Breaking News

စစ်ကိုင်းနဲ့ မန္တလေးတိုင်းတွေမှာ လေကြောင်း နဲ့ မြေပြင် တိုက်ခိုက်မှုတွေ အာဏာသိမ်းစစ်တပ်က ပိုတိုးလုပ်ဆောင်လာ

မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၁၈ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၁၉ ၊ ၂၀၂၅


စစ်ကိုင်းနဲ့ မန္တလေးတိုင်းတွေမှာ လေကြောင်း နဲ့ မြေပြင် တိုက်ခိုက်မှုတွေ အာဏာသိမ်းစစ်တပ်က ပိုတိုးလုပ်ဆောင်လာ

အာဏာသိမ်းစစ်တပ်အဖို့ အောက်တိုဘာလ နောက်ဆုံးသီတင်းပတ်မှာ TNLA တပ်ဖွဲ့နဲ့ အပစ်ရပ်သဘောတူညီမှု ရခဲ့ခြင်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်မျက်နှာကို အာရုံစိုက်စရာမလိုတော့တဲ့ ရလဒ်ထွက်ပေါ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ နိုဝင်ဘာကနေ အခုလက်ရှိအချိန်ထိ မြန်မာနိုင်ငံ အထက်ပိုင်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနယ်မြေတွေက ဒေသအလိုက် ဖွဲ့စည်းထားကြတဲ့ LPDF နဲ့ NUG လက်အောက်က PDF တပ်ဖွဲ့တွေကို လေကြောင်း နဲ့ မြေပြင် ၂ ခုလုံးကနေ ပိုမိုတိုက်ခိုက်ဖို့ ဖြစ်လာစေခဲ့ပါတယ်။ 

နိုဝင်ဘာလကုန်မှာ မိုးကုတ် နဲ့ မိုးမိတ်မြို့ ၂ မြို့ကို TNLA ထံမှ ပြန်လည်ရရှိပြီးနောက် မိုးကုတ်မြို့ ဝန်းကျင်မှာ အဲဒီဒေသက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်တာတွေ ရှိနေပေမယ့်လည်း အာဏာသိမ်းစစ်တပ် အဖို့ ရှမ်းမြောက်တခွင် ကြီးကြီးမားမား တိုက်ပွဲဖြစ်ပွားနေခြင်း မရှိတော့တဲ့ အနေအထား ဖြစ်ပါတယ်။ 

အောက်တိုဘာနှောင်းပိုင်း TNLA နဲ့ အပစ်မရပ်ခင် ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မန်တုံ၊ နမ့်ဆန်၊ နမ္မတူ အစရှိတဲ့ မြို့တွေကို လေကြောင်းက တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ အာဏာသိမ်းစစ်တပ် အနေနဲ့ ယခုအခါမှာ စဥ့်ကူမြို့ နဲ့ ဆက်စပ်ဒေသတွေ၊ စစ်ကိုင်းတိုင်းထဲက ခင်ဦး၊ ရေဦး၊ ဒီပဲယင်း၊ ယင်းမာပင် အစရှိတဲ့ ဒေသတွေကို စစ်ကြောင်းထိုးတာ၊ လေကြောင်းက နေ့စဥ်လိုလို တိုက်ခိုက်တာတွေ လုပ်ဆောင်နေပြီး စစ်ကိုင်းတိုင်း ထဲက မြို့နယ်တွေမှာ ဒေသခံ သောင်းနဲ့ချီပြီး တရွာကနေ နောက်တရွာ စသဖြင့် ရွေ့လျားရှောင်တိမ်းနေကြရတဲ့ အနေအထားဖြစ်ပါတယ်။ 

၂၀၂၃ အကုန်ကနေ ၂၀၂၅ ခုနှစ် အစပိုင်းကာလတွေအတွင်း အာဏာသိမ်းစစ်တပ်အဖို့ ရှမ်းမြောက်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မန္တလေးတိုင်းတို့မှာ နယ်မြေအများအပြား လက်လွတ်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီကာလတွေတုန်းက စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာ လေကြောင်းရော မြေပြင်ပါ တိုက်ခိုက်မှုတွေ သိသိသာသာ လျော့နည်းခဲ့တာ တွေ့ရပါတယ်။ ရွှေဘို၊ ဝက်လက်၊ ချောင်းဦး၊ အရာတော်၊ မုံရွာ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ၊ ရေဦး၊ ခင်ဦး၊ တန့်ဆည် အစရှိတဲ့ ဒေသတွေမှာ စစ်တပ်အနေနဲ့ မြို့ဧရိယာတွေကိုသာ ထိန်းသိမ်းထားနိုင်တာ နှစ်နဲ့ချီရှိနေခဲ့တာ ဖြစ်ပါတယ်။ ရုံးစိုက်ရာမြို့တွေမှာသာ နေထိုင်နေကြပြီး တမြို့နဲ့ တမြို့ ဆက်သွယ်ရာလမ်းတွေ၊ ကျေးရွာတွေ အများစုက PDF တွေ စိုးမိုးထားကြတာ ဖြစ်ပါတယ်။ 

ခုရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ အဖြစ်အပျက်တွေကို ကြည့်မယ်ဆိုရင် ရွှေဘို-မြစ်ကြီးနား ကားလမ်းက ခရီးသွားတဲ့ ယာဥ်တန်းတွေကို ခင်ဦးမြို့နယ်ထဲမှာ လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့တယ်လို့ သတင်းဖော်ပြမှုတွေအရ သိရပါတယ်။ ဂျက်တိုက်လေယာဥ်၊ ဂျိုင်ရိုကော့ပတာ တို့နဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ရွှေဘို -မြစ်ကြီးနားကားလမ်းကို ဒီဇင်ဘာ ၈ ရက်နေ့ကတည်းက အာဏာသိမ်းစစ်တပ်ဘက်က လမ်းပိတ်ထားခဲ့လို့ ယာဥ်အစီးရေ ရာနဲ့ချီ စုဝေးစောင့်ဆိုင်းနေကြတဲ့ ယာဥ်တန်းကို လေကြောင်းက တိုက်ခိုက်ခဲ့တာပါ။ 

ဒီတိုက်ခိုက်မှု မတိုင်ခင် တရက် ဒီဇင်ဘာ ၁၇ ရက်နေ့ကလည်း ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ် ဝက်လက်မြို့နယ်ထဲမှာ ပိတ်မိလို့ စောင့်ဆိုင်းနေတဲ့ ခရီးသွားကားတန်းကို လေကြောင်းကတိုက်ခိုက်ခဲ့ရာမှာ ခရီးသွား အရပ်သား ၆ ဦး သေဆုံးခဲ့ရတယ်လို့ သတင်းတွေအရ သိရပါတယ်။ ခရီးသွားကားတန်းတွေကို တိုက်ခိုက်ရာမှာ လောင်စာဆီတင်ဆောင်ထားတဲ့ ဆီဘောက်ဆာတွေလိုမျိုးကို အထူးပစ်မှတ်ထား တိုက်ခိုက်လေ့ရှိတာ တွေ့ရပါတယ်။ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း ရောင်းချဖို့ သယ်ဆောင်တဲ့ လောင်စာဆီတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ ယူဆရပါတယ်။ ကချင်ပြည်နယ်မှာ အသုံးပြုနေတဲ့ လောင်စာဆီအများစုကို ရန်ကုန်-မန္တလေးက တဆင့် ရွှေဘိုမြစ်ကြီးနားလမ်း တလျှောက်သယ်ယူကြတာ ဖြစ်ပါတယ်။ ပြည်သူလူထုအသုံးပြုတဲ့ လောင်စာဆီ၊ PDF လက်နက်ကိုင် တပ်ဖွဲ့၊ ရွှေတူးဖေါ်တဲ့ လုပ်ငန်း၊ ကျောက်စိမ်းတူးဖေါ်တဲ့ လုပ်ငန်းမှာ အသုံးပြုဖို့ သယ်ယူတဲ့ လောင်စာဆီ စသဖြင့် အမျိုးမျိုးသော လုပ်ငန်းတွေ ဒေသတွေမှာ အသုံးပြုမယ့် လောင်စာဆီတွေကို ဘယ်ဟာက PDF တွေအတွက် လောင်စာဆီရယ်လို့ ခွဲခြား သိရှိဖို့ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ 

သို့တိုင်အောင် အာဏာသိမ်းစစ်တပ် အနေနဲ့ ခွဲခြားခြင်း မပြုဘဲအခုလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းက ဒီပဲယင်း၊ ဝက်လက်၊ ခင်ဦး၊ ရေဦး အစရှိတဲ့မြို့နယ်တွေမှာ လေကြောင်းက တိုက်ခိုက်မှုတွေ လုပ်နေချိန်မှာ တပြိုင်နက်ထည်း မန္တလေး-မိုးကုတ် ကားလမ်းတလျှောက် မှာလည်း MDY PDF တွေထိန်းချုပ်ထားတဲ့ နယ်မြေတွေကို တစတစ ပြန်လည်သိမ်းယူဖို့ ထိုးစစ်ဆင်လာနေတာတွေ့ရပါတယ်။ 

TNLA လက်ထဲက မိုးကုတ်မြို့ ကို ပြန်လည်လွှဲပြောင်းရယူပြီးနောက် မိုးကုတ်မြို့အနောက်တောင်ဘက် ကားလမ်းကနေ အောက်ဘက်ကို ဆင်းလာတဲ့ စစ်ကြောင်း၊ မန္တလေးဘက်၊ မတ္တရာဘက်ကနေ အထက်ဘက်ကို တက်တဲ့ စစ်ကြောင်းတွေနဲ့ စဥ့်ကူမြို့ကို သိမ်းဖို့ရည်ရွယ် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေက MDY PDF က တိုက်ခိုက်သိမ်းယူပြီး ထိန်းချုပ်ထားတဲ့ ကားလမ်းတလျှောက်နဲ့ ဧရာဝတီမြစ်ဘေးက နယ်မြေတွေ၊ ကျေးရွာ၊ မြို့တွေကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူဖို့ ထိုးစစ်ဆင်နေတာ လအတန်ကြာရှိလာပြီဖြစ်ပြီး မိုးကုတ်-မန္တလေးကားလမ်း ပိုင်းရဲ့ အချို့အစိတ်အပိုင်းတွေ၊ ကျေးရွာတွေကို လက်လွှတ်နေရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ် အနေနဲ့ အခုလို ဗျူဟာလမ်းလို့လည်း ခေါ်ဆိုတဲ့ ရွှေဘို-မြစ်ကြီးနား ကားလမ်းတလျှောက် နဲ့ မိုးကုတ်-မန္တလေး ကားလမ်းတလျှောက်ကို တိုက်ခိုက်နေသလဲ၊ စဥ့်ကူး၊ မိုးကုတ်၊ သပိတ်ကျဥ်းတို့လို နယ်မြေတွေကို ပြန်ပြီး စိုးမိုးထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေသလဲလို့ မေးရင် သယံဇာတနဲ့ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတွေကို ထိန်းချုပ် စိုးမိုးလိုတာကြောင့် ဆိုတာ ရှင်းလင်းနေတဲ့ အရာတွေ ဖြစ်ပါတယ်။ MDY PDF လက်နက်ကိုင် အဖွဲ့ အားကောင်းကောင်းနဲ့ လှုပ်ရှားနိုင်ခြင်းဟာ အဆိုပါ ဒေသမှာ ရှိတဲ့ ရွှေတွင်းတွေက ကောက်ခံရရှိတဲ့ အခွန်အကောက်တွေကြောင့်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။ အလားတူပဲ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်း တလျှောက်ကလည်း စစ်ကိုင်းတိုင်း နဲ့ ကချင်ပြည်နယ်တို့မှာ လှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့တွေ အတွက် အခွန်အကောက်၊ ရိက္ခာ၊ လောင်စာ အစရှိတဲ့ ပစ္စည်းတွေကို ရရှိဖို့ အရေးပါတဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖြစ်နေတာကြောင့် ဒီလမ်းကြောင်းတွေကို ဖြတ်တောက် ထိန်းချုပ်နိုင်ဖို့ အခွန်အကောက် မရရှိအောင် ဖြတ်တောက်ဖို့ ရည်ရွယ် လုပ်ဆောင်နေတာ အာဏာသိမ်းစစ်တပ်ရဲ့ ဗျူဟာ တရပ်ဖြစ်တာ ထင်ရှားနေတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar