မြစ်ဆုံစီမံကိန်း အမှန်တကယ် ပြန်လည်စတင်နိုင်ခြေ၊ စီမံကိန်းတွေကို ကန့်ကွက်သူတွေကို တရားစွဲနိုင်တဲ့ ဥပဒေထုတ်ပြန်
မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၂၁ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၂၂ ၊ ၂၀၂၅
မြစ်ဆုံစီမံကိန်း အမှန်တကယ် ပြန်လည်စတင်နိုင်ခြေ၊ စီမံကိန်းတွေကို ကန့်ကွက်သူတွေကို တရားစွဲနိုင်တဲ့ ဥပဒေထုတ်ပြန်
အာဏာသိမ်းပြီး အုပ်ချုပ်နေတဲ့ စစ်တပ်က စီမံကိန်းနဲ့ ၄င်းနဲ့ပတ်သက်တဲ့ အကောင်အထည်ဖေါ်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို အထောက်အထားခိုင်လုံမှုမရှိ၊ ပတ်သက်ဆက်နွယ်မှုမရှိဘဲ ကန့်ကွက်ခြင်းတွေကို အရေးယူနိုင်တဲ့ အမိန့်ကြော်ငြာစာကို အမျိုးသားကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီက ဒီဇင်ဘာ ၁၆ ရက်နေ့မှာ နိုင်ငံတော် ပြန်တမ်းမှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီအမိန့်ကြော်ငြာစာဟာ စစ်အစိုးရ ဖေါ်ဆောင်တဲ့စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ယေဘုယျသဘောမျိုး ရည်ရွယ် ထုတ်ပြန်တာလား သို့မဟုတ် မြစ်ဆုံစီမံကိန်းကို အဓိကရည်ရွယ်ပြီး အလားတူ အခြားသောစီမံကိန်းတွေပါ အကျုံးဝင်တာ လားလို့ အများက တွေးဆနေချိန်မှာပဲ စစ်အစိုးရရဲ့ အာဘော် မြန်မာ့အလင်းသတင်းစာ ရဲ့ ခေါင်းကြီးပိုင်းမှာ ဒီအမိန့်ကြော်ငြာစာနဲ့ ပတ်သက်ပြီး အာဘော်ရေးသားခဲ့ရာမှာ မြစ်ဆုံစီမံကိန်းကို ရည်ညွှန်းဖေါ်ပြခဲ့ပါတယ်။
သမ္မတဦးသိန်းစိန် လက်ထက် မြစ်ဆုံစီမံကိန်းကိုကန့်ကွက်ကြတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ လူသိများ ထင်ရှားကျော်ကြားသူတွေ၊ ပညာရှင်တွေကို အမေရိကန်နိုင်ငံက အထောက်အပံ့ပေးပြီး စည်းရုံးခဲ့တယ်လို့ ဝီကီလိခ်မှာ ပေါက်ကြားမှုကို ကိုးကားကာ ဖေါ်ပြခဲ့ပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းနိုင်တာကို မလိုလားလို့ အမေရိကန်ပြည်ထောင်စုက အဲဒီလို ကန့်ကွက်ဖို့ လှုံဆော်ခဲ့တာလို့လည်း စွပ်စွဲပြောဆိုလိုက်ပါတယ်။
အာဏာသိမ်းစစ်တပ် အနေနဲ့ ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးနောက် ၄ နှစ်ကျော်အကြာမှသာ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ဖို့ လုပ်ဆောင်လာတာ ဖြစ်ပြီး လုပ်ဆောင်ချိန်မှာ ကချင်ပြည်နယ်ရဲ့ နေရာဒေသအများအပြားကို ကောင်းစွာ ထိန်းချုပ်နိုင်ခြင်း မရှိတဲ့အနေအထားလည်း ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် သြဂုတ်လ တရုတ်နိုင်ငံခြားရေး ဝန်ကြီးရဲ့ နေပြည်တော်ကို လာရောက်တဲ့ ခရီးစဥ်ပြီးနောက်မှာ မြန်မာ့ပြည်တွင်းစစ်ပွဲမှာ ပါဝင်နေကြတဲ့ အဖွဲ့အစည်းတွေအပေါ် တရုတ်နိုင်ငံရဲ့ မူဝါဒ အလှည့်အပြောင်းဖြစ်ခဲ့ပြီး အာဏာသိမ်းစစ်တပ် အနေနဲ့လည်း တရုတ်နိုင်ငံရဲ့ နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေ အပေါ် ဖိအားပေးတာ၊ သံတမန်ရေးအရ ပိုမိုထောက်ခံရပ်တည်ပေးခဲ့တာတွေက ကျေးဇူးပြန်ဆပ်ရမယ့် အနေအထားကို ရောက်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ဒါကြောင့် သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လက်ထက်မှာ ဆိုင်းငံ့ထားတဲ့တဲ့ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်မယ်လို့ ပြောဆိုလာပြီး အခုလို အမိန့်ကြော်ငြာစာတွေနဲ့ အားကောင်းအောင် လုပ်ဆောင်လိုက်တာလို့ ကောက်ချက်ချနိုင်ပါတယ်။ မြစ်ဆုံ စီမံကိန်းဟာ လျှပ်စစ်ဓါတ်အား လိုအပ်ချက်မြင့်တက်နေတဲ့ တရုတ်နိုင်ငံအတွက် အထောက်အကူဖြစ်စေမယ့် စီမံကိန်းဖြစ်သလို မြန်မာနိုင်ငံအနေနဲ့တော့ မြစ်ဆုံစီမံကိန်းကထုတ်လုပ်တဲ့ လျှပ်စစ်ဓါတ်အားရဲ့ ၁၀ ရာနှုန်းသာ အခမဲ့ အသုံးပြုခွင့်ရရှိမှာ ဖြစ်ပါတယ်။ ထုတ်လုပ်မှုရဲ့ ကျန်တဲ့ ၉၀ ရာနှုန်းကို တရုတ်နိုင်ငံကို တင်ပို့မှာဖြစ်ပြီး မြစ်ဆုံဆည်နဲ့ ရေအားလျှပ်စစ် စီမံကိန်း ရင်းနှီးစိုက်ထုတ်တဲ့ တရုတ်နိုင်ငံက ခံစားခွင့်ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ မြစ်ဆုံဆည် ရေးအားလျှပ်စစ်က ခံစားခွင့်အနေနဲ့ ရရှိမယ့် ၁၀ ရာနှုန်းဟာ တနိုင်ငံလုံး အသုံးပြုတဲ့ လျှပ်စစ်ဓါတ်အားပမာဏနဲ့ နှိုင်းယှဥ်ကြည့်ရင် များတယ်လို့မဆိုနိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။
မြစ်ဆုံဆည်တည်ဆောက်ဖြစ်နိုင်ဖို့ ကချင်ပြည်နယ်ကို အာဏာသိမ်းစစ်တပ်အနေနဲ့ စိုးမိုးနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ KIA လက်နက်ကိုင်အဖွဲ့က တရုတ် နယ်စပ်ဒေသတလျှောက်၊ ယခင် နယ်ခြားစောင့်တပ် တဖြစ်လဲ NDAK ကချင်ငြိမ်းအဖွဲ့ စိုးမိုးခဲ့တဲ့ ပန်ဝါဒေသတို့ကို KIA ကပဲ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ ဝိုင်းမော်မြို့ ၊ မိုးညှင်း၊ ဟိုပင် စတဲ့ မြို့တွေကိုသာ စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပြီး နယ်မြေအများအပြားကို ထိန်းချုပ်မထား နိုင်ပါဘူး။
ဒီအနေအထားနဲ့ မြစ်ဆုံစီမံကိန်း ပြန်စမယ်လို့ ပြောဆိုခြင်းဟာ တရုတ်နိုင်ငံ အနေနဲ့ KIA ကို ပိုပြီးဖိအားပေးဖို့ တဖက်လှည့်နဲ့ တွန်းအားပေးတဲ့ ရည်ရွယ်ချက် စစ်တပ်မှာရှိတာ ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။
တရုတ်နိုင်ငံက KIA ထိန်းချုပ်ဒေသတွေနဲ့ ထိစပ်နေတဲ့ တရုတ်နိုင်ငံဘက်က နယ်စပ်ကုန်သွယ်ရေး စခန်းတွေကို ယမန်နှစ်ကုန်ပိုင်းနဲ့ ယခုနှစ်ဆန်းပိုင်းတွေတုန်းက ပိတ်ထားခဲ့ပြီး မကြာသေးခင်လပိုင်းတွေကမှ ပြန်လည်ဖွင့်လှစ်ပေးခဲ့တာပါ။ အာဏာသိမ်းစစ်တပ်က KIA နဲ့ တရုတ်နိုင်ငံအကြားမှာ မြစ်ဆုံစီမံကိန်းကို အသုံးချပြီး ခေါင်းတည်ပေးလိုက်တဲ့ သဘောလို့ဆိုရင် မှားမယ်မထင်ပါဘူး။ တရုတ်နိုင်ငံအနေနဲ့ ကချင်ပြည်နယ်က တင်သွင်းနေတဲ့ ကမ္ဘာမှာ အရေးပါတဲ့ ထွက်ကုန်မြေရှားသတ္တု ကိစ္စ၊ အခု မြစ်ဆုံစီမံကိန်းကိစ္စတို့ဟာ KIA နဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာကို ပြန်လည် သုံးသပ်စရာ အနေအထားမျိုးလည်း ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။
အာဏာသိမ်းစစ်တပ်က တရုတ်အနေရဲ့ အကူအညီနဲ့ KIA ကို ထိန်းထားနိုင်ဖို့ စိတ်ကူးရည်ရွယ်ချက်တွေ ရှိနေနိုင်ပြီး မြစ်ဆုံဖဲချပ်နဲ့ တရုတ်နိုင်ငံကို ပြသကာ ကချင်ပြည်နယ်ရဲ့ နယ်မြေတွေ ပြန်ထိန်းချုပ်နိုင်ဖို့ ရည်ရွယ် စိတ်ကူးမှုတွေ ရှိနေတာ သိသာနေတာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar