လှကျော်ဇော - ဂျီ-တူး( G-2)အကြောင်း သိကောင်းစရာများ
လှကျော်ဇော - ဂျီ-တူး( G-2)အကြောင်း သိကောင်းစရာများ
မိုးမခ ၊ နိုဝင်ဘာ ၂၂ ၊ ၂၀၂၅
နိုင်ငံတကာသတင်းမီဒီယာလောကမှာ နားယဉ်နေတဲ့ -ဂျီ-၇-(G-7) ကမ္ဘာ့အင်အားကြီးနိုင်ငံ-၇-နိုင်ငံ။ ဂျီ-၂၀(G-20) ကမ္ဘာ့အင်အားကြီးများ+အင်အားတစုံတရာရှိတဲ့ နိုင်ငံ-၂၀-ဆိုတာတွေ ရှိနေပါတယ်။ နှစ်စဉ်လည်း ထိပ်သီးဆွေးနွေးပွဲတွေက ရှိနေလေတော့ သတင်းက မပြတ်လှပါဘူး။
အခုတလော ဂျီ-တူး(G-2) ဂျီ-၂ ဆိုတဲ့ စကားလုံးပေါ်လာပြန်ပါတယ်။ တကယ်တော့ ဒီစကားလုံးကအသစ်အဆန်းတော့ မဟုတ်ပါဘူး။ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေလို့ သတိမထားမိကြတာ။
အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံပေါင်းကို ဆိုလိုတာပါ။
အမေရိကန်အနေနဲ့ တရုတ်နိုင်ငံ အရောင်အသွေးပြောင်းလာဖို့ အများကြီးကြိုးစားခဲ့ပါတယ်။ တရုတ်ရဲ့ ၁၉၇၈ ခုနှစ်ကစတဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့် ပေါ်လစီအပေါ် အများကြီးမျှော်လင့်ပြီး နည်းလမ်းပေါင်းစုံလဲ သုံးခဲ့ပါတယ်။ ဒါကို တရုတ်က အသုံးချလိုက်နိုင်ပြီး အကျိုးအများကြီးရလိုက်ပါတယ်။ တရုတ်ကျောင်းသားအများအပြား အမေရိကားမှာ ပညာသင်ခွင့်တွေရလိုက်တာ။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထဲ ဝင်ခွင့်ရလိုက်လို့ တရုတ်က သူ့နိုင်ငံရဲ့စီးပွားရေးကို ကမ္ဘာ့ ဂလိုဘယ်လိုက်ဇေးရှင်းရေစီးကြောင်းထဲဝင်ပြီးအကြီအကျယ်တိုးတက်အောင် လုပ်ဆောင်နိုင်လိုက်တာ---စသဖြင့်။ အမေရိကန်သုံးတဲ့ နောက်တနည်းကတော့ ဂျီတူး-လုပ်ရအောင်လို့စည်းရုံးလိုက်တာပါပဲ။ အမေရိကန်သမ္မတ ဘုရှ်ခေတ် - တရုတ်က သမ္မတ ကျန်းစစ်မင်ခေတ်မှာ ဒီစကားလုံးစပေါ်တာပါ။ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံပေါင်းပြီးကမ္ဘာကြီးကို ခွဲဝေအုပ်ချုပ်ဖို့ ညှိတာပါ။ တရုတ်က ပြတ်ပြတ်သားသား ပယ်ချလိုက်ပါတယ်။
အခုတခါ ၂၀၂၅- ဘူဆန်မှာ လုပ်တဲ့ ထရန့်-ရှီ ဆွေးနွေးပွဲအပြီး ထရန့်က ဒီစကားလုံးထုတ်သုံးလာတဲ့အခါမှာတော့ တရုတ်က မယုတ်မလွန် တုံ့ပြန်လာတာ တွေ့ရပါတယ်။ ဘာဖြစ်လို့လဲ။ နိုင်ငံတကာအခြေအနေတွေ မတူတော့လို့ပါ။
တောင်ကိုးရီးယားဘူဆန်မှာ အောက်တိုဘာ(၃၀)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မတ ထရန့်နဲ့တရုတ်သမ္မတ ရှီကျင့်ဖင်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲအပြီး ထွက်လာတဲ့ ရရှိချက်များကတော့ နှစ်ဖက်နိုင်ငံများရဲ့ ထုတ်ပြန်ချက်များအရ ကုန်သွယ်ရေးဆိုင်ရာအကြောင်းအရာတွေပါပဲ။ ကွာလာလန်ပူမှာ အမေရိကန်-တရုတ်ကုန်သွယ်ရေးအဖွဲ့များရဲ့ ဆွေးနွေးပွဲအပြီး ရရှိချက်များနဲ့ သိပ်မကွာလှပါဘူး။
ဒါ့အပြင် အေပက်(APEC) အစည်းအဝေးကြီးရဲ့ ဘေးပန်းမှာ လုပ်တာဆိုပေမယ့် ထရန့်ဟာ အဲဒီ ရှီနဲ့တွေ့ပြီးတာနဲ့ အေပက်အစည်းအဝေးတောင် မတက်တော့ဘဲ (ကုန်သွယ်ရေးဝန်ကြီးနဲ့ လွှဲခဲ့ပြီး)လေယာဉ်ပေါ် တက် ပြန်သွားပါတော့တယ်။
လေယာဉ်ပေါ်မှာ ထရန့်က သတင်းထောက်များရဲ့ အမေးကို ဖြေရာမှာ သူနဲ့ရှီ တွေ့ဆုံပွဲရဲ့ ရရှိချက်ဟာ (အမှတ် ၁၀-ပေးတဲ့ပွဲ ဆိုရင်တောင်-၁၂ မှတ် ရတယ်)တဲ့။ ရရှိချက်သိပ်ကောင်းတယ်-လို့ ဆိုလိုတာပါ။ ဒါဖြင့် ကုန်သွယ်ရေးတင်မကဘူးပေါ့။ တခြားဘာအကြောင်းအရာတွေပါနိုင်သေးလဲ။ နောက်ပိုင်း တရုတ်မီဒီယာတွေက ရှီပြောခဲ့တဲ့ စကားတွေထုတ်ပြန်လာပါတယ်။ ရှီပြောတဲ့အထဲမှာက---
၁။ အခု ကျွန်တော်တို့ လုပ်ဆောင်နေတဲ့-တရုတ်ရဲ့ ပြန်လည်ရှင်သန်တက်ကြွလာရေးနဲ့-သမ္မတထရန့်ရဲ့-အမေရိကန်တဖန် ပြန်လည်ကြီးမြတ်လာရေး လုပ်ငန်းစဉ်နှစ်ရပ်ဟာ ပူးပေါင်းလုပ်ဆောင်နိုင်စရာ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ အပြန်အလှန်အကျိုးပြုနိုင်စရာတွေ ရှိပါတယ်။---တဲ့။
(ဒါကတော့ ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ရေး မူ ကိုတင်တာ။)
၂။ သမ္မတကြီးထရန့်အနေနဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် တက်တက်ကြွကြွပါဝင် လုပ်ဆောင်နေမှုများကို တွေ့ရလို့ ဝမ်းသာမိပါတယ်။ မိမိတို့အနေနဲ့လဲ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီလုပ်ဆောင်မှာပါ။----တဲ့။ (ဒါကတော့ ထရန့်သည်းခြေကြိုက် စကားဖြစ်မှာပါ။) ဒါအပြင်ဒီစကားများဟာ ထရန့်အတွက် သူမဖြေရှင်းနိုင်သေးတဲ့ ပြဿနာတခုအတွက် မက်လုံးပေးလိုက်တဲ့ခြေဆင်းစကားများလား။ ထရန့် မဲဆွယ်စည်းရုံးစဉ်က-သူသမ္မတဖြစ်ရင် ယူကရိန်းစစ်ပွဲကို ၂၄နာရီအတွင်းရပ်အောင် လုပ်ပေးမယ်လို့ ဆိုခဲ့ဖူးပါတယ်။ တကယ်လုပ်တော့ ပူတင်ကို နားမချနိုင်ဖြစ်နေတာ။ ဒီတော့ စီးပွားရေးအပါ ဘက်စုံက ပူတင်အားထားနေရတဲ့ ရှီကျင်ဖင်ဆိုရင်တော့ ပြောနိုင်ဆိုနိုင် ဖျောင်းဖျနိုင်ကောင်းရဲ့လို့ ထရန့်က တွက်ဆဟန်ရှိပါတယ်။
ဒီသတင်းနဲ့မရှေးမနှောင်းမှာ နောက်သတင်းတပုဒ် ထပ်တက်လာပါတယ်။ အဲဒီနောက် ကွာလာလန်ပူမှာလုပ်တဲ့ အမေရိကန်နဲ့တရုတ် ကာကွယ်ရေးဝန်ကြီး နှစ်ဦး တွေ့ဆုံဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်မှာ- အမေရိကန်ဘက်က ဒီလိုပြောလာပါတယ်။
“ကျွန်တော်တို့က ပစ္စဖိတ်ဒေသတွင်းမှာ အာဏာချိန်ခွင်လျှာညှိဖို့ လုပ်ဆောင်နေတာပါ”တဲ့။ ဒီတော့တရုတ်အတွက် ထိုင်ဝမ်အရေးပဲဖြစ်ဖြစ်၊ တောင်တရုတ် ပင်လယ်အရေးပဲဖြစ်ဖြစ်အတော်စိတ်အေးသွားရပါပြီ။ ဒါဟာ ပစိဖိတ်ဒေသတွင်း အမေရိကန်ရဲ့ ပေါ်လစီအချိုးအကွေ့ပဲ။ အိုဘာမားခေတ်ကစပြီး အမေရိကန်ရဲ့ ရေတပ် လေတပ် အင်အား ၆၀ ရာခိုင်နှုန်းကို ပစိဖိတ်ဒေသတွင်းထားပြီး တရုတ်အင်အားကို ထိန်းချုပ်ဖို့ လုပ်ခဲ့တာပါ။
ဒါဖြင့် တရုတ်နဲ့ အမေရိကန်အကြား ဘာအပေးအယူတွေ ရှိကြသလဲ။ နှစ်ဖက် စစ်တပ်များ ရောက်တဲ့နေရာတွေမှာရပ်ပြီး အပစ်အခတ်ရပ်စဲရေး လုပ်လိုက်နိုင်ရင် (တခြားကိစ္စတွေ တဖြည်းဖြည်း တချက်ချင်း ပြောတာပေါ့။) ဘက်စုံက ယာယီရလာနိုင်တဲ့ အကျိုးကျေးဇူးတွေ များပါတယ်။ တရုတ်တွေက ဒါမျိုးတွေမှာ အတွေ့အကြုံရှိတယ်။ (၁၉၅၀ ပြည့်နှစ်ကျော်များ အတွင်းက အမေရိကန်နဲ့ချုပ်ဆိုခဲ့တဲ့ ကိုးရီးယား စစ်ပွဲ အပစ်အခတ်ရပ်စာချုပ်။) အကယ်လို့များ--အဲသလို-ယူကရိန်းစစ်ပွဲကို ရပ်လိုက်နိုင်ရင်-
ထရန့်အတွက်-သူ-စစ်ပွဲကို ရပ်လိုက်နိုင်ပြီး သူဟာ ငြိမ်းချမ်းရေး သိပ်လိုချင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ပေးသူဆိုတဲ့ နာမည်ကောင်းရမယ်။ နေတိုး (တစုံတရာ အင်အားချည့်နဲ့သွားပေမဲ့) အုပ်စီးမပျက်ရှိနေမယ်။ ဥရောပနိုင်ငံများကလဲ လက်နက်တွေပိုဝယ်ဖို့ ကတိတွေရပီးသား။ ရုရှားကရေနံတွေကိုလဲ စျေးပေါပေါနဲ့ဝယ်နိုင်မယ်။ ( ဒီလိုတွေဖြစ်လာရင်တော့-၂၀၂၆ မှာလုပ်မဲ့ ကြားကာလ ရွေးကောက်ပွဲတွေမှာ ရီဗတ်ဘလီကင်ပါတီ ခေါင်းပြန်ထောင်နိုင်မယ်။)
ဥရောပအတွက် (ယူကရိန်းစစ်ပွဲကို ထောက်ပံ့နေရလို့) ကြွက်တွင်းထဲ စီးဝင်းသလို မဆုံးနိုင်အောင် စီးဝင်နေတဲ့ ငွေတွေကို ရပ်ပစ်လိုက်နိုင်မယ်။
ပူတင်အတွက် မျက်နှာသိပ်မပျက်ရဘဲ စစ်ပွဲကထွက်နိုင်ပြီး ပိတ်ဆို့မှုဆန်ရှင်တွေ ရုပ်သိမ်းသွားနိုင်တာကြောင့် တိုင်းပြည် စီးပွားရေးကိုပြန် နာလန်ထူအောင် လုပ်နိုင်မယ်။
ရှီကျင့်ဖင်အတွက်---ပစိဖိတ်မျက်နှာပြင်အေးသွားတာကြောင့် (၁၅)ကြိမ်မြောက်(၅)နှစ်စီမံကိန်းကို အေးအေးဆေးဆေး လုပ်နိုင်မှာဖြစ်ပြီး စစ်တပ်ကိုလည်း ခေတ်မီတိုးတက်ရေးလုပ်ငန်းတွေကို(အရင်လို အမေရိကန်က နောက်က တတန်းတန်း လိုက်နှောင့်ယှက်ခြင်း မခံရတော့ဘဲ) အားစိုက်လုပ်နိုင်တော့မယ်။
ပိုးလမ်းမစီမံကိန်းများကိုလည်း အားအင် လျော့ရဲနေတဲ့ ဥရောပထဲထိအပြင်-ယူကရိန်း ပြန်လည်တည်ဆောက်ရေးများအထိ တိုးချဲ့လုပ်နိုင်လာမယ်။ ဒါတွေကတော့- တွက်ရေးတွေပါ။ လက်တွေ့ကတော့ စောင့်ကြည့်ရမှာပါ။
အရင်-ဂျီတူး အဟောင်းတုန်းကတော့ အမေရိကန် တည်ဆောက်ထားတဲ့ အဆောက်အအုံ ယန္တရားများအောက်မှာ တရုတ်က အဆင့်နိမ့် လုပ်ဖော်ကိုင်ဖက် (junior partner)အဖြစ် ပါဝင်ဖို့ ဖြစ်လို့ တရုတ်ကငြင်းတာ။
အခု ဂျီတူးအသစ်မှာတော့ တရုတ်ရဲ့ အနေအထားက အတော်ပြောင်းသွားပါပြီ။
အခုတလော မကြာခဏ လုပ်နေတဲ့ အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲများပဲ ကြည့်ပါ။ တန်းတူရည်တူ ဆွေးနွေးရတာပါ။
ဒါ့အပြင် တရုတ်က မိမိပြည်တွင်းမှာ တည်ငြိမ်ပြီး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ပြီး၊ တခြားဖွံ့ဖြိုးဆဲနဲ့ ဖွံ့ဖြိုးမှုနိမ့်နိုင်ငံများ (ကမ္ဘာ့တောင်ပိုင်းနိုင်ငံများလို့လည်း ခေါ်) ၁၅၀ ကျော်ကိုလဲ နည်းလမ်းပေါင်းစုံ (ဥပမာ-ပိုးလမ်းမစီမံကိန်း ၊ BRICS ၊ SCO)နဲ့ စည်းရုံးစုစည်းထားနိုင်ပါပြီ။
ဒါတွေကြောင့် တရုတ်က ဒီတခေါက် ဂျီတူးကို သိပ်ငြင်းဟန်မပြတော့တာ ဖြစ်နိုင်ပါတယ်။
တကယ်လည်း နိုင်ငံတကာအခြေအနေတွေဟာ အလွန် လျင်မြန်စွာ ပြောင်းလဲနေပါတယ်။
အားလုံး သတိကြီးစွာထားပြီး နိုးနိုးကြားကြား နေကြရမှာပါ။
လှကျော်ဇော
၁၉-၁၁-၂၀၂၅။
ကိုးကား။
၁။ www.cgtn.comမှသတင်းများ။
၂။ Opinion - The Busan Bargain: Trump and Xi are quietly redrawing the Ukraine endgame
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar