အမေရိကန်နိုင်ငံက မြန်မာနိုင်ငံသား TPS နဲ့ နေထိုင်ခွင့် ရပ်ဆိုင်းလိုက်ခြင်းနဲ့ မြန်မာအပေါ်မူဝါဒ
မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၂၄ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၂၅
အမေရိကန်နိုင်ငံက မြန်မာနိုင်ငံသား TPS နဲ့ နေထိုင်ခွင့် ရပ်ဆိုင်းလိုက်ခြင်းနဲ့ မြန်မာအပေါ်မူဝါဒ
မကြာသေးခင် ရက်ပိုင်းအတွင်းကမှ အမေရိကန်ပြည်ထောင်စု လွှတ်တော် ကော်မတီက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကြားနာမှုတရပ် ကို ပြုလုပ်ခဲ့ရာမှာ ခေါင်းစဥ်အနေဖြင့် “ထွက်ပေါက်မရှိသော မဟာဗျူဟာ၊ မြန်မာနိုင်ငံရဲ့ အဆုံးမသတ်နိုင်တဲ့ အကျပ်အတည်းနဲ့ အမေရိကန်ရဲ့ အကန့်အသတ်ရှိသော ရွေးချယ်စရာများ” လို့အမည်ပေးထားတာ တွေ့ရပါတယ်။
ဒီအောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ လက်အောက်က အရှေ့အာရှနဲ့ ပစိဖိတ် ဆပ်ကော်မတီကြားနာပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပြည်တွင်းစစ်၊ အာဏာသိမ်းထားတဲ့ စစ်တပ်နဲ့ အမေရိကန်ပြည်ထောင်စု ရဲ့ မူဝါဒတွေက လုံလောက်တဲ့ လုပ်ဆောင်မှုမရှိတဲ့ သဖွယ် မြန်မာ့အရေးကျွမ်းကျင်သူတွေ ပြောဆို တင်ပြခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်တွေဘက်ကလည်း မေးမြန်းသဘောထားမှတ်ချက်တွေ ပြောဆိုခဲ့ကြပါတယ်။
အဆိုပါ လွှတ်တော်ကော်မတီ ကြားနာပွဲက မြန်မာ့အရေးအပေါ် အမေရိကန်ရဲ့ မူဝါဒ အပြောင်းအလဲ ဖြစ်လာစေတော့မလားလို့ မျှော်လင့်နေကြချိန်မှာ အမေရိကန် အစိုးရ အမိမြေလုံခြုံရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံသားတွေ အပေါ် ခွင့်ပြုထားတဲ့ ယာယီနေထိုင်ခွင့်ဗီဇာ Temporary Protected Status ကို ရပ်ဆိုင်းလိုက်ကြောင်း နိုဝင်ဘာ ၂၄ ရက်နေ့မှာ အသိပေးကြေညာခဲ့ပါတယ်။
အဆိုပါ ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်လို့ မှတ်ချက်ပြုထားတာက ရက်ပိုင်းအတွင်း လွှတ်တော်ကော်မတီ ကြားနာချက်တွေက အခြေအနေတွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာတွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အရေးပေါ် အခြေအနေ ရုပ်သိမ်းလိုက်ခြင်း၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေခြင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲတဲ့ သဘောတူညီမှုတွေ ရရှိခြင်းတွေကြောင့် TPS ကို သက်တမ်းတိုးဖို့ မလိုအပ်တော့ဘူးလို့ မှတ်ချက်ပြုထားတာ ဖြစ်ပါတယ်။
TPS ဗီဇာနဲ့ နေထိုင်ကြသူ မြန်မာနိုင်ငံသား အရေအတွက်က ၃၉၀၀ ဝန်းကျင် ရှိတယ်လို့ အမေရိကန် အစိုးရကိန်းဂဏန်းတွေ အရ သိရပြီး အလည်အပတ် ဗီဇာ၊ အလုပ်ဗီဇာ၊ ကျောင်းဗီဇာတွေနဲ့လာရောက်ပြီးနောက် TPS ဗီဇာနဲ့ ဆက်လက်နေထိုင်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ TPS ဗီဇာနဲ့ နေထိုင်ခွင့် ပေးထားတဲ့ နိုင်ငံတွေအနက် ပြည်တွင်းစစ်တွေ ဖြစ်ပွားနေတဲ့ နိုင်ငံတွေ ပါဝင်ပြီး မြန်မာနိုင်ငံကိုတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဲဒီအချိန်က သမ္မတ ဘိုင်ဒင်က ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
အခုလို မြန်မာနိုင်ငံသားတွေကို TPS ရပ်ဆိုင်းလိုက်ဖို့ ဆုံးဖြတ်ခြင်းက လူ ၃၉၀၀ အပေါ် သက်ရောက်မှု ဆိုတာထက် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန် အစိုးရရဲ့ မူဝါဒကို ဖော်ပြခြင်းက ပိုအရေးကြီးတယ်လို့ ထင်မြင်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြန်မာ့အရေးနဲ့ ပတ်သက်လို့ အောက်လွှတ်တော်ကော်မတီက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သဘောထားတွေ၊ အာဏာသိမ်းစစ်တပ်အပေါ် ပြင်းထန်တဲ့ မှတ်ချက်တွေ ဘယ်လောက်ပင် ပြောဆိုဆွေးနွေးခဲ့ပါစေ၊ သမ္မတ ထရန့် အစိုးရအဖွဲ့ကတော့ အမေရိကန်ရဲ့ အကျိုးစီးပွားကိုသာကြည့်ပြီး မြန်မာနိုင်ငံကြီး မကြာခင် အေးချမ်းသာယာတော့မယ့် အသွင်မျိုး မှတ်ချက်ပေးထားတာက အလေးအနက်ထား စဥ်းစားစရာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတထရန့် လက်ထက် ပြည်ထောင်စုအစိုးရ ဘတ်ဂျက်အတည်ပြုရေးနဲ့ ပတ်သက်လို့ လွှတ်တော်မှာ သဘောတူညီမှုမရဘဲ တလခွဲကျော်ကြာ အစိုးရလုပ်ငန်းဆောင်တာ ရပ်ဆိုင်းတဲ့ အဖြစ်အပျက်တောင် မကြာသေးခင် ရက်ပိုင်းကမှ အဆုံးသတ်ခဲ့တာကိုကြည့်ရင် လွှတ်တော်ရဲ့ သဘောထား၊ လုပ်ပိုင်ခွင့်တွေက အကန့်အသတ်များစွာ ရှိနေတာ ထင်ရှားပါတယ်။
သမ္မတထရန့် အနေနဲ့ မြန်မာနိုင်ငံလို အမေရိကန်ပြည်ထောင်စုတွက် ကြီးကြီးမားမား အကျိုးစီးပွားမရှိတဲ့ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံရဲ့ အရေးကိစ္စကို စိတ်မဝင်စားသလို၊ အမေရိကန်ပြည်ထောင်စုနဲ့ ခိုင်မာတဲ့ မဟာမိတ်နဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ ကနေဒါနဲ့ မက်ဆီကိုတို့လို နိုင်ငံတွေကိုတောင် အချုပ်အခြာအာဏာကို ထိပါးစေမယ့် စကားလုံးတွေနဲ့ ပြောဆိုတာ၊ အနောက်ဥရောပ မဟာမိတ်နိုင်ငံတွေကို ကုန်သွယ်ခွန်တိုးမြှင့်ကောက်ခံတာတွေ လုပ်ခဲ့တာတွေ ကြည့်ရင် အမေရိကန် အကျိုးစီးပွားသာ အဓိကဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။
သမ္မတ ထရန့်လက်ထက်မှာ မြန်မာ့အရေးမှာ ဒီမိုကရေစီအင်အားစုတွေကို ခိုင်မာတဲ့ထောက်ခံအားပေးမှုတွေ မျှော်လင့်လို့မရဘူးဆိုတာ အခု TPS ကိစ္စက ထပ်ပြီး သက်သေပြလိုက်တာလည်း ဖြစ်ပါတယ်။ အရှေ့တောင် အာရှက ကျားဖြန့်ရာဇဝတ်မှုတွေကို နှိမ်နှင်းဖို့ အထူးအဖွဲ့ ဖွဲ့စည်းခြင်း၊ အဲဒီကိစ္စနဲ့ ဆက်စပ်ပြီး မြန်မာ့အရေးမှာ ပါဝင်ပတ်သက်လာမယ်ဆိုတဲ့ အရိပ်အယောင် မျှော်လင့်မှုကလည်း အခြေအမြစ်မရှိကြောင်း သဘောပေါက်လာပြီ ဖြစ်ပါတယ်။
ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နှင်းမယ်ဆိုတာ ဖြစ်နိုင်ပေမယ့် မြန်မာ့အရေးမှာ စစ်အာဏာရှင်တွေကို အရေးယူ ကိုင်တွယ်တော့မယ် ဆိုတဲ့ ကောက်ချက်မျိုး ချတာက ကျိုးကြောင်းဆီလျော်ခြင်း မရှိတာလည်း တွေ့လာရတာ ဖြစ်ပါတယ်။ ဒီမိုကရေစီ အင်အားစုတွေ၊ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ မြန်မာ့ပြည်တွင်းရေး နဲ့ ပတ်သက်လို့ မိမိတို့ အင်အားကိုသာ အခြေပြုစဥ်းစားရမယ့် အနေအထား ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ အားပေးထောက်ခံမှုနဲ့ တဖက်က ဗီလိန် အုပ်စုတွေကို ဖယ်ရှားဖို့ ဖြိုချဖို့ စိတ်ကူးမယဥ်သင့်ကြတော့တဲ့ အခြေအနေကို ရောက်ရှိနေပြီလို့ ဆိုချင်ပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar