ကိုလေအိုး - သတင်းထောက်ဆိုတာ .. ရောက်တတ်ရာရာ
ကိုလေအိုး - သတင်းထောက်ဆိုတာ .. ရောက်တတ်ရာရာ
မိုးမခ ၊ မတ် ၁၁ ၊ ၂၀၂၆
“သတင်းစာဆရာအလုပ်ကို ဘေးကကြည့်တဲ့လူတွေထဲက ဘယ်လို ထင်ကြသလဲ မသိပါဘူးဗျာ။ မဟုတ်မှလွဲရော ကျနော်တို့ကို ကြောက်ကြောက်၊ မုန်းမုန်း မပေါင်းအပ်တဲ့လူတွေလို့ ယူဆသူတွေက မနည်းဘူး ထင်တယ်။ ဒီငနဲ တွေဟာ ကြောက်စရာကောင်းတယ်၊ သူတို့ ရေးချင်တာ ရေးတာပဲ၊ မထင်ရင် မထင်သလို ရေးတယ်။ ဂျပိုးကို လိပ်ဖြစ်အောင် ရေးတယ်။ တဖက်သားကို ဖိနှိပ်ပြီး ရေးချင် ရေးလိုက်တာပဲ။ ဒီလူတွေနဲ့ တည့်အောင်ရင်လည်း ပေါင်းထားပါမှ၊ ဝေးရင်လည်း ရှောင်ပါမှလို့ သဘောထားကြတယ် မဟုတ်လား။”
ဒီစာကို လူထုဦးလှက ၁၉၆၃ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်မှာ ရေးခဲ့တာဖြစ်ပြီး လူထုသတင်းစာရဲ့ ”သောင်းပြောင်းထွေလာ ရေးချင်ရာရာ”အခန်းမှာ ဒီဇင်ဘာ ၅ ရက်မှာ ဖော်ပြခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်ကတည်းက မြန်မာတွေဟာ သတင်းစာသမားတွေအပေါ် အမြင်မကြည်ဘူးဆိုတာ ပေါ်လွင်စေတဲ့ အရေးအသားပါပဲ။ ကျနော် သတင်းသမားလုပ်တုန်းကလည်း အလားတူ ကြုံတွေ့ဖူးခဲ့တော့ ဟိုးရှေးရှေးကတည်းက သတင်းသမားတွေအပေါ် အမြင်မကြည်တာဟာ ခုချိန်အထိ မပြောင်းလဲသေးဘူးလို့ ပြောနိုင်တာပေါ့။
မြန်မာပြည်မှာ သတင်းထောက်လို့ စတင်ခေါ်ဝေါ်သုံးစွဲခဲ့တာ ၁၉၃၂ ခုနှစ်ကလို့ အမှတ်အသားရှိတယ်။ ဒီ့အရင်က “ရီပွတ်တာ”လို့ ရေးသူက ရေး၊ သတင်းစာကိုယ်စားလှယ်လို့ ရေးသူက ရေးကြ၊ ၁၉၂၃ ခုနှစ်လောက်အထိ သတင်းကောက်သူလို့ ရေးကြပါသေးတယ်။ သတင်းကောက်လို့ခေါ်ခဲ့တာကတော့ နောင်မှာ ပညတ်သွားရာဓာတ်သက်ပါပြီး၊ သတင်းကောက်တွေ ပေါ်ထွက်ခဲ့တယ်။ ၁၉၃၂ ခုနှစ်ကျမှ သတင်းစာဆရာလွယ်အိတ်ကြီးဦးဘလှိုင်က ”သတင်းထောက်”လို့ စတင်သုံးစွဲခဲ့တာလို့ ဖတ်ရ မှတ်ရတယ်။
သတင်းစာတိုက်တွေမှာ သတင်းထောက်ရယ်လို့ သတ်သတ်မှတ်မှတ် မရှိခင်က တိုက်မှာ ငွေကိုင်တဲ့သူက ရန်ကုန်သားဖြစ်လို့ ပုလိပ်က သတင်းပေးစရာရှိတယ်ဆို သူ့ပဲလွှတ်ပြီး သတင်းယူခိုင်းရတယ် ဆိုတာမျိုးလည်း ဖတ်ရပါတယ်။ ဦးထွန်းဖေတို့ သတင်းထောက်လုပ်တော့ များသောအားဖြင့် ဌာနဆိုင်ရာတွေဆီက သ တင်းသွားယူရတယ် ဆိုတာမျိုး ဖတ်ရတယ်။ မြန်မာပြည်မှာတော့ အစိုးရဌာနက သတင်းသွားယူရင်း သတင်းထောက်ဖြစ်လာကြတာ များတယ်။
ဦးထွန်းဖေ တို့၊ ဦးမောင်မောင်ခင် တို့ဟာ ရှေးဦးသတင်းထောက်တွေပါ။
သူတို့တုန်းကတော့ လူထုဦးလှ ရေးခဲ့သလိုမျိုး အမြင်မကြည်တာတွေ ကြုံဖူးပုံပေါ်တဲ့ ပြောဆိုရေးသားခဲ့တာမျိုး မတွေ့ရပါဘူး။ ၁၉၆၆ ခုနှစ်လောက်မှာ ဆရာမောင်ဝံသ သတင်းထောက်လုပ်တော့ နယ်သတင်းထောက်တွေဟာ သူတို့ ပို့တဲ့သတင်းတွေ သတင်းစာမှာ ပါဖို့ ရန်ကုန်ရောက်ရင် တိုက်ထိုင်အယ်ဒီတာတွေကို ကျွေးရမွေးရတယ်လို့ ပါလာပြီ။ ဒီတုန်းက အစိုးရသတင်းစာများသလို ပုဂ္ဂလိကသတင်းစာ တစောင်စ၊ နှစ်စောင်စလည်း ရှိသေးတယ်။ တိုက်ပိုင်သတင်းထောက် ဆိုတာတွေလည်း ရှိနေကြပြီ။ သတင်းအများစုကတော့ ဌာနဆိုင်ရာကပေးတဲ့ သတင်းတွေပဲ သွားယူရတာဖြစ်တယ်။
မောင်ဝံသက ဌာနဆိုင်ရာကပေးတဲ့ သတင်းယူပြီး ဒီဌာနတွေမှာရှိတဲ့ အခြေခံအလုပ်သမားအဖွဲ့တို့ ဘာတို့ဆီက အသံဗလံတချို့ပါ ထည့်ပြီး သတင်းရေးတော့ ဌာနဆိုင်ရာတွေက မကြိုက်ကြဘူး။ သူတို့က သူတို့ဌာနသတင်းဆို ကောင်းတာပဲ ရေးစေချင်ကြတယ်။ မကောင်းတာ သတင်းရေးမိရင် သတင်းစာတိုက်ထိလာပြီး ပြဿနာရှာတာ၊ အလုပ်ပြုတ်သွားအောင် တိုင်တာမျိုးအထိ လုပ်တတ်ကြတယ်။ နောင်တော့ အစိုးရသတင်းစာတွေဟာ ပြည်တွင်းသတင်းစဉ်ကလာတဲ့ သတင်းတွေကိုပဲ သုံးကြရတဲ့ဆီ ရောက်တယ်။
၁၉၉၀ ကျော်တုန်းက ပြည်တွင်းသတင်းစဉ်က အယ်ဒီတာတယောက်က “ကျနော်က ပုလင်းမပေးရင် သတင်းမရေးဘူး”လို့ ရှေ့တွင် ပေါ်တင်ပြောတာ ကြားခဲ့ရဖူးတယ်။ အဲဒီတုန်းက သတင်းရေးတယ်ဆိုတာက သတင်းထုတ်ချင်လို့ ဖုန်းဆက်တဲ့ဌာနဆိုင်ရာဆီသွားပြီး ဌာနကပေးတဲ့သတင်းကို သတင်းပုံစံဝင်အောင် ပြန်ပြင်ရေးပေးတာပါပဲ။ တလမ်းသွား သတင်းတွေပဲ လွှမ်းမိုးထားတဲ့အချိန်ပေါ့။ ဆက်သွယ်ရေးဝန်ကြီးဌာနတို့ အိုးအိမ်ဌာနတို့ရဲ့ သတင်းထောက်ဖြစ်တဲ့သူတွေ ဖုန်းတို့ တိုက်ခန်းတို့ ရတဲ့ခေတ်ပေါ့။
ဒီလိုရလို့ သတင်းဘက်လိုက်ရေးတာတို့ ဘာတို့ မရှိပါဘူး။ ဌာနက ဒီသတင်းရေးပေးပါဆို ရေးပေးတာပဲရှိတယ်။ သတင်းထဲမှာ နောက်တသံ မပါတာကတော့ ပြည်တွင်းသတင်းတွေမှာ အဆန်းမဟုတ်ပါဘူး။ ဒီတုန်းက ဘီဘီစီတို့ ဗီအိုအေတို့လို ပြည်ပအခြေစိုက်သတင်းဌာနတွေက အသံစုံပါတဲ့သတင်းတွေ ရေးသားတင်ဆက်နေကြတော့ သတင်းပရိသတ် အကြိုက်တွေ့တာပေါ့။ သတင်းထောက် အရည်အသွေးချင်းလည်း ကွာသွားလိုက်တာ ပြည်သူ့အစိုးရလို့ ကြွေးကြော်ခဲ့ကြတဲ့ အစိုးရ နှစ်ဆက် လက်ထက်မှာ အစိုးရသတင်းသမားတွေကို ဘယ်လိုမှ ပြင်လို့မရခဲ့ဘူး။
ဂျာနယ်တွေ တခေတ်ဖြစ်တော့ ထွက်ပေါ်လာကြတဲ့ ဂျာနယ်လစ်တွေက သတင်းထောက်အလုပ်ကို ပီပြင်အောင် လုပ်တတ်ခဲ့ကြ၊ ဒီနေရာမှာ သူတို့လည်း ဦးလှတို့ ကြုံရသလို အမြင်မကြည်တာတွေ ကြုံကြရပြန်ပါတယ်။ တချို့ကလည်း ဂျာနယ်ရောင်းရပြီးရော “စစ်တွေမှာ ငလျင်ကြီးလှုပ်ဖို့ရှိဟု ဦးထွန်းလွင် ပြော”ဆိုတာမျိုး ရေးတယ်။ (ဆက်ပါဦးမယ်)
စာကိုး-သောင်းပြောင်းထွေလာ ရေးချင်ရာရာ(ပထမတွဲ)-လူထုဦးလှ
-ကျနော်သတင်းထောက်(လူထုဦးလှ)
-ဝေါမြို့က ပြန်ခဲ့တယ်(မောင်ဝံသ)
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar