Breaking News

ဖလော်ဒါဟန် - အဆိပ်

ဖလော်ဒါဟန် - အဆိပ်

မိုးမခ ၊ ဖေဖော်ဝါရီ ၂၇ ၊ ၂၀၂၆


လေယာဉ်သံတွေ တစ်ညလုံးနီးနီး ကြားနေရတယ်။

အသံမျိုးစုံနဲ့အတူ အချို့လေယာဉ်သံကြီးများသည် ပြင်းအားအတော်ကြီးသည်။

တိုက်ပွဲတွေ ပျံ့နှံ့နေတဲ့ မြန်မာပြည်ကြီးမှာ လေယာဉ်သံက အန္တရာယ်ပါ။

ညက နက်လေ အတွေးက စိတ်လာတယ်။

ဘယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါလိမ့်။

ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ခြွေချလိုက်ပြီလားဟူသည့် ပူပန်စိတ်နဲ့အတူ အိပ်မပျော်တော့ပါ။

ဖုန်းကိုဖွင့် သတင်းတွေ ဖတ်နေမိတယ်။

လိုင်းကလည်း မကောင်း။

WiFi မရှိတော့ စာဖတ်အားကို ဦးစားပေးရတယ်။

အရင်က မမြင်ဖူးတဲ့ တိုက်လေယာဉ်ကြီးတွေ အခုဆို စည်းကမ်းမဲ့စွာနဲ့ ပြည်သူတွေ ခေါင်းပေါ်ကနေ ပျံသန်းနေကြပြီ။

အတင့်ရဲလာတဲ့ လေကြောင်းအားသည် တိုက်ပွဲမရှိသည့် နယ်မြေတွေကို ဖြတ်သန်းသွားချိန် ဘယ်ဆီကိုများ သွားမှာပါလိမ့်ဆိုသည့် အတွေး။

ငေးမော့ကြည့်နေရုံမှအပ အမြင်အာရုံက ဝေဝါးခဲ့ရသည်။

အသံက နှိပ်စက်နေဆဲ။

ညက နက်သည်။ တစ်လရ ရက်တာတွေက ရှည်လျားသည်။

လူငယ်တွေအတွက် အနာဂတ်က ဝေးနေဆဲ။

နိုင်ချင်လို့ တိုက်ကျတဲ့ တိုက်ပွဲတွေမှာ အသက်တွေက တန်ဖိုးရှိသည်။

မြန်မာပြည်ကြီးမှာ “ည” ဟူသည် လူတွေရဲ့ အတွေး၊ အရေး၊ အနာဂတ်၊ အသိတွေကို ပိုပြီး ညဉ့်နက်စေသည်။

အရုဏ်တက်ချိန်မှာ လူသားအားလုံး နိုးထကြရဦးမည်။

အချို့လည်း ထာဝရ အိပ်စက်သွားကြသလို၊

အချို့လည်း မလှပတဲ့ နေ့ရက်တွေကို ဖြတ်သန်းကြရအုံးမည်။

လေယာဉ်သံသည် တိတ်ဆိတ်နေသည့် ညအမှောင်ကို ဖြိုခွင်းခဲ့ပြီ။

လူသားအားလုံး အနားယူချိန် မြန်မာပြည်ကြီး အနားမယူပါ။

ညတွေက အဆိပ်တွေ။

နေ့တွေက အဆိပ်တွေ။


၂၂.၂.၂၀၂၆



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar