လေးလေး - မိအေး နှစ်ခါနာတာထက် သာသူများ
လေးလေး - မိအေး နှစ်ခါနာတာထက် သာသူများ
မိုးမခ ၊ ဒီဇင်ဘာ ၂ ၊ ၂၀၂၅
ထိုင်းအခြေစိုက်မြန်မာသတင်းဌာနတွေက သတင်းတွေ ကြည့်လိုက်ရင် ထိုင်းနိုင်ငံထဲကို တရားမဝင်နယ်စပ် ဖြတ်ကျော်ဝင်ရောက်လို့ အဖမ်းခံရတဲ့ မြန်မာပြည်သားတွေ သတင်းက နေ့တိုင်းလိုလို တွေ့ရတယ်။ တချို့သတင်းတွေမှာဆို ရာနဲ့ချီတဲ့ မြန်မာပြည်သားတွေကို နယ်စပ်မှာ အစုအပြုံလိုက်အဖမ်းခံရတယ် ဆိုတာမျိုးလည်း မကြာခဏ ဖတ်ရတယ်။ ဒါနဲ့ ဒီစာရေးမှပဲလို့ ဖတ်မိသူတွေပြန်မျှဝေနိုင်အောင် ရေးသားတင်ဆက်လိုက်ပါတယ်။
ထိုင်းနိုင်ငံဟာ အခု ၂၀၂၅ ခုနှစ် တနှစ်လုံး ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်ပြဿနာနဲ့ လုံးထွေးပြီး ပြဿနာတွေ တက်နေတာပါ။ နှစ်အစမှာတင် တရုတ်မင်းသားတယောက် ထိုင်း-မြန်မာ နယ်စပ်မှာ ပျောက်သွားတာကနေ အဲဒီကိစ္စ ဟိုးလေးတကျော်ဖြစ်ပြီး ထိုင်းနိုင်ငံဟာ လုံခြုံရေးစိတ်မချရဘူးလို့ သတင်းထွက်တယ်။ အရင်နှစ်တွေက ထိုင်းနိုင်ငံကို လာလည်ကြသူတွေထဲ အများဆုံးဖြစ်တဲ့ တရုတ်ခရီးသွား ဧည့်သည်အရေအတွက် ကျဆင်းသွားတယ်။
တခါ မြန်မာဘက်ခြမ်းမှာ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်တပ်က ကျားဖြန့်နိုမ်နင်းတယ် ဆိုပြီး ဟန်ပြ မောင်းထုတ်ပြန်တော့ နိုင်ငံစုံက ကျားဖြန့်တွေ ထိုင်းနိုင်ငံထဲ ပြေးဝင်ကြတယ်။ အဲဒီလူလိမ်တွေကို နေရာချထားပေးရ၊ စစ်ရဆေးရ၊ အပြစ်ပေးရ၊ နိုင်ငံရင်း ပြန်ပို့ပေးရနဲ့ ထိုင်းအစိုးရ အလုပ်တွေ ရှုပ်တယ်။
ဒီတော့ ထိုင်းအစိုးရက ပြဿနာများတဲ့ ထိုင်း-မြန်မာ နယ်စပ်ကို ထိုင်းစစ်တပ် ချထားပြီး အချိန်ပြည့် စောင့်ကြည့်တယ်။ မြန်မာဘက်ခြမ်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့ မြန်မာဒုက္ခသည်တွေကလွဲလို့ တရားမဝင် နယ်စပ်ဖြတ်ကျော်သူအားလုံးလိုလိုကို အလွတ်မပေးဘဲ စောင့်ကြည့်ထိန်းကွပ်ထားတယ်။
ဒီကြားထဲကိုကပဲ စောစောက ပြောသလို ထိုင်း-မြန်မာ နယ်စပ်ကနေ မြန်မာတွေ တရားမဝင်နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးစားကြတယ်။ တယောက်ကို ဘတ်သောင်းနဲ့ချီပေးရပြီး အဖမ်းခံရတော့ မြွေပါလည်းဆုံး သားလည်းဆုံး ဖြစ်ကုန်ကြတယ်။ သတင်းတွေအရ ထိုင်း-မြန်မာ နယ်စပ်၊ ဆန်ခလဘူရီနဲ့ မဲဆောက်ဘက်ခြမ်းတို့မှာ တရားမဝင် နယ် စပ်ဖြတ်ကျော်ဝင်ရောက်သူတွေ အများဆုံးခိုးဝင်ကြတယ်။ အများဆုံး အဖမ်းခံကြရတယ်။ စောစောက ပြောသလို တချို့ရက်တွေဆို ရာနဲ့ချီတဲ့ မြန်မာပြည်သားတွေ အစုအပြုံလိုက် အဖမ်းခံရတယ်။
တရားမဝင် နယ်စပ်ဖြတ်ကျော်တာက ပြစ်ဒဏ်အားဖြင့် ထိုင်းဥပဒေအရ ထောင်ဒဏ်လအနည်းငယ်သာ ကျခံရပေမယ့်၊ရာနဲ့ချီအ ဖမ်းခံရပြီး လူကုန်ကူးမှုနဲ့ အရေးယူ အပြစ်ပေးခံရရင်တော့ ထောင်ဒဏ်နှစ်နဲ့ချီ ကျခံရနိုင်တယ်။ ထိုင်းစစ်တပ် စောင့်ကြပ်နေတဲ့ ထိုင်း-မြန်မာ နယ်စပ်ကို ခွေးတကောင်၊ ကြောင်တမြီးတောင် လွတ်ထွက်သွားဖို့ မလွယ်တာကို မသိတာပဲလား၊ အရဲစွန့်ပြီး စွန့်စားကြည့်ကြတာလား၊ မထူးဇာတ်ခင်းပြီး အတင်းတိုးဝင်ကြတာလား၊ နေ့တိုင်းလို၊ လတိုင်းလို၊နယ်စပ်ဖြတ်ကျော် ခိုးဝင်မြန်မာ အဖမ်းခံရသတင်းက မပြတ်ဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာ တလတည်းမှာတင် တရားမဝင် နယ်စပ်ဖြတ်ကျော် မြန်မာပြည်သား တထောင်ကျော် အဖမ်းခံရတယ်လို့ သတင်းမှာ ဖတ်ရတယ်။ တရားမဝင်ခိုးဝင်သူတွေ မိအေး နှစ်ခါမက နာရတာ ပြောပြမယ်။ ပွဲ စားကို ဘတ်သောင်းနဲ့ချီပေးပြီး ခိုးဝင်ကြတာ အဖမ်းခံရရင် ဦးဆုံး ပိုက်ဆံဆုံးပြီ။ နောက်တော့ ထိုင်းဥပဒေအရ ထောင်တလ၊ တလခွဲကနေ၊ ထောင်ဒဏ် လေးလကနေ တနှစ်အထိ ပြစ်ဒဏ်အလိုက် ကျခံရပြီ။ ထိုင်းနိုင်ငံက ထောင်ပေါင်း ၈၀ ကျော်မှာ မြန်မာပြည်သား အကျဉ်းသားတွေ များလွန်းလို့ ပြစ်ဒဏ်စေ့တာနဲ့ မြန်မာဘက်ခြမ်း ပြန်ပို့ပြီ။
မြန်မာဘက်ခြမ်း ရောက်တာနဲ့ စစ်တပ်က စစ်မှုထမ်း အဖမ်းထပ်ခံရပြီး စစ်သား စုဆောင်းခံရပြီ။၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၅ ရက်အထိ ထိုင်းဘက်ကပြန်ပို့လိုက်တဲ့ ပြစ်ဒဏ်စေ့ မြန်မာပြည်သား ၁၈၀၀ ကျော်ရှိသွားပြီ။ အများဆုံးက ရနောင်းကနေ ကော့သောင်းဘက်ခြမ်းကို ပြန်ပို့တာဖြစ်ပြီး အဲဒီထဲက လူ ၁၆၀၀ လောက်ဟာ စစ်မှုထမ်းအဖမ်းခံခဲ့ရပြီလို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပြကြတယ်။ ကဲ-မိအေး နှစ်ခါနာတာ ထက်သာသွားပြီ။သတင်းခေတ်မှာ သတင်းအချက်အလက် ရယူပြီး စဉ်းစားဆင်ခြင်လုပ်ကြပါ။
ထိုင်းအစိုးရ အဓိကထား စောင့်ကြပ်ကြည့်ရှုတာက ကျားဖြန့်၊ အဖမ်းခံရတာက နယ်စပ်ဖြတ်ကျော်ခိုးဝင်သူ မြန်မာပြည်သားတွေ၊ ပြည်တွင်းမှာ ဘယ်လိုမှ အဆင်မပြေကြလို့ အခုလို နယ်စပ်ဖြတ်ကျော် ဝင်ရောက်ဖို့ ကြိုးစားကြတယ်ဆိုတာ နားလည်တယ်။ ဒါပေမဲ့ အခြေအနေ အချိန်အခါ ဆိုတာ ရှိသေးတယ်။
(ဒီစာမူ ရေးဖို့ မြန်မာနောင်းသတင်းဌာနက ဦးမိုးကြိုး အင်တာဗျူးနဲ့ ထိုင်းအခြေစိုက်မြန်မာသတင်းဌာနတွေကို ကိုးကားနားထောင်ပါတယ်။)
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar