TNLA တပ်ဖွဲ့နဲ့ MNDAA ကြားမှာ ဖြစ်ပွားတဲ့ ပြဿနာတွေ ဘယ်လိုအဖြေရှာကြမလဲ
မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၂၆ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆
TNLA တပ်ဖွဲ့နဲ့ MNDAA ကြားမှာ ဖြစ်ပွားတဲ့ ပြဿနာတွေ ဘယ်လိုအဖြေရှာကြမလဲ
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၂ ခုလည်းဖြစ် လက်ရှိအချိန်မှာ အသက်ဝင်နေဆဲလို့ မှတ်ယူရတဲ့ လက်နက်ကိုင် မဟာမိတ်အဖွဲ့ ၂ ဖွဲ့ထဲမှာလည်း အဖွဲ့ဝင်တွေအဖြစ် ပါဝင်နေတဲ့ လက်နက်ကိုင် ၂ ဖွဲ့ ဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် MNDAA တို့အကြားမှာ အောက်ခြေ လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း ပဋိပက္ခဖြစ်ပွားမှု၊ ရိုက်နှက်မှု၊ ခေတ္တဖမ်းဆီး ထိန်းသိမ်းမှုတွေနဲ့ သေနတ်ပစ်ဖောက်တဲ့ အနေအထားထိရောက်ရှိသည် အထိ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ဖြစ်ပွားခဲ့တာ သတင်းတွေမှာ ကြားသိကြရပြီး ဖြစ်ပါလိမ့်မယ်။
အထက်က တအာင်းလက်နက်ကိုင်တပ်ဖွဲ့နဲ့ ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့တို့ အကြားက နယ်မြေစိုးမိုးမှု အုပ်ချုပ်မှု နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေမှာ အငြင်းအခုံဖြစ်ပွားတာတွေ ရှိနေခဲ့ရာက ဖေဖေါ်ဝါရီလလယ်ပိုင်း လောက်မှာ ကွတ်ခိုင်မြို့ ကို ဖြတ်သန်း တည်ရှိတဲ့ လားရှိုး-မူဆယ်လမ်းမပေါ်က MNDAA တပ်ဖွဲ့ဘက်က တပ်ဆင်ထားတဲ့ စောင့်ကြည့်ရေး ကင်မရာ CCTV တွေကို TNLA တပ်ဖွဲ့က ဖြုတ်သိမ်းရာက ပြဿနာတွေ အရှိန်မြင့်လာခဲ့တာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကွတ်ခိုင်မြို့ကို တိုက်ခိုက်သိမ်းယူရာမှာ TNLA တပ်ဖွဲ့က အဓိက တိုက်ခိုက်သိမ်းယူခဲ့တာ ဖြစ်ပြီး MNDAA တပ်တွေကလည်း မြို့ရဲ့နေရာအချို့ ဖြစ်တဲ့ စိုက်ပျိုးရေးဝင်းတို့လိုနေရာတွေကို တပ်နေရာဝင်ယူပြီး နေခဲ့ကြတာ ဖြစ်ပါတယ်။
၁၉၉၄ ခုနှစ် နောက်ပိုင်း စစ်အစိုးရနဲ့ အပစ်ရပ်ပြီးနောက် KIA တပ်ဖွဲ့က ကွတ်ခိုင်မြို့မှာ ဆက်ဆံရေးရုံးဖွင့်လှစ်ထားခဲ့တဲ့ နေရာနဲ့ KIA လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကိုလည်း TNLA က မြို့ကို ထိန်းချုပ်ပြီးနောက် ကာလအတန်ကြာမှာ အင်အားသုံးဖယ်ရှားခဲ့တဲ့ ဖြစ်ရပ်လည်း ဖြစ်ပွားခဲ့တာပါ။ အဲဒီကာလတွေမှာ ကွတ်ခိုင်မှာသာမက နမ့်ဖတ်ကာ တို့လို KIA သိမ်းယူ ထိန်းချုပ်ထားတဲ့ နယ်မြေနဲ့ ထိစပ်တဲ့ နေရာတွေမှာလည်း KIA တပ်ဖွဲ့ဝင်တွေနဲ့ TNLA တပ်ဖွဲ့ဝင်တွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေ အငြင်းအခုံဖြစ်မှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
၂၀၂၄ ခုနှစ် နှစ်စပိုင်း အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို TNLA တပ်ဖွဲ့က သိမ်းယူပြီးနောက် MNDAA လက်နက်ကိုင် အဖွဲ့နဲ့ အောက်ခြေ တပ်တွေအချင်းချင်း ရုန်းရင်းဆန်ခတ်ဖြစ်တာက အခုတကြိမ်က ပထမဆုံးတော့ မဟုတ်ပါဘူး။ ဒိမတိုင်ခင် ၂၀၂၄ ခုနှစ် ဧပြီလတွေတုန်းကလည်း ကွတ်ခိုင် ကောင်ခါးလမ်းခွဲက MNDAA တပ်ဖွဲ့ဝင်တချို့ကို လက်နက်ဖြုတ်သိမ်းခဲ့တာတွေလည်း ရှိပါတယ်။
အခုတကြိမ်ကတော့ MNDAA ဘက်က ၄င်းတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ၊ လမ်းတွေကနေ တအာင်းလူမျိုးတွေ နေထိုင်တဲ့နယ်မြေတွေဆီ ကုန်စည်သယ်ဆောင်မှု ပိတ်ပင်တာ၊ တအာင်းလူမျိုးတွေကို ဖြတ်သန်းခွင့် ကန့်သတ်တဲ့ နည်းလမ်းတွေနဲ့ လက်တုံ့ပြန် ဆောင်ရွက်လာနေကြောင်း သတင်းတွေမှာ ဖော်ပြထားကြတာ တွေ့ရပါတယ်။
အခုလို မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ မှာ ပါဝင်နေတဲ့ လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့အနေနဲ့ အဆိုပါ မဟာမိတ်အဖွဲ့အနေနဲ့ ကြားဝင်ဖြေရှင်းတာမျိုးတော့ မကြားသိကြရပါဘူး။ ဒီ မြောက်ပိုင်းညီနောင်မဟာမိတ် အဖွဲ့အစား အဆိုပါ လက်နက်ကိုင် တပ်ဖွဲ့ ၂ ဖွဲ့လုံး အဖွဲ့ဝင်ဖြစ်နေတဲ့ ၂၀၁၇ ခုနှစ်မှာ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင် ၇ ဖွဲ့ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် FPNCC ကို တိုင်ကြားဖြေရှင်းဖို့ ကြိုးစားလေ့ရှိတာတွေ့ကြရပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ် အဖွဲ့မှာ တတိယမြောက် အဖွဲ့ဝင် ဖြစ်တဲ့ Arakan Army အနေနဲ့ အငြင်းအခုံဖြစ်နေတဲ့ ၂ ဖွဲ့ကို ကြားဝင်ဖြေရှင်းတာမျိုးထက် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွေမှာ လက်နက်ကိုင်အင်အားနဲ့ စီးပွားရေးအင်အား အကြီးဆုံးဖြစ်တဲ့ UWSA က ဥက္ကဌအဖြစ်တာဝန်ယူထားတဲ့ FPNCC က ပိုပြီးဖြေရှင်းနိုင်စွမ်းရှိမယ်လို့ ယူဆကြတာကြောင့်လည်း FPNCC အဖွဲ့ကို ဖြေရှင်းပေးဖို့ တောင်းဆိုကြတာမျိုး ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
အာဏာရှင်စစ်တပ်ကို တော်လှန်နေတဲ့ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေအကြား ဘာကြောင့် ပဋိပက္ခဖြစ်ပွားကြတာပါလဲ။ အကြောင်းခံက ဘာလဲလို့ ဆန်းစစ်ကြည့်ရင် နယ်မြေစိုးမိုးထိန်းချုပ်မှုတွေနဲ့ ပတ်သက်တဲ့ နိုင်ငံရေး ဘုံသဘောတူညီမှု တရပ် ရှိမနေကြတာက အဓိက အချက်တချက် ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ကို ဘုံရန်သူအဖြစ် သတ်မှတ်တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ အကြားမှာ နယ်မြေအုပ်ချုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်လို့ နိုင်ငံရေး ဆွေးနွေးမှု၊ သဘောတူညီမှုတွေ မရှိထားကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးစု အမျိုးမျိုး ရောနှောနေထိုင်နေကြတဲ့ ရှမ်းပြည်နယ်ဟာ တိုင်းရင်းသားအရေးကိစ္စနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်ကြရာမှာ ရှုပ်ထွေးမှုတွေ ရှိနိုင်တဲ့ နယ်မြေဒေသလို့ ဆိုရင်မှားမယ် မထင်ပါဘူး။ ခေတ်အဆက်ဆက် သမိုင်းကြောင်းတွေ၊ လူမျိုးစုတွေ အခြေချနေထိုင်လာတဲ့ သမိုင်းကြောင်းတွေ၊ အချိန်ကာလအလျောက်နဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ အခြားသောမူဝါဒတွေကြောင့် လူမျိုးနေထိုင်မှု ပြောင်းရွှေ့မှုတွေ အစရှိတဲ့ အကြောင်းအချက်တွေ ပေါ်အခြေခံကာ အဖြေရှာကြရမယ့် သဘောဖြစ်ပါတယ်။ ဒါတွေက နိုင်ငံရေးနည်းအရ အဖြေရှာကြတာ ဖြစ်ပြီး လက်ရှိအနေအထားမှာတော့ လက်နက်ကိုင်တပ်အင်အားနဲ့ တိုက်ခိုက်သိမ်းယူထားနိုင်တဲ့ အဖွဲ့က အုပ်ချုပ်ရေးဖော်ဆောင် အုပ်ချုပ်နေကြတာလည်း ဖြစ်ပါတယ်။
လက်နက်ကိုင် တပ်အင်အားနဲ့ တိုက်ခိုက်သိမ်းယူရာမှာ ရင်းနှီးရတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အသက်တွေ၊ စစ်လက်နက်ခဲယမ်း ကုန်ကျမှုတွေနဲ့ နယ်မြေပိုင်ဆိုင်ထိန်းချုပ်ပိုင်ခွင့်တွေကို ချိန်ခွင်တင်ပြောဆိုတာ သဘာဝမကျမှန်း နိုင်ငံရေးကို ကောင်းစွာ နားလည်ရင် သဘောပေါက်နိုင်ပါတယ်။
သို့ပေမဲ့ သာမန် အရပ်သားအတွေးနဲ့ သွေးနဲ့ချွေးနဲ့ တိုက်ယူထားတဲ့နယ်မြေတွေကို အလွယ်တကူတော့ လက်မလွှတ်နိုင်ဘူး ဆိုတဲ့ အယူအဆတွေကို ကိုင်စွဲထားကြရင်ဖြင့် လက်နက်ကိုင် ပဋိပက္ခတွေျ အဆုံးသတ်ဖို့ အလားအလာ နည်းပါးနေလိမ့်မှာလည်း ဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခအဟောင်းမှာ ရန်ဘက်အင်အားနည်းပါးသွားလို့ ရန်သူဟောင်းက မရှိတော့သည့်တိုင် နယ်မြေဒေသစိုးမိုးမှုအတွက် ပဋိပက္ခအသစ်နဲ့ ရန်ဘက် အသစ်တွေ ပေါ်ထွက်လာတတ်တဲ့ သဘောသဘာဝကိုလည်း သတိပြုကြဖို့ လိုအပ်မှာဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar