Breaking News

NUG ဘာလဲ ဘယ်လဲ နဲ့ နွေဦးတော်လှန်ရေး အလားအလာ



မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၃၀ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၁ ၊ ၂၀၂၅


NUG ဘာလဲ ဘယ်လဲ နဲ့ နွေဦးတော်လှန်ရေး အလားအလာ 

စစ်အာဏသိမ်းပြီး ၂ လခွဲအကြာမှာ ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG အနေနဲ့ ၅ နှစ်နီးပါးကာလကို ရောက်ရှိလာချိန်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ လိုအပ်နေကြောင်း NUG ထောက်ခံသူတွေထဲကရော နွေဦးတော်လှန်ရေးကို ထောက်ခံသူ၊ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးကို ကြိုးပမ်းနေသူတွေက ထုတ်ဖေါ်ပြောဆိုလာကြတာပါ။ 

NUG ပြုပြင်ပြောင်းလဲရေး ဘာကြောင့် လုပ်ဖို့လိုအပ်သလဲလို့ ဆိုရင် လုပ်သင့်တယ်ဆိုတဲ့ အကြောင်းအမျိုးမျိုး ရှိကြပါလိမ့်မယ်။ အဓိက အကြောင်းရင်းက စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး ရည်ရွယ်ချက်ကို မြန်မြန်ဆန်ဆန် ရောက်ရှိဖို့အတွက် လက်ရှိ ဖွဲ့စည်းလုပ်ဆောင်ပုံတွေကို ပြုပြင်သင့်တယ်ဆိုတဲ့ အမြင်က ယေဘုယျ အမြင်ဖြစ်ပါလိမ့်မယ်။ 

အချို့ကလည်း NUG က ပုံမှန်ကာလ အစိုးရပုံစံမျိုး ဖွဲ့စည်းထားပြီး တော်လှန်ရေးကာလ အစိုးရ အသွင်သဏ္ဍာန်မရှိတာကြောင့် တော်လှန်ရေးကို ရှေ့ရောက်အောင် မလုပ်ဆောင်နိုင်ဘူး ဆိုတဲ့အမြင်မျိုး လည်းရှိနေကြတာ ကြားသိနေရတာပါ။ 

နောက်အမြင်တရပ်က NUG ရဲ့ ရည်မှန်းချက်နဲ့ ပန်းတိုင်က စစ်ရေးအရ အောင်မြင်မှုကို အဓိက ပန်းတိုင်အဖြစ် ထားရှိတယ်ဆိုရင် စစ်ရေးအောင်မြင်မှုရဖို့ စစ်ရေးအတွေ့အကြုံရှိသူ ကျွမ်းကျင်သူတွေကို ဦးဆောင်သင့်တယ်ဆိုတဲ့ အမြင်မျိုးလည်း ရှိနေကြတာ ဖြစ်ပါတယ်။ လက်ရှိ စစ်ရေးခေါင်းဆောင် တာဝန်ယူထားသူတွေက စစ်ရေးအတွေ့အကြုံရှိသူတွေ မဟုတ်ကြတာကြောင့် ဒီတာဝန်တွေကို စစ်ရေးအတွေ့အကြုံရှိသူ ကျွမ်းကျင်သူတွေကို ပေးသင့်တယ်လို့ ရှုမြင်ကြတာ ဖြစ်ပါတယ်။ 

ပြုပြင်ပြောင်းလဲ သင့်တယ်လို့ မြင်တဲ့ အခြားသော အမြင်တရပ်က မလိုအပ်တဲ့ ဝန်ကြီးဌာနတွေ ဖြုတ်ပြီး ကျစ်ကျစ်လစ်လျစ် နဲ့ ဖွဲ့စည်းသင့်တယ်ဆိုတဲ့ အမြင်ဖြစ်ပြီး တချို့ကတော့ ဝန်ကြီးဌာနတွေ များပြားနေခြင်းက အစိုးရအဖွဲ့လည်ပတ်မှုအတွက် အပို ကုန်ကျစရိတ်တွေ ဖြစ်စေတယ်ဆိုတဲ့ အမြင်ဖြစ်ပါတယ်။ 

နောက်ဝေဖန်မှုတချို့ကတော့ NUG အနေနဲ့ အလှူခံရရှိတဲ့ ငွေကြေးတွေ၊ ရံပုံငွေတွေ၊ ပြည်တွင်းထိန်းချုပ်နယ်မြေတွေမှာ ကောက်ခံရရှိတဲ့ အခွန်အကောက်တွေကို စနစ်တကျ စီမံခန့်ခွဲမှု အားနည်းပြီး အလွဲသုံးစားမှုတွေ၊ မျှမျှတတ ခွဲဝေမှုမရှိတဲ့ အချက်တွေကို ထောက်ပြပြီး ပြုပြင်ပြောင်းလဲမှု လုပ်သင့်တယ်ဆိုတဲ့ ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ 

တော်လှန်ရေးကာလ ၅ နှစ်နီးပါး ရောက်လာချိန်မှာ ငွေကြေးအလွဲသုံးမှုတွေနဲ့ ဖမ်းဆီးခံရတဲ့ ခရိုင်၊ မြို့နယ် အဆင့် ပကဖ၊ ပအဖတွေ ပေါ်ထွက်လာနေပြီး အလွဲသုံးစားလုပ်တဲ့ ငွေကြေးပမာဏကလည်း ကျပ်ငွေ သိန်းထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ ရှိလာနေတဲ့ အဖြစ်အပျက်တွေ အထက်ကအမြင်တွေကို အထောက်အကူဖြစ်စေတာ ဖြစ်ပါတယ်။ NUG ရဲ့ နိုင်ငံရေး ရာထူးခန့်အပ်ထားသူ ဝန်ကြီချုပ်ရုံးရဲ့ အတွင်းဝန်ကို လက်အောက်က ဝန်ထမ်းတွေက ငွေကြေး အလွဲသုံးစားလုပ်တယ်၊ ကိုယ်ကျိုးအတွက် သုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုင်ကြားမှုတွေလည်း ခုရက်ပိုင်းအတွင်းမှာ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ တိုင်ကြားမှုမှာ စွပ်စွဲပြောဆိုထားတဲ့ အဖြစ်အပျက်တွေက ခုရက်ပိုင်း ခုလပိုင်းမှာမှ ဖြစ်ပျက်တာမဟုတ်ပဲ အရင်ကတည်းက ဖြစ်ပွားလာခဲ့တဲ့ ဖြစ်စဥ်တွေဖြစ်ပြီး အခုလို NUG ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ လိုအပ်တဲ့ အမြင်တွေ အယူအဆတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာချိန်မှာ လူသိရှင်ကြား တိုင်ကြားလာတဲ့ သဘောလို့ ယူဆရပါတယ်။

NUG အစိုးရ ကိုယ်၌ကလည်း ပြုပြင်ပြောင်းဖို့ အစည်းအဝေးတရပ်ကို ပြီးခဲ့တဲ့ သြဂုတ်လနောက်ဆုံးပတ် သို့မဟုတ် စက်တင်ဘာ ပထမပတ်ထဲမှာ ကျင်းပခဲ့တယ်လို့ သတင်းအချို့မှာ ဖေါ်ပြထားတာတွေ့ရပါတယ်။ NUG အစိုးရအဖွဲ့ဘက်ကတော့ အဆိုပါ အစည်းအဝေးရဲ့ ရလဒ် နဲ့ ပတ်သက်လို့ ၂ လ ကျော် ၃ လနီးပါး ရှိလာချိန်အထိ ပြည်သူလူထုကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးပါဘူး။ ဝန်ကြီးဌာနအချို့ကို ကော်မရှင်၊ ဦးစီးဌာနအသွင်မျိုး ပြောင်းလဲမယ်၊ ဝန်ကြီးချုပ်ရုံးအောက်ကို ပြောင်းလဲထားရှိမယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိပေမယ့် NUG  အနေနဲ့ တိတိပပ တရားဝင် ထုတ်ဖေါ်ပြောဆိုတာမျိုး မရှိသေးပါဘူး။ လူ့အခွင့်အရေး ဝန်ကြီးဌာနကို ကော်မရှင် အဖြစ်အသွင်ပြောင်း ဖွဲ့စည်းတာမျိုး သတင်းအချို့မှာ ဖေါ်ပြခဲ့ကြတာ ဖြစ်ပါတယ်။ 

ခုရက်ပိုင်းမှာတော့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီး ဖြစ်သူက သူ့အနေနဲ့ NUG က နုတ်ထွက်စာတင်ထားပြီး ဖြစ်ကြောင်းကို သတင်းမီဒီယာ တခုကို ဖြေကြားခဲ့ရာက မကြာသေးခင်လပိုင်းက ပြုလုပ်ခဲ့တဲ့ NUG ပြုပြင်ပြောင်းလဲမှု အစည်းအဝေးပြီးနောက် အခုလို နုတ်ထွက်စာတင်ခဲ့တာလားလို့ ယူဆစရာလည်း ဖြစ်ပါတယ်။ NUG အနေနဲ့ ဖွဲ့စည်းပုံအရ ပြုပြင်ပြောင်းလဲမှုတွေကို ဆုံးဖြတ်သဘောတူပြီးပြီလို့ ယူဆရပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးကနေ ဝန်ကြီးဌာန ဖွဲ့စည်းပုံ ကျစ်လစ်တဲ့ အစိုးရဖြစ်အောင် ပြောင်းလဲဖွဲ့စည်းတာတွေ လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်က ချမှတ်ပြီးပြီလို့ ယူဆရပေမယ့် အများပြည်သူကို အသိပေးခြင်း မရှိသေးတဲ့ သဘောသာဖြစ်ပါလိမ့်မယ်။ 

NUG အဖွဲ့အစည်း ကိုယ်၌ ပြုပြင်ပြောင်းလဲရေးနဲ့ နောက်အကြောင်းအရာ တခုက နွေဦးတော်လှန်ရေး တနည်း စစ်အာဏာရှင် စနစ်အဆုံးသတ်ရေး အတွက် လမ်းစဥ်တွေနဲ့ ပတ်သက်လို့လည်း ပြန်လည် သုံးသပ်ပြင်ဆင်ဖို့ လိုအပ်လိမ့်မှာ ဖြစ်ပါတယ်။ 

စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးကို လက်နက်ကိုင်နည်းလမ်းနဲ့ အောင်မြင်မှုရသည်အထိ လုပ်ဆောင်မယ့် လမ်းစဥ်လား၊ အဲဒီလိုလုပ်ဆောင်ရာမှာလည်း ဘယ်အဖွဲ့အစည်းတွေနဲ့ တပ်ပေါင်းစု ဖွဲ့မှာလဲ၊ ဘယ်အဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့မှာလဲ စသဖြင့် လမ်းစဥ်တွေလည်း ပြန်လည်သုံးသပ် အတည်ပြုဖို့ လိုအပ်လိမ့်မှာဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ NUG တို့ရဲ့ ဆက်ဆံရေးက ပိုပြီးအားကောင်းလာသလား သို့မဟုတ် ကျဆင်းသွားသလား စတဲ့ အနေအထားတွေကလည်း နွေဦးတော်လှန်ရေးရဲ့ အလားအလာ အပေါ် သက်ရောက်မှုတွေ ရှိစေမှာ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး မတိုင်မီ ဆက်ဆံရေး ၁၀၂၇ စစ်ဆင်ရေးပြီးနောက်ကာလ ၂၀၂၅ ခုနှစ် ဆက်ဆံရေး အနေအထားတွေ မတူတော့တာလည်း တွေ့ကြရမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဖိအား၊ မိမိတို့ဒေသကို ထိန်းချုပ်နိုင်ရေး နဲ့ သိမ်းယူရရှိထားတဲ့ နယ်မြေတွေကို ထိန်းသိမ်း အုပ်ချုပ်နိုင်ရေးတွေ ကို ထောက်ပြီး အပစ်ရပ် သဘောတူခဲ့ရတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ရှိလာတဲ့နောက်မှာ NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ဆက်ဆံရေး အပေါ် သက်ရောက်မှုတွေ ရှိလာစေပါတယ်။ 

အခု ဖေါ်ပြခဲ့တဲ့ အခြေအနေ ပြောင်းလဲလာတဲ့ အခင်းအကျင်း နဲ့ မိမိအဖွဲ့အစည်းကို ပြန်လည် ကျစ်လစ်အောင် ဖွဲ့စည်းဖို့ NUG  မှာ တာဝန်ပေးခံရသူ၊ တာဝန်ယူသူတွေ အဲဒီရာထူးတာဝန် အတွက်လိုအပ်တဲ့ ကျွမ်းကျင်မှု၊ ရိုးသားမှုနဲ့ တော်လှန်ရေးအတွက် စွန့်လွှတ်ပိုင်းဖြတ်မှုတွေ ရှိဖို့လိုအပ်တာလည်း ဖြစ်ပါတယ်။ 

မိမိတို့ နေအိမ်တွေကို စွန့်ခွာတိမ်းရှောင်နေရသူ ၃ သန်းကျော် ၄ သန်းနီးပါး နိုင်ငံကနေ စွန့်ခွာပြီး ပြည်ပမှာ ကျရာ အလုပ်လုပ်ကိုင်နေကြရသူ ၄ သန်းကနေ ၆ သန်းအထိရှိတဲ့ မြန်မာလူထုအတွက် နွေဦးတော်လှန်ရေးအပေါ် ကြီးမားတဲ့ မျှော်လင့်ချက်တွေ ရှိနေကြတာ ဖြစ်လို့ အဆိုပါ မျှော်လင့်ချက်တွေ မပျက်သုဥ်းစေဖို့ က တော်လှန်ရေး အင်အားစုတွေ အပေါ် မူတည်နေတာလည်း ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar