မောင်လူမွှေး - စစ်ဖိနပ်အောက်က ညီအစ်ကိုတွေ
မောင်လူမွှေး - စစ်ဖိနပ်အောက်က ညီအစ်ကိုတွေ
မိုးမခ ၊ ဒီဇင်ဘာ ၂၃ ၊ ၂၀၂၅
ဒီဇင်ဘာ လဆန်းပိုင်း ဇာတိရွာကလေးကို ရောက်တုန်း မောင်လူမွှေးတစ်ယောက် လမ်းလျှောက်ရင်း ရွာထိပ်က အစ်ကိုဝမ်းကွဲ မင်းကြိုင်တို့ အိမ်ကို ဝင်ဖြစ်တယ်။ ငယ်ငယ်တုန်းက ငှက်ပစ်ဖက်၊ နွားကျောင်းဖက်၊ ငါးမျှားချဘက်၊ ဆော့ဖော်ဆော့ဖက်ဖြစ်တဲ့ မင်းကြိုင်ဟာ မီးဖိုဘေးမှာ ရေနွေးသောက်ရင်း မီးလှုံနေတာကို တွေ့ရတယ်။ မင်းကြိုင်ဟာ မောင်လူမွှေးထက် သုံးနှစ်လောက်ကြီးတော့ လေးဆယ်ကျော်ပြီပေါ့။ သူ့အိမ်က ရွာထိပ်မှာဆိုတော့ ယာခင်းတွေဘက်က ဆောင်းမှိုင်းဝေဝေတွေကို မြင်နေရတယ်။ မောင်လူမွှေးအိတ်ကပ်ထဲပါခဲ့တဲ့ ကော်ဖီမစ်ထုပ်လေးတစ်ထုပ်ကို ရေနွေးကြမ်းခွက်ကလေး နှစ်ခွက်ထဲ မျှထည့်ပြီး ညီအစ်ကိုနှစ်ယောက် မျှသောက်ရင်း ငယ်ဘဝကို အလွမ်းသယ်ကြတယ်။
"ငါတို့ ငယ်ငယ်တုန်းက ဒီလို ဆောင်းရာသီဆို ကောက်ရိုးပုံတွေမှာ သွားအိပ်ကြရတာနော။ အပူတွေကန်ပြီး နှုတ်ခမ်းတွေကွဲလို့ကွာ။ တကယ်တော့ ဆင်းရဲတာကွ..နော" တဲ့။ မင်းကြိုင်က မောင်လူမွှေးကို ပြောတယ်။
မင်းကြိုင်တို့ငယ်ငယ်က ညညဆို ကောက်ရိုးပုံတွေမှာ အိပ်ရင်အိပ်၊ မအိပ်ရင် ကိုယ့်ဆွေမျိူးအိမ်က နွားစာတိုက်ထဲမှာ အိပ်ကြတာကို သတိရမိတယ်။ သူတို့နဲ့အတူတူ မောင်လူမွှေးလည်း ရံဖန်ရံခါ လိုက်အိပ်ဖူးပါတယ်။ နွားစာတိုက် ကောက်ရိုးတွေကြားမှာ စောင်မလို။ ပုဆိုးခြုံကွေးတာနဲ့ နွေးပေတာကိုး။ တကယ်တော့ မင်းကြိုင် ပြောသလို ဆင်းရဲတာ။ အိမ်က လေမလုံတဲ့အပြင် မိသားစုဝင်တွေအတွက် နွေးထွေးတဲ့စောင် အလုံအလောက် မရှိတာ။ ဝတ်စရာအင်္ကျီအနွေးထည်တောင် မယ်မယ်ရရ မရှိခဲ့တာတွေရယ်ပါ။
" မင့်.. ဖိနပ်ဆိုလည်းကွာ ကားဘီးဖိနပ်ပဲ စီးခဲ့ရတာ။ ဒီကားဘီးဖိနပ်တောင် သဲကြိုးပြတ်ခဲ့ရင် ဝါးချွန်တွေနဲ့ ပြန်ရိုက် စီးရတာ" လို့ မင်းကြိုင်က ဆက်ပြောပါတယ်။ ကားတာယာဖိနပ်ကို ကားဘီးဖိနပ်လို့ မောင်လူမွှေးတို့က ခေါ်ကြတယ်။သူ့စကားဆုံးတာနဲ့ မောင်လူမွှေးဟာ သူ့ဖိနပ်ကို အလိုလိုကြည့်မိလျက်သား ဖြစ်သွားပါတယ်။ မောင်လူမွေး အစ်ကိုဟာ ဟောင်းနွမ်းနေတဲ့ ကြက်ပေါင်ဖိနပ်အဟောင်းတရန်ကို စီးထားတယ်။
မောင်လူမွှေးတို့ ညီအစ်ကိုတွေ ငယ်ငယ်တုန်းက ကောက်ရိုးပုံမှာ အိပ်ရတယ်။ မီးလှုံရတယ်။ ခုကောက်ရိုးပုံမှာ သွားမအိပ်ရအောင် တိုးတက်ခဲ့ပြီဖြစ်မယ့် မီးတော့ လှုံနေရဆဲ ဖြစ်တယ်။ ကားဘီးဖိနပ်ကို မစီးရတော့ပေမယ့် ဖိနပ်ကောင်းကောင်းကို မစီးနိုင်သေး။ ဘယ်လောက်အေးအေး ကြက်ပေါင်ဖိနပ်ကို ခြေပြောင်နဲ့ စီးနေကြရဆဲ ဖြစ်တယ်။ ကံကောင်းထောက်မတဲ့ မောင်လူမွှေးတစ်ယောက်ကတော့ ခွာနည်းနည်းစုတ်နေတဲ့ ဘွတ်ဖိနပ်လေးတရန်ကို စီးရတယ်။
မောင်လူမွှေးတို့ ညီအစ်ကိုတွေ ရှင်သန်ခဲ့ကြတာ နှစ်ပေါင်း လေးဆယ်။ နှစ်ပေါင်းလေးဆယ်အတွင်း ကောက်ရိုးပုံမှာ အိပ်ရတဲ့ ဘဝကနေ လွတ်မြောက်ခဲ့တယ်။ ကားဘီးဖိနပ်ကနေ ကြက်ပေါင်ဖိနပ် ပြောင်းစီးခဲ့တယ်။ ပုဆိုးခြုံနေရတဲ့ ဘဝကနေ အနွေးထည်လေး ဝတ်နိုင်တဲ့ ဘဝကိုရောက်ခဲ့တယ်။ ဒါဟာ နှစ်ပေါင်းလေးဆယ်အတွင်း မောင်လူမွှေးတို့ရဲ့ဝတ်ဆင်ရေး၊ အိပ်စက်ရေး တိုးတက်မှု ဖြစ်တယ်။
"တစ္ဆေကို မကြောက်စမ်းပါနဲ့ကွာ။ ရဲနဲ့ ခွေးပဲ ကြောက်။ ရဲက ဖမ်းနိုင်တယ်။ ခွေးက ကိုက်နိုင်တယ်" ဆိုတဲ့ မောင်လူမွှေးတို့ကလေးဘဝက ဖကြီးကျော်မြ ပြောခဲ့ဖူးတာကို အမှတ်ရတယ်။ တကယ်တော့ မောင်လူမွှေးတို့ဟာ မွေးကတည်းကစ လက်ရှိအချိန်ထိ စစ်ဖိနပ်နဲ့ နင်းခံထားရတာပါကလား။ မောင်လူမွှေးက ပညာလေးမတောက်တခေါက်တတ်လို့ တော်သေးတယ်။ မောင်လူမွှေးအစ်ကိုတွေဖြစ်တဲ့ မင်းကြိုင်တို့၊ မင်းအောင် တို့တတွေဟာ စစ်ဖိနပ်နဲ့ ပြားပြားဝပ်နေအောင် နင်းခံခဲ့ရတဲ့ ဘဝတွေ ဖြစ်တယ်။
"ခု စစ်ရှောင်နေကြရတဲ့သူတွေလို ငါတို့ရွာသာ စစ်ရှောင်ရရင် အကုန်ငတ်ကုန်မှာ" လို့ မင်းကြိုင်ကပြောတယ်။ မောင်လူမွှေး ဇာတိရွာကလေးဟာ ချောင်ကျတော့ စစ်ကြောင်းထိုးတာတွေ မခံခဲ့ရဘူး။ ဒေသတွင်းမှာတောင် ရွာနာမည်ကို မကြားဖူးကြတဲ့သူ တော်တော်များပါတယ်။ ရွာကလေးကို စစ်သားတွေ မဝင်ခဲ့တာဟာ ရွာထိပ်နတ်စင်က မြင်းဖြူရှင်ကြောင့်လို့ မောင်လူမွှေးညီမ အေးဘုံက ပြောတယ်။
အစ်ကို မင်းကြိုင် အိပ်နေရာကနေ ထပြန်လာရင်း မောင်လူမွှေး စိတ်ထဲမှာ ဆရာကြီး မောင်ထင်ရဲ့ "ငဘ" အကြောင်း ပေါ်လာတယ်။ ငဘ တစ်ယောက် မီးလှုံနေရင်း သူ့ဘကြီးကို သတိရတယ်။ သူ့ဘကြီးဟာ နိုင်ငံလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတယ်။ အခု လွတ်လပ်ရေးရပြီ။ ခုလို လွတ်လပ်ရေးရတာကို ဘကြီးများရှိရင် ဘယ်လိုနေမလဲမသိ ဆိုပြီး ငဘက ပြောတော့၊ ငဘရဲ့ ဇနီးက ဘယ်လိုနေရမလဲတဲ့။ ကျုပ်တို့နဲ့အတူ မီးလှုံနေမှာပေါ့တဲ့။ ရွာလမ်းအတိုင်း လျှောက်ရင်း အိမ်တွေကို ကြည့်တော့ အိမ်တိုင်းနီးပါး မီးဖိုဘေးမှာ မီးလှုံနေကြတယ်။ သူတို့တွေ၊ မျိုးဆက်သစ်တွေ ဘယ်အချိန်ထိများ မီးလှုံနေကြရဦးမှာလဲ မောင်လူမွှေး မခန့်မှန်းနိုင်ပါခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar