Breaking News

မောင်လူမွှေး - တော်လှန်ရေးနဲ့ စည်းခြားလိုက်တဲ့အခါ

မောင်လူမွှေး - တော်လှန်ရေးနဲ့ စည်းခြားလိုက်တဲ့အခါ

မိုးမခ ၊ နိုဝင်ဘာ ၂၃ ၊ ၂၀၂၅


"ခုတော်လှန်ရေးကာလကြီးမှာ လူတွေဟာ အရမ်းသိသာသွားတယ်။ အရည်အချင်းရှိတဲ့သူနဲ့ အရည်အချင်းမရှိတဲ့သူ။ စေတနာရှိတဲ့သူနဲ့ စေတနာမရှိသူ။ အလုပ်လုပ်တဲ့သူနဲ့ မလုပ်တဲ့သူတွေကို  လုံးဝ ကွဲကွဲပြားပြား မြင်ရတယ်" လို့ မစ်(စ)မွှေးက မောင်လူမွှေးကို ပြောပါတယ်။

တစ်နေကုန် စာသင်ပြီးလို့ ညနေမိုးချုပ်အချိန် လျှပ်စစ်မီးမရှိလို့ မှောင်နေတဲ့ အိမ်ထဲမှာ မောင်လူမွှေးတို့ နှစ်ယောက် အတူထိုင်ရင်း မစ်(စ)မွှေးက မောင်လူမွှေးကို ပြောပြနေတာပါ။ မောင်လူမွှေးဟာ တစ်နေကုန် စာသင်တယ်။ နေ့လယ် ထမင်းစားပြီးတာနဲ့ စာဖတ်တယ်။ ညနေ မိုးချုပ်ဆို ဖုန်းနဲ့ ဆက်သွယ်ပြောဆိုစရာ ရှိတာကို ဆက်သွယ်ပြောဆိုတယ်။ ညဆို စာရေးတယ်။ ဒီလိုဆိုတော့ မစ်(စ)မွှေး ပြောတဲ့ အရည်အချင်းမရှိ၊ စေတနာမရှိ ၊ အလုပ်မလုပ်တတ်တဲ့ လူတန်းစားထဲမှာ မပါလောက်ဘူးလို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်နေပါတယ်။ ဒါတောင် မောင်လူမွှေးဟာ အိမ်သုံးရေခပ်တဲ့ တာဝန်ကို ဆောင်ရွက်ရာမှာ နှောင့်နှေးတယ်။ အိမ်သန့်ရှင်းရေး လုပ်ရာမှာ အားနည်းတယ်။ စည်းစနစ်ကြီးလှတဲ့ မစ်(စ) မွှေးရဲ့ အဆူကို မကြာမကြာခံရလေ့ရှိပါသေးတယ်။.

တော်လှန်ရေးကာလမှာ လုပ်မယ်ဆို အလုပ်တွေက ပုံလို့ပါ။ ပညာရေး၊ စစ်ရှောင်ကူညီရေး၊ ပညာဖြန့်ဝေရေး၊ ထောက်ပို့၊ ကျန်းမာရေး၊ ရပ်ရွာအရေး စသဖြင့် အများနဲ့ဆိုင်တဲ့နေရာတွေမှာ လိုအပ်နေတဲ့ နေရာတွေ အများကြီးရှိကြတယ်။ အဲဒီလို အများနဲ့ဆိုင်တဲ့ နေရာတွေမှာ လုပ်ဆောင်ကြရာမှာ လုပ်ဆောင်သူရဲ့ စေတနာနဲ့ အရည်အချင်းဟာ အဓိက ကျတယ်။

ပညာရေးဘက် ဆိုပါတော့။ စာကို ကောင်းကောင်းကြိုးစားမသင်တဲ့၊ စာသင်ချိန် အချိန်မမှန်တဲ့ ဆရာ၊ ဆရာမ တစ်ယောက်ကို ထိန်းကျောင်းဖို့ ခုနေကာလမှာ အရမ်းကို ခက်ခဲပါတယ်။ ဒီလိုထိန်းကျောင်းဖို့ ခက်ခဲတော့ စေတနာမသန်တဲ့ ဆရာ၊ ဆရာမတွေကိုလည်း သွယ်ဝိုက်ပြောဆိုတာမျိုးကလွဲရင် ဒီအတိုင်းပဲ ထားကြရပါတယ်။ သတိထားတဲ့ ကျောင်းသားမိဘတချို့ကတော့ ဒါကို သိကြပါတယ်။  

"အရင်က ဆရာ၊ ဆရာမတွေက နာသုံးနာအကြောင်းကို ပြောကြတယ်ဗျ။ သူတို့ဟာ စေတနာ၊ဝါသနာ၊ အနစ်နာခံကြတဲ့သူတွေပေါ့။ အခုလို ခက်ခဲနေတဲ့အနေအထားမှာ နာသုံးနာ မရှိတဲ့သူတွေက အလုပ်မလုပ်ကြတော့ဘူး။ သူတို့တွေ အရင်က ပြောခဲ့တာတွေက လိမ်တာ ဖြစ်နေတာပေါ့ဗျာ" လို့ မောင်လူမွှေးကို ခင်မင်တဲ့ အမျိုးသားတစ်ဦးက မှတ်ချက်ပြုပါတယ်။ 

သူ့ဇနီးဟာ CDM ကျောင်းဆရာမတစ်ဦးဖြစ်ပြီး လက်ရှိအချိန်ထိ သောင်းဂဏန်းလစာနဲ့ ကြားကာလပညာရေးမှာ ပညာသင်ကြားပေးနေသူ ဖြစ်ပါတယ်။ ဒီလို ဆရာမတွေမျိုးတွေရဲ့ နာသုံးနာနဲ့ မောင်လူမွှေးတို့ရဲ့ တော်လှန်နယ်မြေက ပညာရေးကို ခရီးဆက်နေရဆဲ ဖြစ်ပါတယ်။

ပညာရေးအပြင် အခြား ရပ်ရေးရွာရေးကိစ္စတွေက အစ ဘာသာရေး သာသနာရေး အဆုံး  တော်လှန်ရေးကာလမှာ လူတွေရဲ့ ပြောင်းလဲမှုကို သိသိသာသာ မြင်ကြရတယ်။ အရင်က နာမည်ရဖို့ ရပ်ရေးရွာရေး၊ လှူရေးတန်းရေးမှာ စိုက်ထုတ်ခဲ့တဲ့ လူအချို့ဟာ အခုတော်လှန်ရေးကာလမှာ နေသာသလိုပဲ နေကြတာတွေ ရှိတယ်။

"ဒီလိုနေကြတဲ့သူတွေက တော်လှန်ရေးကို အားမပေးတဲ့သူတွေပေါ့ဗျာ။ တော်လှန်ရေးဘက်က လုပ်တဲ့ဟာဆို ဘာဆိုဘာမှမပါအောင် တတ်နိုင်သမျှ နေတဲ့လူတွေပေါ့။ တကယ်တော့ ရပ်ရေးရွာရေး၊ ပညာရေး၊ သာသနာရေး ဆိုတာတွေက ဘယ်အချိန်မဆို လုပ်ရတဲ့ဟာတွေ။ လူတွေကို သိသိသာသာကြီး ခွဲခြားမြင်လိုက်ရတဲ့အတွက် တော်လှန်ရေးကိုတော့ ကျေးဇူးတင်စရာကောင်းတယ်ဗျာ" လို့ ရပ်ရေးရွာရေးတွေမှာ တက်ကြွစွာပါနေသူတစ်ဦးက ပြောပါတယ်။

တကယ်တော့ မောင်လူမွှေးကိုယ်တိုင်လည်း မြေပြင်မှာ တော်လှန်ရေးကို စိတ်မဝင်စားတဲ့သူတွေ၊ ရပ်ရေးရွာရေး၊ ပညာရေး ဘာမှစိတ်မဝင်စားသူတွေနဲ့ အမြဲတမ်း ကြုံတွေ့ရင်ဆိုင်နေရတာပါပဲ။ ဒီလိုလူတွေရဲ့ သားသမီးတွေကို မောင်လူမွှေး ကောင်းကောင်းစာသင်ပေးပါတယ်။ အခြားသော အကျိုးတွေကိုလည်း ကြုံရင်ကြုံသလို မငြိုမငြင် ဆောင်ပေးပါတယ်။ စစ်အာဏာရှင်ကို တော်လှန်နေတဲ့သူတွေဆိုတာ ဘယ်လိုလူမျိုးတွေဆိုတာ သူတို့ကို အလုပ်နဲ့ပဲ သက်သေပြပါတယ်။

တော်လှန်ရေးက စည်းခြားပေးလိုက်တဲ့အခါ လူတွေရဲ့ အတွင်းသဘောကို ရှင်းရှင်းလင်းလင်းကြီးမြင်ကြရပြီး စေတနာရှိတဲ့သူနဲ့ စေတနာမရှိတဲ့သူ၊ စိတ်ကောင်းထားနိုင်တဲ့သူနဲ့ စိတ်ကောင်း မထားနိုင်တဲ့သူတွေကို လုံးဝ ကွဲကွဲပြားပြား မြင်ကြရပါတယ်။ သူတို့ထဲက အချို့ဟာ အလုပ်မလုပ်ကြပေမယ့် မနာလိုဝန်တိုတာ၊ ဝေဖန်အပုပ်ချတာတွေကို လုပ်တတ်ကြောင်းလည်း မောင်လူမွှေး သိပါတယ်။ ဒါပေမဲ့ သူတို့ဟာလည်း တမြေတည်းနေ၊ တရေတည်း သောက်ကြတဲ့ လူတွေမို့ သူတို့အကျိုးကို ဆောင်ရပါတယ်။ စည်းခြားနေတဲ့ သူတို့ဟာ မောင်လူမွှေးတို့ လုပ်ရပ်တွေ ပိုကောင်းလာတဲ့တစ်နေ့ မောင်လူမွှေးတို့ဘက်ခြမ်းကို ရောက်လာကြရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကြိုးစားနေပါတယ်ခင်ဗျာ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar