Breaking News

KNLA က NUG တပ်ရင်းက စစ်ကြောင်းမှူးအပါအဝင် ၅၀ ကျော် ဖမ်းဆီး၊ မြစ်ဆုံရေအားလျှပ်စစ် ထုတ်လုပ်ရေး ပြန်စဖို့ ပြင်ဆင်နေ

မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၁၇ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၁၈ ၊ ၂၀၂၅


KNLA က NUG တပ်ရင်းက စစ်ကြောင်းမှူးအပါအဝင် ၅၀ ကျော် ဖမ်းဆီး၊ မြစ်ဆုံရေအားလျှပ်စစ် ထုတ်လုပ်ရေး ပြန်စဖို့ ပြင်ဆင်နေ

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ထဲက NUG လက်အောက်ခံ တောင်ပိုင်းစစ်ဒေသက နည်းဗျူဟာမှူး အပါအဝင် တပ်ဖွဲ့ဝင် ၅၀ နီးပါးကို ကေအန်ယူရဲ့ မြိတ်-ထားဝယ်ခရိုင် တပ်မဟာ အမှတ် ၄ ရဲ့အောက်က တပ်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ ဖြစ်စဥ်တရပ် ဒီဇင်ဘာ ၁၇ ရက်နေ့ မှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ် ဖြစ်ပွားတဲ့ နေ့မှာပဲ တနင်္သာရီဒေသ အခြေစိုက် Dawei Watch သတင်းဌာနက သတင်းစတင် ဖော်ပြခဲ့ပြီးနောက် အဆိုပါနေ့ ညနေပိုင်းမှာ အခြားသတင်းဌာနတွေကလည်း ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ ဆက်တိုက်ဆိုသလို ဖော်ပြခဲ့ကြတာပါ။ 

ဖြစ်ပျက်ပုံက ကေအန်ယူ တပ်မဟာ (၄) လက်အောက်ရှိ တပ်ရင်း ၁၂ ဒေသ၊ သရက်ချောင်းမြို့နယ်ထဲမှာ ကေအန်ယူ တပ်ဖွဲ့ဝင် ရဲဘော်တယောက်က NUG အထူးစစ်တိုင်း နည်းဗျူဟာ ၃၃ အောက်က PDF ဂိတ်တခုကို ဖြတ်သန်းခဲ့စဥ်မှာ စကားများရာက ရိုက်နှက်ခံရရာကနေ ပြဿနာ စတင်ဖြစ်ပွားခဲ့တယ်လို့ သတင်းဖော်ပြချက်တွေအရ သိရှိရပါတယ်။ ကနဦးအဖြစ်အပျက် ဖြစ်ပွားပြီးနောက်မှာ ကေအန်ယူ တပ်ရင်း ၁၂ ဘက်က PDF ဂိတ်မှာ အချင်းများတဲ့ ရဲဘော်တွေကို ဖမ်းဆီးခဲ့ပြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတွေ လာရောက်ဖြေရှင်းဖို့ အကြောင်းကြားခဲ့ပေမယ့် PDF တပ်ဖွဲ့ဘက်က သွားရောက် မဖြေရှင်းတာကြောင့် အခုလို နည်းဗျူဟာမှူး အပါအဝင် တပ်ဖွဲ့ဝင် ၅၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့တာလို့ သတင်းတွေက ဖော်ပြထားကြတာ ဖြစ်ပါတယ်။ 

အခု ဖြစ်ရပ်သတင်း ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ပေါ်ထွက်လာတဲ့အခါ ကေအန်ယူနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်က တပ်ဖွဲ့တွေအကြား ပြဿနာဖြစ်ပွားနေပြီဆိုတဲ့ ပြောဆိုမှုမျိုး အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ တပ်ဖွဲ့တွေအကြား ပွတ်တိုက်မှု၊ ဖမ်းဆီးမှုတွေ ဖြစ်ပွားနေပြီဆိုတဲ့ ဇာတ်ကြောင်းမျိုးနဲ့ အာဏာသိမ်းစစ်တပ်ထောက်ခံသူတွေဘက်က ဝါဒဖြန့်ဖို့ အခွင့်အရေး ရသွားနိုင်တာကြောင့် ဒီပြဿနာကို လျင်လျင်မြန်မြန်နဲ့ အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ တိုက်တွန်းပြောဆိုမှုတွေလည်း ဆက်တိုက်ဆိုသလို ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ 

တနင်္သာရီတိုင်းထဲမှာ ကေအန်ယူဘက်က တပ်မဟာ ၄ အခြေစိုက်ပြီး လှုပ်ရှားတဲ့ ဒေသဖြစ်ပါတယ်။ တဖက်မှာလည်း ရေဖြူ၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း အစရှိတဲ့ ကမ်းရိုးတန်းတလျှောက်မှာ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်က တပ်ရင်းတွေ လှုပ်ရှားကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသအလိုက် PDF တပ်ဖွဲ့တွေလည်း ရှိနေကြတာဖြစ်ပြီး တနင်္သာရီတိုင်းအတွင်း အမည်အမျိုးမျိုးနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေလည်း ဒေသအလိုက် လှုပ်ရှားကြတာ ဖြစ်ပါတယ်။ 

အခု ဖြစ်ရပ်က အမျိုးသားညီညွတ်ရေး အစိုးရ နဲ့ ကေအန်ယူ အဖွဲ့တို့အကြားက ဆက်ဆံရေးကို အဖုအထစ်ဖြစ်စေမလား သို့မဟုတ် အောက်ခြေမှာ ဖြစ်ပျက်တဲ့ အသေးအဖွဲ ပြဿနာတရပ် အနေအထား၊ အဖြစ်အပျက်တရပ်တခုသာ ဖြစ်ပြီး အဖွဲ့အစည်းရဲ့ အပေါ်ပိုင်းတွေအထိ သက်ရောက်မှု မရှိနိုင်တဲ့ ဖြစ်ရပ်တခုလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရှိသေးတဲ့ အနေအထားဖြစ်ပါတယ်။ 

သာမန် လက်နက်ကိုင်တပ်ဖွဲ့ဝင် ရဲဘော်အချင်းချင်းအကြား ဖြစ်ပျက်တဲ့ ဖြစ်ရပ်တခု အဖြစ်ခဲ့ရင် နှစ်ဖက်အဖွဲ့အစည်းတွေ အကြား နားလည်မှု လွဲမှားတာမျိုးထိ မရောက်ရှိနိုင်ပေမယ့်  နယ်မြေစိုးမိုးမှုတွေနဲ့ ပတ်သက်တဲ့ ပွတ်တိုက်မှုမျိုးအထိ မရောက်ရှိစေဖို့ သတိပြုဖို့ လိုအပ်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် ကေအန်ယူ တပ်ဖွဲ့တွေ နဲ့ PDF တပ်ဖွဲ့တွေ နယ်မြေချင်း ထိစပ်နေတဲ့ဒေသတွေမှာ တစုံတရာ ပြဿနာဖြစ်ပွားခဲ့ရင် လျင်မြန်စွာ ဆက်သွယ်ပြီး ဖြေရှင်းတဲ့ စနစ်တရပ်၊ ဆက်သွယ်ရမယ့်သူ၊ တာဝန်ရှိသူ စတာတွေကိုလည်း သတ်မှတ်ပေးထားပြီး အောက်ခြေမှာ ဖြစ်ပွားတဲ့ ပွတ်တိုက်မှု၊ နားလည်မှုလွဲမှားတာ စတဲ့ အဖြစ်အပျက်တွေကို နှစ်ဖက်လျင်လျင်မြန်မြန် ဖြေရှင်းနိုင်ဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ နောက်အကြောင်းအရာတခုက သမ္မတဦးသိန်းစိန် လက်ထက်က ဆိုင်းငံ့ထားခဲ့တဲ့ မြစ်ဆုံရေအားလျှပ်စစ် ထုတ်လုပ်ဖို့ စီမံကိန်းကို ပြန်လည်စတင်ဖို့ လုပ်ဆောင်နေတဲ့ အကြောင်းအရာဖြစ်ပါတယ်။ 

ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုတိယခေါင်းဆောင် ဖြစ်သူ စိုးဝင်းက ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်သွားမယ်လို့ မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ တွေ့ဆုံစဥ် ပြောဆိုခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။ နအဖ စစ်အစိုးရအုပ်ချုပ်တဲ့ နှောင်းပိုင်းကာလ ဖြစ်တဲ့ ၂၀၀၉ ခုနှစ်မှာ တရုတ်နိုင်ငံနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး အဲဒီအချိန်ကတည်းက စတင်ပြင်ဆင်ခဲ့ရာက သမ္မတဦးသိန်းစိန်လက်ထက်မှာ ကချင်ပြည်နယ် ဒေသခံတွေနဲ့ အတူ အခြားသောဒေသအသီးသီးက အရပ်ဖက်အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေက ကန့်ကွက်ခဲ့ကြရာက ဦးသိန်းစိန်က ဒီစီမံကိန်းကို ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။ မြစ်ဆုံစီမံကိန်းကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြတဲ့ အကြောင်းအချက်တွေက ဆည်တည်ဆောက်တဲ့အခါ ရေမြုပ်ဧရိယာမှာ နေထိုင်ကြတဲ့ လူသောင်းနဲ့ ချီတဲ့သူတွေရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ နေထိုင်မှုဘဝ၊ ဧရာဝတီမြစ်ကြောင်းတလျှောက် ဇီဝမျိုးစိတ်တွေကို သက်ရောက်ထိခိုက်နိုင်ခြေ၊ စစ်ကိုင်းပြတ်ရွေ့ကြောနဲ့ နီးကပ်နေတာကြောင့် ဆည်ကျိုးပေါက်ခဲ့ရင် အန္တရာယ်သက်ရောက်မယ့် ဒေသတွေ စတဲ့အချက်တွေကြောင့် ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဦးသိန်းစိန်လက်ထက်မှာ ဒီစီမံကိန်းကို ရပ်ဆိုင်းခဲ့ပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အရပ်ဘက်အဖွဲ့အစည်းနဲ့ လူထုရဲ့ သဘောထားတွေကို အလေးထားစရာမလိုတော့တဲ့ အာဏာသိမ်းစစ်အစိုးရ အနေနဲ့ ပြန်လည်လုပ်ကိုင်ဖို့ ရည်ရွယ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံ အနေနဲ့ မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ခဲ့တာကို မြန်မာဘက်က သဘောတူစာချုပ်ကို ချိုးဖောက်ရာရောက်တယ်လို့ ယူဆခဲ့ပြီး ၂၀၂၄ ခုနှစ် စစ်တပ်အနေနဲ့ တရုတ်နိုင်ငံရဲ့ သံတမန်ရေး၊ စစ်လက်နက်နည်းပညာ အကူအညီတွေကို ပြန်လည်မှီခိုလာရချိန်မှာ တရုတ်နိုင်ငံကို မျက်နှာလုပ်လိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီမြစ်ဆုံစီမံကိန်းကို ပြန်စတင်ဖို့ လုပ်ဆောင်တာလားလို့ ယူဆစရာ ရှိနေတာပါ။

မြစ်ဆုံစီမံကိန်းဟာ ၂၀၁၁ နောက်ပိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ အကြောင်းအရာ တခုအဖြစ် လူထုအကြား စိတ်ဝင်စားမှု အခံရဆုံး အဖြစ်အပျက်တရပ် ဖြစ်ပါတယ်။ လူအများစုရဲ့ ဆန္ဒ၊ အသံကို အလေးထားတဲ့အနေနဲ့ သို့မဟုတ် အဲဒီအချိန်ကာလက ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဟာ အစစ်အမှန်ဖြစ်ကြောင်း သက်သေပြလိုတာကြောင့် မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ပေးခဲ့တာလို့ ကောက်ချက်ချနိုင်ပါတယ်။ 

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်တပ် အနေနဲ့ ၄င်းတို့ ထိန်းချုပ်နယ်မြေ အများအပြားလက်လွတ်ဆုံးရှုံးခဲ့ရ တဲ့အနေအထားမှာ ကချင်ပြည်နယ်မှာလည်း နယ်မြေအများအပြား ဆုံးရှုံးခဲ့ရတာပါ။ ဒီလိုအနေအထားမှာ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ဖို့ ပြောဆိုလာခြင်းဟာ အမှန်တကယ် လုပ်ဆောင်နိုင်မယ့် အခြေအနေရှိ မရှိက မသေချာပါဘူး။ မြစ်ကြီးနားမြို့ပေါ် လောက်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကချင်ပြည်နယ်ရဲ့ ဒေသအများအပြားမှာ KIA တပ်ဖွဲ့တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ဒီလို အနေအထားမှာ မြစ်ဆုံဆည်ကို ပြန်လည်စတင်မယ်လို့ ဆိုခြင်းက တရုတ်နိုင်ငံကို ကျေနပ်အားရစေလိုတဲ့ ရည်ရွယ်ချက် အပြင် ဒီဒေသတွေကို အာဏာသိမ်းစစ်တပ် အနေနဲ့ ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် တရုတ်နိုင်ငံ အနေနဲ့ KIA ကို ဖိအားပေးခြင်း ဖြစ်သော်လည်းကောင်း၊ စစ်တပ်ကို စစ်လက်နက် နည်းပညာထောက်ပံ့ပေးပြီး KIA ကို စီမံကိန်းဧရိယာတွေကနေ ဖယ်ရှားနိုင်ဖို့ ရည်ရွယ်တာ သော်လည်းကောင်း ဖြစ်နိုင်ခြေ ရှိနေတာပါ။ 

တနည်းအားဖြင့်ပြောရရင် ပြည်တွင်းစစ်မှာ တရုတ်နိုင်ငံရဲ့ ရုပ်ဝတ္ထုဆိုင်ရာ ထောက်ခံအားပေးမှုကို ရှာဖွေတဲ့ ရည်ရွယ်ချက် နောက်ကွယ်မှာ ရှိနေတယ်ဆိုတာ ဗေဒင်မေးစရာမလိုတဲ့ အချက်ဖြစ်နေတယ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar