TNLA, MDY PDF နဲ့ မိုးကုတ်၊ မိုးမိတ် နဲ့ မန္တလေးတိုင်း အထက်ပိုင်း
မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၂၁ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၂ ၊ ၂၀၂၅
TNLA, MDY PDF နဲ့ မိုးကုတ်၊ မိုးမိတ် နဲ့ မန္တလေးတိုင်း အထက်ပိုင်း
ယခုရက်ပိုင်း သတင်းတွေထဲ ဖတ်ရှုနေကြရတဲ့ အကြောင်းအရာတွေအနက် မိုးကုတ်နဲ့ မိုးမိတ်ကနေ ဆုတ်ခွာမယ့် TNLA နဲ့ မဟာမိတ် PDF တပ်ဖွဲ့တွေအကြား ဆက်ဆံရေး၊ အဆိုပါ မြို့ ၂ မြို့ကနေ TNLA အနေနဲ့ ဘယ်လို ဆုတ်ခွာမလဲ၊ အာဏသိမ်းစစ်တပ်ကို လက်လွှဲပေးဖို့အတွက် ခေါ်ဆောင်လာမယ် ဆိုတဲ့ သတင်းတွေနဲ့ မိုးကုတ်ဗျူဟာ၊ မန္တလေးတိုင်း အထက်ဘက်မှာ ထိန်းချုပ်နယ်မြေတွေ ရှိသလို TNLA နဲ့ ပူးတွဲလှုပ်ရှားမှုတွေ လုပ်နေတဲ့ MDY PDF ရဲ့ အခြေအနေ စတဲ့ အကြောင်းအရာတွေက သတင်းတွေအဖြစ် နေ့စဥ် မြင်တွေ့နေရတာ ဖြစ်ပါတယ်။
အောက်တိုဘာလက တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ TNLA နဲ့ အာဏာသိမ်းစစ်တပ်နဲ့ အပစ်ရပ် သဘောတူညီမှု ရရှိခဲ့ပြီးနောက်မှာ သိမ်းယူထားတဲ့ မြို့ ၂ မြို့ ပြန်လည်ပေးရေး နဲ့ အပစ်ရပ်ရေး၊ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်စဲရေးတွေက အပစ်ရပ်သဘောတူညီချက်ရဲ့ အဓိက အချက်တွေ ဖြစ်ပြီး မြို့ ၂ မြို့ကို ဘယ်လို ဆုတ်ခွာမလဲ ဆိုတဲ့မေးခွန်းတွေက လူအများသိချင်ကြတဲ့ မေးခွန်းတွေ ဖြစ်လာခဲ့ပါတယ်။ TNLA အနေနဲ့ အဆိုပါ မြို့တွေကနေ ဒီအတိုင်း ဆုတ်ခွာသွားတာမျိုး ဆိုခဲ့ရင် မြို့ ၂ မြို့ကို PDF တပ်ဖွဲ့တွေက ဆက်လက်နေရာယူ ထိန်းချုပ်ပြီး အာဏာသိမ်းစစ်တပ် ဝင်မလာနိုင်အောင် ခုခံကာကွယ်ဖို့ ရည်ရွယ်ထားကြတာပါ။
ဒါပေမယ့် TNLA အနေနဲ့ မြို့ ၂ မြို့ကို စစ်တပ်ထံ လွှဲပြောင်းပေးဖို့ ၄င်းတို့ရဲ့ အကာအကွယ်ပေးမယ့် အနေအထားမျိုးဖြစ်ခဲ့ရင် PDF တွေအဖို့ TNLA နဲ့ ပြဿနာဖြစ်ရမယ့် အခြေအနေမျိုး ရှိနေတာပါ။ လားရှိုးမြို့ကို လွှဲပြောင်းသလိုမျိုး MNDAA အစောင့်အရှောက်နဲ့ လားရှိုးမြို့ထဲ စစ်တပ်တွေ ဝင်လာပြီးနေရာယူ လွှဲပြောင်းယူတာမျိုး ခု မိုးကုတ်နဲ့ မိုးမိတ် တို့ကိုလည်း လုပ်ဆောင်ရမယ့် သဘောဖြစ်လာနေပါတယ်။
မကြာသေးခင်ရက်ပိုင်းက PDF တပ်ဖွဲ့တွေနဲ့ TNLA တို့ နမ္မတူ၊ နမ့်ဆန်တို့မှာ တွေ့ဆုံပြီး မိုးကုတ်၊ မိုးမိတ်လွှဲပြောင်းမယ့် အစီအစဥ်နဲ့ ပတ်သက်လို့ အသေးစိတ် ပြောဆိုကြတဲ့အကြောင်း သတင်းတွေ ထပ်မံ ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ မိုးကုတ်နဲ့ မိုးမိတ် မြို့ ၂ မြို့အနက် မိုးကုတ်မြို့ဟာ ကျောက်မျက်သယံဇာတ ထွက်ရှိတာကြောင့်လည်း မိုးမိတ်မြို့ထက် မိုးကုတ်မြို့ကို ပိုပြီးကာကွယ်ဖို့ စိတ်အားထက်သန်နေကြတာပါ။
မိုးကုတ်မြို့ကို ဆုတ်ခွာပေးပြီး အာဏာသိမ်းစစ်တပ်လက်ထဲ ပြန်အပ်ရမယ့် TNLA အဖို့ PDF လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ မိတ်မပျက်ရေးကလည်း အရေးကြီးပါတယ်။ သို့ပေမယ့် TNLA အဖို့ မှာတော့ စစ်တပ်နဲ့ အပစ်ရပ်ဖို့က အဲဒီထက် ပိုပြီးအရေးကြီးတာကြောင့် အပစ်ရပ်ရေးကို ဆုံးဖြတ်ချက်ချချိန်မှာ ကျန် မဟာမိတ် PDF အဖွဲ့တွေရဲ့ သဘောထားကို တိုင်ပင်နိုင်ခဲ့ခြင်း မရှိတာလည်း ဖြစ်ပါလိမ့်မယ်။ မိမိတို့ တပ်ဖွဲ့ရဲ့ ရပ်တည်ရှင်သန်ရေးကို ပိုပြီးဦးစားပေးလိုက်ရတဲ့ သဘောလို့ နားလည်ရပါတယ်။
ကျောက်မဲ၊ နောင်ချို၊ သီပေါတို့လိုမြို့တွေ တိုက်ခိုက်သိမ်းယူခဲ့ချိန်မှာ လူအင်အားနဲ့ ကူညီတိုက်ခိုက်ပေးခဲ့ကြတဲ့ PDF မဟာမိတ်တွေ အနေနဲ့ ဒီမြို့ ၂ မြို့ အာဏာသိမ်းစစ်တပ်လက်ထဲ ပြန်ရောက်သွားမယ့် အရေးကို ဒီအတိုင်း လက်ပိုက်ကြည့်နေဖို့လည်းခက်၊ TNLA နဲ့ စစ်တပ်ရဲ့ သဘောတူညီချက်ကို ထိခိုက်စေမယ့် မြို့ကိုဝင်နေရာယူ တိုက်ခိုက်ဖို့ကလည်းခက် ဆိုတဲ့ ဘေးကြပ်နံကြပ် အနေအထားမျိုး ရောက်နေတဲ့ အနေအထား ဖြစ်ပါတယ်။
TNLA နဲ့ အာဏာသိမ်းစစ်တပ်တို့ မြို့အလွှဲအပြောင်းကိစ္စက သီတင်းတပတ်ဝန်းကျင်သာ ကျန်တော့တဲ့ ယခုလနောက်ဆုံးရက်မှာ ပုံပေါ်လာတော့မှာ ဖြစ်ပါတယ်။ မိုးကုတ်ဗျူဟာ၊ MDY PDF နဲ့ အခြားသော လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ မြို့ကနေ ခုခံမလား သို့မဟုတ် TNLA ဆုတ်ခွာတဲ့အတိုင်း ရှောင်ထွက်ပေးလိုက်ရမလား ဆိုတာ ဆုံးဖြတ်ရတော့မယ့် အချိန်ရောက်နေပြီ ဖြစ်ပါတယ်။
ယခုနှစ်ဆန်းမှာ စစ်တပ်နဲ့ အပစ်ရပ်ခဲ့တဲ့ MNDAA လားရှိုးမြို့ ပြန်လည်လွှဲပြောင်းပေးစဥ်က ယခုလို ကိစ္စရပ်မျိုး ပေါ်ထွက်ခဲ့ခြင်း မရှိပေမယ့် ယခု TNLA သိမ်းယူထားတဲ့ မြို့ ၂ မြို့ ပြန်လွှဲပေးရမယ့် ကိစ္စကျမှ ဘာကြောင့် ခုလို အခြေအနေမျိုး ဖြစ်ပေါ်လာရသလဲ ဆိုတာလည်း မေးစရာ ရှိနိုင်ပါတယ်။ MNDAA နဲ့ PDF မဟာမိတ် ပူးပေါင်းတပ်တွေ အကြား သဘောတူညီမှု နဲ့ TNLA နဲ့ PDF တပ်ဖွဲ့တွေအကြား သဘောတူညီမှုတို့က အခြေအနေနောက်ခံ မတူကြတဲ့ အချက်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ပြည်မဘက်က လူထုအနေနဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ထဲက MNDAA က နှစ်ဆန်းမှာ အပစ်ရပ်သဘောတူညီမှု ယူခဲ့သလို အောက်တိုဘာလမှာ နောက်တဖွဲ့ဖြစ်တဲ့ TNLA က ထပ်ပြီး အပစ်ရပ် သဘောတူညီမှုယူသွားတာကြောင့် တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ် အမြင်မကြည်လင်မှုတွေလည်း ပေါ်ထွက်လာကြတာတွေ့ရပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အာဏာသိမ်းစစ်တပ်နဲ့ အပစ်အခတ်ရပ်စဲကြတာကို နွေဦးတော်လှန်ရေးကို ထောက်ခံတဲ့ ဗမာလူထု အတော်များများက နားလည် မပေးနိုင်ကြပါဘူး။ စစ်အာဏာရှင်တပ်ကို အဆုံးတိုင် တိုက်ရမယ် ဆိုတဲ့ အယူအဆကို ဆုပ်ကိုင်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ အပစ်ရပ်တာ နည်းဗျူဟာတရပ် အဖြစ်နဲ့ရော နည်းပရိယာယ် တရပ်အနေနဲ့ပါ နားလည်ပေးနိုင်ခြင်း မရှိကြတဲ့ အနေအထားမျိုးဖြစ်ပါတယ်။
နှစ် ၇၀ ကျော် ၈၀ နီးပါး ပြည်တွင်းစစ်ကာလတွေ အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ စစ်တပ်ကို တိုက်ခိုက်ရင်း အခြေအနေတရပ်မှာ အပစ်ရပ်တာမျိုး လုပ်ခဲ့ကြရတဲ့ သမိုင်းတွေ ရှိခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် ၁၉၈၉ နောက်ပိုင်း လက်နက်ကိုင်ထားပြီး အပစ်ရပ်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်မယ်ဆိုတဲ့ ကာလမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အများအပြား အပစ်ရပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီသမိုင်းအဖြစ်အပျက်တွေ အခြေအနေတွေကို နွေဦးတော်လှန်ရေး ကာလမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး နဲ့ စစ်တပ်ကို အပြီးတိုင် ချေမှုန်း အနိုင်ယူရမယ်ဆိုတဲ့ ရပ်တည်ချက်ကို ကိုင်စွဲထားကြတဲ့ သူတွေက နားလည်ဖို့ ခက်ခဲတဲ့ သဘောလည်း ဖြစ်ပါတယ်။
အခုလို ပြည်မက အုပ်ချုပ်ရေး ပြည်နယ်နဲ့တိုင်း ခွဲခြားသတ်မှတ်မှုအရ မန္တလေးတိုင်းထဲ ပါဝင်နေတဲ့ မိုးကုတ်မြို့ ပြန်လည်လွှဲအပ်မယ့် ကိစ္စဖြစ်နေချိန် Mandalay PDF လို့ ခေါ်ဆိုတဲ့ မန္တလေးတိုင်း အခြေစိုက် PDF လက်နက်ကိုင် အဖွဲ့မှာလည်း ခေါင်းဆောင် ၂ ဦးကို NUG က ဖမ်းဆီးအချုပ်ချထားတဲ့ ကိစ္စ ဖြစ်ပွားနေတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
MDY PDF ရဲ့ ဗဟိုဦးဆောင် ကော်မတီဝင် ဖြစ်သူ မုန်တိုင်းနဲ့ နိုင်ကြီးဆိုတဲ့ ၂ ဦးကို တပ်ပိုင်ပစ္စည်းတွေ ပြန်မအပ်လို့ဆိုတဲ့ အကြောင်းကြောင့် ဖမ်းဆီးပြီး အချုပ်ချထားတယ်ဆိုတဲ့ အကြောင်း MDY PDF က ထုတ်ပြန်ချက် ထုတ်ပြီး အများပြည်သူကို အသိပေးခဲ့ပါတယ်။ နိုင်ငံရေးရာဌာနကြီးမှူး မုန်တိုင်း နဲ့ ဘဏ္ဍာငွေရှာဖွေရေးဌာနကြီးမှူး နိုင်ကြီး တို့ကို တပ်ပိုင်ပစ္စည်း ပြန်မအပ်တာကြောင့် ဖမ်းဆီးပြီး အချုပ်ချကာ အရေးယူထားတယ်လို့ MDY MDY PDF ကို အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနအောက် သွင်းတဲ့ ကိစ္စအပေါ် မကြေလည်တာကြောင့် အခုလိုအရေးယူခံရတာ ဆိုတဲ့ ပြောဆိုမှုတွေလည်း သတင်းတချို့မှာ ဖေါ်ပြထားကြတာတွေ့ရပါတယ်။
နွေဦးတော်လှန်ရေး ကာလမှာ မန္တလေး၊ သပိတ်ကျဥ်း၊ မတ္တရာ၊ စဥ့်ကူးဒေသတွေမှာ အင်အားကောင်းကောင်းနဲ့ လှုပ်ရှားနိုင်ခဲ့တဲ့ MDY PDF အဖွဲ့မှာ အခုလို တပ်ပိုင်ငွေကြေး ပစ္စည်းကြောင့်ဖြစ်စေ၊ သဘောထား ကွဲလွဲမှုကြောင့် ဖြစ်စေ ဦးဆောင်သူအချို့ကို ဖမ်းဆီးအရေးယူရတဲ့ အဖြစ်တွေက အများပြည်သူရဲ့ ယုံကြည်မှုကို ကျဆင်းစေနိုင်တာလည်း ဖြစ်ပါတယ်။
မိုးကုတ်၊ မိုးမိတ်မြို့တွေ အာဏာသိမ်းစစ်တပ်လက်ထဲ ပြန်အပ်ရမယ့် အခင်းအကျင်းတွေ ပေါ်ပေါက်နေချိန် MDY PDF အဖွဲ့မှာ အခုလို အဖြစ်အပျက်တွေ ပေါ်ထွက်လာခြင်းဟာ နွေဦးတော်လှန်ရေးအတွက်တော့ ကောင်းမွန်တဲ့ လက္ခဏာတွေ ဟုတ်မနေဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar