်လက်နေထိုင်နေခဲ့ကြတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၄ နှစ်ကျော်ကာလအတွင်း ၂၀၂၃ ခုနှစ်က စလို့ တော်လှန်ရေးအင်အားစုတွေက စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့တွေနဲ့ တပ်စခန်း၊ စစ်ဆင်ရေးဌာနချုပ်၊ တိုင်းစစ်ဌာနချုပ်တွေသိမ်းယူလာခဲ့ရာမှာ မြို့ ၁၀၀ ကျော်အထိ ရောက်ရှိခဲ့ရာကနေ ယခုနှစ်ထဲမှာတော့ ၁၀ မြို့ဝန်းကျင် ပြန်လည်လက်လွှတ်ခဲ့ရပြီး ၉၀ ကျော်ကျန်ရှိတဲ့အနေအထားဖြစ်ပါတယ်။
အခု ကျောက်မဲမြို့အဖြစ်အပျက်က တော်လှန်ရေးအင်အားစုတွေနဲ့ အာဏာသိမ်း စစ်ကော်မရှင်တပ်တွေ တပြန်တလှန်မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနေကြတဲ့အဖြစ်က မြို့တွေကို မှီခိုနေထိုင်ကြတဲ့ ပြည်သူ လူထုတွေအဖို့ ထိခိုက်သေဆုံးဒဏ်ရာရမှု၊ ပိုင်ဆိုင်မှု၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနဲ့ အရင်းအနှီး ဆုံးရှုံးမှုတွေနဲ့ ရင်းနှီးခဲ့ရတာတွေက တော်လှန်ရေးအတွက် အကျိုးရှိရဲ့လားဆိုတဲ့ သံသယနဲ့ စိတ်ပျက် အားလျော့ခြင်းတွေကို ဖြစ်ပေါ်စေနိုင်တာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေမှာ စစ်ပွဲတွေရဲ့အကျိုးဆက်ကို တိုက်ပွဲဖြစ်ပွားရာ ဒေသက လူထုအနေနဲ့အနာဂတ်မျှော်လင့်ချက်နဲ့ကြိတ်မှိတ်ခံစားခဲ့ကြပြီး ထုတ်ဖေါ် ပြောဆိုခြင်းမရှိခဲ့ ပေမယ့် အခုလို တပြန်တလှန်မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပေါ်လာတဲ့အခြေအနေမျိုးမှာ လူထုက လက် နက်ကိုင်တော်လှန်ရေးကိုထောက်ခံအားပေးမှုပံ့ပိုးကူညီမှု ကျဆင်းလာနိုင်တဲ့ အလားအလာတွေလည်း ရှိနေတာဖြစ်ပါတယ်။
မြို့သိမ်းတိုက်ပွဲတွေဟာ အာဏာသိမ်းစစ်တပ်ကို အနိုင်ယူရေး၊ စစ်အာဏာရှင် စနစ်ကို အပြီးတိုင် အနိုင်ရရေးအတွက် မလုပ်လို့မဖြစ်တဲ့ မဖြတ်သန်းလို့မဖြစ်တဲ့အဆင့်ဖြစ်တယ်လို့ စောဒကတက်ကောင်း တက်နိုင်ပါတယ်။
သို့ပေမယ့် ပြည်ပ အင်အားကြီးနိုင်ငံရဲ့ ပံ့ပိုးကူညီမှု နဲ့ မဟုတ်ပဲ နိုင်ငံရေးအရရော ငွေကြေးအရပါ လူထုအပေါ် အခြေခံတဲ့ လက်နက်ကိုင် တော်လှန်ရေးမှာ လူထုရဲ့ လိုက်ပါနိုင်စွမ်း၊ ခံနိုင်ရည်ကိုလည်း ထည့်သွင်းစဥ်းစားကြဖို့ အရေးကြီးတယ်လို့ ထင်မြင်ပါတယ်။
မြို့သိမ်းတိုက်ပွဲတွေက တော်လှန်ရေးအောင်ပွဲကို ဘယ်လောက်ထိအကျိုးပြုနိုင်မလဲ သို့မဟုတ် မိမိတို့တပ်ဖွဲ့အနေနဲ့ အောင်မြင်မှုရတာကိုသက်သေပြနိုင်ဖို့နဲ့ သိမ်းယူရရှိတဲ့နယ်မြေက အခွန်အကောက်နဲ့ လူအင်အား စုဆောင်းနိုင်ဖို့ကိုသာ ရည်မှန်းချက်အနေနဲ့ ထားပြီးတိုက်ခိုက်တာလား ဆိုတဲ့အချက်တွေလည်း ပြန်လည်ဆန်းစစ်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar