Breaking News

မေးခွန်းထုတ်ခံလာရတဲ့ NUG အစိုးရရဲ့ အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေး

မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၁ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၂ ၊ ၂၀၂၅


မေးခွန်းထုတ်ခံလာရတဲ့ NUG အစိုးရရဲ့ အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေး 

မင်းကင်းမြို့နယ်က CDM ဆရာဝန် ဒေါ်ခင်သူသူလွင် ကို မင်းကင်းပြည်သူ့လုံခြုံရေး (ရဲတပ်ဖွဲ့) က နိုဝင်ဘာ ၃၀ ရက်နေ့မှာ ဖမ်းဆီးနေတဲ့ ဗီဒီယိုက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်က မင်းကင်းပြည်သူလုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ကိုင်ပုံနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေ ကျယ်ပြန့်စွာ ပေါ်ထွက်လာခဲ့ပါတယ်။  အမျိုးသမီးတဦးကို ကာယိန္ဒြေပျက်ပြားစေတဲ့ထိ ကြမ်းတမ်းစွာ ဖမ်းဆီးခြင်း၊ လက်ထိပ်ခတ်ခေါ်ဆောင်ခြင်း၊ အမျိုးသမီး ရဲတပ်ဖွဲ့ဝင်မပါရှိဘဲ သေနတ်လွယ်ထားတဲ့ ပလဖ အဖွဲ့ဝင်တွေက အတင်းအဓမ္မ ဝင်ရောက်ဆွဲလွဲပြီး ခေါ်ဆောင်ခြင်းတွေ အပေါ် ဝေဖန်ပြောဆိုကြတာ ဖြစ်ပါတယ်။ 

အခုလို ကြမ်းတမ်းစွာ ဖမ်းဆီးတဲ့အပေါ် အချို့သောသူတွေကတော့ ဒီနည်းလမ်းနဲ့ပဲ ခေါ်ဆောင်ရမှာပဲ၊ လက်နက် ပြန်မအပ်တဲ့ အပြစ်၊ ငွေကြေး စာရင်းမရှင်းလင်းတဲ့ အပြစ်ရှိတဲ့သူ၊ လာရောက်ဖမ်းဆီးသူတွေကို ရေနွေးနဲ့ ပက်မယ်လို့ ခြိမ်းခြောက်ပြီး ဓါတ်ဗူးကို မြေကြီးပေါ် ပစ်ပေါက်ခွဲသူ ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အခုလို ဖမ်းဆီးတာ မှန်တယ်ဆိုတဲ့ မှတ်ချက်ပေးသူ အချို့လည်း ရှိတာတွေ့ရပါတယ်။ 

ဒီလိုဖမ်းဆီးဖို့ စေ့ဆော်တဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ စစ်အာဏာသိမ်းပြီးနောက် မင်းကင်းမြို့နယ် ဆေးရုံအုပ်တာဝန်ကနေ CDM လုပ်ပြီး တော်လှန်ရေးအင်အားစုဘက်မှာ ဆေးကုသမှုနဲ့ မင်းကင်းပြည်သူ့လုံခြုံရေးတာဝန်ခံ အဖြစ် ၂၀၂၄ ခုနှစ်အထိ တာဝန်ယူခဲ့သူ၊ တာဝန်မှ နားပြီးနောက် ငှားရမ်းထားတဲ့ မောင်းပြန်သေနတ် တလက်ကို ပြန်လည် ပေးအပ်ခြင်း မရှိသေးတာ၊ ပလဖ တာဝန်ခံအဖြစ် တာဝန်ယူခဲ့စဥ်က အခွန်အကောက်က ရတဲ့ ငွေကြေး သိန်း ၃၃၀၀ ဝန်းကျင် နဲ့ ပတ်သက်လို့ လုပ်ထုံးလုပ်နည်းအတိုင်း တရားဝင်လွှဲပြောင်းပေးခြင်း မရှိတာကြောင့် အခုလို ဖမ်းဆီးဖို့ အမိန့်ထုတ်ရတာလို့ NUG ဘက်က ပြောဆိုထားပြီး တချို့သော သတင်းတွေမှာတော့ မကြာသေးခင်က မင်းကင်းမြို့နယ် ရွှေမျောလုပ်ကွက်တွေကို ဒေသခံတွေက ဆန္ဒပြမှုမှာ ဦးဆောင်ခဲ့တာကြောင့် အခုလို ဖမ်းဆီးဖို့ အကြောင်းရင်းခံဖြစ်လာတာလို့လည်း သတင်းအချို့မှာတွေ့ရပါတယ်။ 

ပလဖ တာဝန်ခံအဖြစ် တာဝန်မယူတော့တဲ့ တနှစ်ကျော်ကာလအတွင်း ဥပဒေ ကြောင်းအရ အရေးယူတာမျိုး လုပ်ခဲ့သလား၊ သို့မဟုတ် လတ်တလော ရွှေမျောကိစ္စ နဲ့ ပတ်သက်လို့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေကို ဒေသခံဆန္ဒပြရာမှာ ဦးဆောင်ခဲ့တာကြောင့် ဖမ်းဆီးဖို့ ဖြစ်လာတာလား ဆိုတာတော့ အတိအကျ မသိနိုင်ပါဘူး။ 

သို့ပေမယ့် လက်ရှိလည်း ဒေသမှာ ကျန်းမာရေး ကုသမှုတွေ လုပ်ဆောင်ပေးနေတဲ့ ဆရာဝန်တဦး၊ အမျိုးသမီးတဦးကို ကြမ်းတမ်းစွာ ဖမ်းဆီးပုံနဲ့ ပတ်သက်လို့ အစိုးရတရပ်၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးတရပ်ရဲ့ လုပ်ပုံကိုင်ပုံမျိုး မဟုတ်တာကို အများက ဝေဖန်ကြတာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးကို ထောက်ခံပြီး စီဒီအမ် လုပ်ခဲ့တဲ့ မြို့နယ်ဆေးရုံအုပ် ရာထူးကနေ စွန့်လွှတ်လာခဲ့တဲ့ ဆရာဝန်တဦး၊ ဒီဒေသမှာ ဆက်လက်နေထိုင်ပြီး ဒေသရဲ့ ကျန်းမာရေး လုပ်ငန်းတွေကို ဆက်လက်ထမ်းဆောင် နေသူတဦး၊ အမျိုးသမီးလည်း ဖြစ်တဲ့ သူတဦးကို အခုလို ကြမ်းတမ်းစွာ ကာယိန္ဒြေပျက်ပြား စေလောက်တဲ့အထိ ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် ဖမ်းဆီးတာတွေက စစ်တပ်၊ စစ်အာဏာရှင်တွေ နဲ့ အတူတူလို့ သတ်မှတ်စရာ ဖြစ်စေတယ်လို့ ဝေဖန်ကြတာပါ။ အချို့သော သူတွေကတော့ NUG အုပ်ချုပ်ရေးဘက်က ထုတ်ပြန်တဲ့ လက်နက်ပြန်မအပ်တာ၊ ငွေကြေးကိစ္စတရားဝင် မလွှဲတာတွေကြောင့် လုပ်သင့်တယ်လို့ ထောက်ခံပြောဆိုကြတာကိုလည်း အံ့အားသင့်စရာတွေ့ကြရတာပါ။ 

ဒီနေရာမှာ ၂၀၂၁ ခုနှစ် မတ်လ ဝန်းကျင်က နေပြည်တော်မှာ ဆရာဝန်တဦးကို အရပ်ဝတ် ဝတ်ထားတဲ့ အထူးသတင်းတပ်ဖွဲ့ နဲ့ ရဲတွေက လာရောက်ဖမ်းဆီးတဲ့ ဗီဒီယိုနဲ့ နှိုင်းယှဥ်ကြည့်စရာ ဖြစ်လာပါတယ်။ အဲဒီဖြစ်စဥ်မှာ အရပ်ဝတ်နဲ့ လာရောက် ခေါ်ဆောင်တဲ့ ရဲသတင်းတပ်ဖွဲ့ မှာ အမျိုးသမီး ဝန်ထမ်းလည်းပါဝင်ပြီး အတင်းအဓမ္မ ဆွဲပြီးဖမ်းဆီးတာမျိုး မလုပ်ဘဲ နှုတ်နဲ့ ပြောဆိုတာ အနောက်က တကောက်ကောက်လိုက်ပြီး ခေါ်ဆောင်ဖို့ ကြိုးစားကြတာတွေ့ရမှာ ဖြစ်ပါတယ်။ ဆရာဝန်မက အဝတ်အစားလဲလှယ်ဖို့ လိုအပ်တဲ့ ပစ္စည်းယူဖို့ ပြောဆိုကာ မိသားစုနဲ့ ရပ်ကွက်လူထုက ရဲဝန်ထမ်းတွေကို ဗီဒီယိုရိုက်တာတွေ လုပ်ဆောင်နေတာကြောင့် နောက်ဆုံး အိမ်ကအထွက်မှာ အိမ်နီးချင်းရပ်ကွက်က လူထုရဲ့ ညာသံပေး ပြောဆိုမှုတွေကြောင့် ရဲသတင်းတပ်ဖွဲ့က လက်လျှော့ပြီး ထွက်ခွာသွားခဲ့ပါတယ်။ အဆိုပါ ဆရာဝန်မလည်း ဖမ်းဆီးခြင်း မခံရဘဲ တိမ်းရှောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို လေ့လာကြည့်ရင် ဖမ်းဆီးဖို့ ညွှန်ကြားတဲ့သူတွေ အနေနဲ့ ဖမ်းဆီးတဲ့ လုပ်နည်းလုပ်ဟန် နဲ့ပတ်သက်တဲ့ အသေးစိတ် ညွှန်ကြားမှုမျိုး ရှိခဲ့တဲ့ သဘောဖြစ်ပြီး တာဝန်ပေးခံရသူတွေ အနေနဲ့ အဲဒီလုပ်နည်းလုပ်ဟန်ကို ကျော်လွန်ပြီး ဖမ်းဆီးတာမျိုး မလုပ်ခဲ့တာ လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။ အစိုးရ တရပ်အနေနဲ့ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေ စတာတွေကို တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းဖြစ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို သတ်မှတ်ပေးထားပြီး လိုက်နာဖို့ ကြပ်မတ်ဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ 

အခု NUG အစိုးရရဲ့ အောက်က ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အနေနဲ့ အုပ်ချုပ်ရေးစနစ်တရပ်မှာ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေ သတ်မှတ်ထားရှိဖို့ အရေးကြီးပြီး အရပ်သားတွေကို ဖမ်းဆီးတာ၊ အရေးယူတာတွေမှာ စစ်တပ်က အရေးယူပုံမျိုး လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက အရပ်သားတွေအပေါ်မှာ ပြုမူခဲ့ရင် အာဏာရှင်အစိုးရတွေရဲ့ အုပ်ချုပ်ရေးနဲ့ တန်းညှိခံရမှာဖြစ်ပါတယ်။ 

အုပ်ချုပ်ရေးကိစ္စတွေ တရားဥပဒေစိုးမိုးရေး ကို ဖေါ်ဆောင်တဲ့ ပြည့်သူ့လုံခြုံရေး အဖွဲ့တွေရဲ့ လုပ်ထုံးလုပ်နည်း အပြင် နောက်အရေးကြီးတဲ့ အကြောင်းအရာတခုက တရားစီရင်ရေး ဖြစ်ပါတယ်။ တရားရေးဝန်ကြီးဌာန ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံ စစ်ကိုင်း၊ မန္တလေး၊ မကွေး နဲ့ ပဲခူးတိုင်းတို့လို PDF ထိန်းချုပ်နယ်မြေတွေက တရားစီရင်ရေး ကိစ္စရပ်တွေကို စီမံခန့်ခွဲနေရာမှာ ဝန်ကြီးဌာနအနေနဲ့ လူသိများတဲ့ အမှုအခင်းတွေ၊ လူမှုကွန်ရက်ပေါ် ရောက်လာတဲ့ အမှုအခင်းတွေကိုသာ အလေးထားတဲ့ အနေအထားမျိုး ဖြစ်ပြီး အဆိုပါ လူပြောများတဲ့ အချို့အမှုအခင်းတွေပင်လျင် တရားမျှတမှုရရှိအောင် စီရင်နိုင်ခြင်း မရှိတာမျိုး အများက ဝေဖန်နေကြတာ ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် နှောင်းပိုင်း ယင်းမာပင်မြို့နယ်က ဗိုလ်သံမဏိ နဲ့ အဖွဲ့ဝင်တွေ ရဲ့ သတ်ဖြတ်မှုတွေ နဲ့ ပတ်သက်လို့ တရားစီရင်ရေးက အရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိတဲ့ သာဓကတွေက လူထုအနေနဲ့ တရားစီရင်ရေးအပေါ် ယုံကြည်မှု လျော့နည်းလာတာ ဖြစ်ပါတယ်။ အလားတူ အခြားသော လက်နက်ကိုင် အဖွဲ့ဝင်တွေက ကျူးလွန်တဲ့ သတ်ဖြတ်မှု၊ မုဒိမ်းမှု တွေနဲ့ ပတ်သက်လို့ မှန်ကန် ထိရောက်တဲ့ တရားစီရင်မှုတွေ မလုပ်နိုင်တဲ့ အဖြစ်အပျက်တွေလည်း ရှိနေခြင်းက NUG ရဲ့ တရားစီရင်ရေးအပေါ် အားကိုးမှု ကျဆင်းလာနေကြတာ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့တွေ ကျူးလွန်တဲ့ သတ်ဖြတ်မှုတွေ ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အတွက် လတ်တလော အခြေအနေအောက်မှာပဲ တရားစီရင်နိုင်ဖို့ အရေးကြီးပါတယ်။ တော်လှန်ရေးပြီးတဲ့အခါ ပေးသမျှ အပြစ်ခံယူပါမယ်ဆိုတာမျိုးတွေက ပြစ်ဒဏ်ကနေ ရှောင်လွှဲမှု တိမ်းရှောင်မှုတွေသာဖြစ်ပါတယ်။ 

တော်လှန်ရေး အချိန်ကြာမြင့်လာတာနဲ့အမျှ တရားဥပဒေ စိုးမိုးရေး နဲ့ တရားစီရင်ရေးက ပိုပြီးတိုးတက်ကောင်းမွန်လာဖို့သာ လူထုအနေနဲ့ မျှော်လင့်နေကြပြီး တော်လှန်ရေး ကာလ ဖြစ်လို့ စစ်အာဏာရှင်ကို ဖြုတ်ချရေးက ပထမ ကျန်အရေးကိစ္စတွေက နောက်မှဆိုတာမျိုး အကြောင်းပြချက်တွေကို လူထုအနေနဲ့ ဆင်ခြေပေးတာ၊ ရှောင်လွှဲတာလို့သာ ယူဆကြမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar