Breaking News

အစ္စရေးလ်+အမေရိကန်နဲ့ အီရန်စစ်ပွဲဂယက် မြန်မာနိုင်ငံမှာ သက်ရောက်ပြီ

မြန်မာနွေဦးခရိုနီကယ် - မတ် ၃ မြင်ကွင်း

(မိုးမခ) မတ် ၄ ၊  ၂၀၂၆


အစ္စရေးလ်+အမေရိကန်နဲ့ အီရန်စစ်ပွဲဂယက် မြန်မာနိုင်ငံမှာ သက်ရောက်ပြီ

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အစ္စရေးလ်နဲ့ အမေရိကန်ပြည်ထောင်စုတို့ ပေါင်းပြီး အီရန်နိုင်ငံကို လေကြောင်းက စတင်တိုက်ခိုက်ခဲ့ရာက အရှေ့အလယ်ပိုင်းနိုင်ငံတွေက ရေနံထုတ်လုပ်တဲ့ လုပ်ငန်းဆိုင်ရာ အဆောက်အဦတွေ၊ ရေနံ သယ်ယူရာလမ်းကြောင်းတွေ တိုက်ခိုက်ခံရတာ၊ ပိတ်ဆို့တာတွေက ရေနံတင်သွင်းမှုကို မှီခိုနေရတဲ့ ကမ္ဘာ့နိုင်ငံအများအပြားကို သက်ရောက်မှုတွေ ရှိလာပြီး မြန်မာနိုင်ငံမှာလည်း လောင်စာဆီပြတ်တောက်မှုတွေ မဖြစ်ပွားခင် လောင်စာဆီနဲ့ မောင်းနှင်တဲ့ မော်တော်ယာဥ်တွေအပေါ် သုံးစွဲမှု ကန့်သတ်တဲ့ အမိန့်တွေ ထုတ်ပြန်ခဲ့ပါတယ်။ လုပ်ငန်းသုံးမော်တော်ယာဥ်တွေ ဖြစ်တဲ့ အငှားယာဥ်၊ ကုန်တင်ယာဥ်၊ လောင်စာဆီသယ်ယာဥ်၊ ခရီးသည်တင်ယာဥ်၊ လူနာတင်ယာဥ်နဲ့ စည်ပင်အမှိုက်သိမ်း ယာဥ်တွေက လွဲပြီး ကိုယ်ပိုင်သုံးမော်တော်ယာဥ်တွေ အနေနဲ့ ရက်ခြားသုံးစွဲရမယ့်သဘောဖြစ်တဲ့ စုံဂဏန်း အက္ခရာနဲ့ စတဲ့ မော်တော်ယာဥ်တွေ စုံရက်မှာ လမ်းတွေပေါ် မောင်းနှင်သုံးစွဲခွင့်ရှိပြီး မဂဏန်း အက္ခရာနဲ့ စတဲ့ မော်တော်ယာဥ်တွေက မရက်တွေမှာ သုံးခွင့် ရှိမယ်ဆိုတဲ့ အမိန့်ကို အာဏာသိမ်းစစ်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ 

လက်တွေ့ အခြေအနေတွေကို သေချာစွာ သုံးသပ်ပြီး ဘေးထွက်ဆိုးကျိုး သက်ရောက်မှုအနည်းဆုံးနဲ့ စီးပွားရေး၊ လူမှုရေးတို့အပေါ် မလိုအပ်တဲ့သက်ရောက်မှုတွေ မဖြစ်ပေါ်စေအောင် သုံးသပ်နည်းလမ်းရှာဖွေပြီး အမိန့်ထုတ်ပြန်တာမျိုး မဟုတ်ဘဲ စစ်တပ်ရဲ့ ထုံးစံအတိုင်း အပေါ်က ချပေးတဲ့အမိန့်ကို အများပြည်သူတွေ လိုက်နာဖို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ 

မတ်လ ၃ ရက်နေ့ညက ထုတ်ပြန်ခဲ့တဲ့ လောင်စာဆီသုံးယာဥ်တွေ နဲ့ပတ်သက်တဲ့ စုံ-မ ရက် အလိုက်သုံးခွင့်ကို မတ်လ ၇ ရက်နေ့က စတင်ကျင့်သုံးမှာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ 

လောင်စာဆီ ရောင်းချမှုကို ခွဲတမ်းသတ်မှတ်တာထက် လောင်စာဆီသုံး မော်တော်ယာဥ်တွေထဲက စီးပွားရေးလုပ်ငန်းသုံး မဟုတ်ဘူးလို့ ယူဆတဲ့ နံပါတ်ပြားအနက်သုံး ပုဂ္ဂလိကယာဥ်တွေကို တလမှာ ၁၅ ရက်သာ သုံးစွဲခွင့်ရှိတဲ့ သဘောမျိုး ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။ 

အရှေ့အလယ်ပိုင်းဒေသ အီရန်နဲ့ အခြားရေနံ၊ သဘာဝဓါတ်ငွေ့ထွက်ရှိတဲ့ နိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲက ဘယ်လောက်ကြာရှည်မလဲ၊ အီရန်နိုင်ငံကထိန်းချုပ်ထားတဲ့ ဟော်မုဇ် ရေလက်ကြား ကို သွားလာခွင့် ပိတ်ထားတာက ဘယ်လောက်ရှည်ကြာမလဲ ဆိုတဲ့အခြေအနေတွေ အပေါ်မှာမူတည်ပြီး ပြည်တွင်း လောင်စာဆီသုံးစွဲမှု ကန့်သတ်တဲ့ အမိန့်က တည်ရှိနေမယ့် သဘောဖြစ်ပါတယ်။ 

နံပါတ်ပြား အနက်နဲ့ ပုဂ္ဂလိကယာဥ်တွေတိုင်း စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ကဏ္ဍတွေမှာ အသုံးပြုခြင်း မရှိဘူးလို့ မှတ်ယူလို့ မရတာကြောင့် နံပါတ် အနက်နဲ့ ကျောင်းကြိုပို့ယာဥ်တွေ၊ ပုဂ္ဂလိက ပညာရေးကဏ္ဍမှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေ၊ အခြားသော ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အသုံးပြုနေကြတဲ့ ကုန်တင်ယာဥ် အမျိုးအစားလည်းမဟုတ်တဲ့ နံပါတ်နက် ယာဥ်တွေအဖို့ ၅၀ ရာနှုန်း အသုံးပြုခွင့် မရှိတဲ့ အချက်က ကမောက်ကမ ဖြစ်စေနိုင်မှာလည်း ဖြစ်ပါတယ်။ 

ပုဂ္ဂလိကသုံးယာဥ်တွေ အားလုံးကို စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးလို နေ့စဥ် မသုံးမဖြစ်တဲ့ အကြောင်းကိစ္စတွေအတွက် အသုံးပြုနေတာလို့ မှတ်ယူခြင်း မပြုတာက အခက်အခဲတွေ ဖြစ်ပေါ်စေနိုင်တာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ အနေနဲ့ အခြားသော ကမ္ဘာ့နိုင်ငံ အများအပြားလိုပဲ အရှေ့အလယ်ပိုင်းဒေသက စစ်ပွဲနဲ့ ပတ်သက်လို့ ရပ်တန့်အောင် စွမ်းဆောင်နိုင်တဲ့ အနေအထားမရှိပေမယ့် သက်ရောက်မှုကိုတော့ ကမ္ဘာ့နိုင်ငံအများအပြားနည်းတူ ခံစားကြရမှာ ဖြစ်ပါတယ်။ 

နဂိုကတည်းက ပြည်တွင်းစစ်မီးတောက်တွေထဲ ဒုက္ခအမျိုးမျိုးနဲ့ ကြုံတွေ့နေကြရတဲ့ မြန်မာနိုင်ငံ အနေနဲ့ လောင်စာဆီ ပြတ်တောက်မှု နဲ့ ထပ်မံကြုံတွေ့ကြရဦးမဲ့ အနေအထား ဖြစ်ပါတယ်။ အခုလို ကမ္ဘာနိုင်ငံအများအပြားပေါ် သက်ရောက်တဲ့ အဖြစ်အပျက်တွေ မဖြစ်ခင်ကတည်းက မြန်မာနိုင်ငံက အချို့သော လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေ အနေနဲ့ လောင်စာဆီ၊ ရိက္ခာနဲ့ ဆေးဝါး အစရှိတဲ့ ကုန်စည်တွေကို အာဏာသိမ်းစစ်တပ်နဲ့ အချို့သော လက်နက်ကိုင် အဖွဲ့တွေက ဖြတ်တောက်ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ရခိုင်ပြည်နယ်လို ဒေသကို အာဏာသိမ်းစစ်တပ်က လောင်စာဆီ၊ ရိက္ခာ၊ လူသုံးကုန်နဲ့ ဆေးဝါး ပိတ်ဆို့ဖြတ်တောက်ထားတာပါ။ အလားတူ ၁၀၂၇ စစ်ဆင်ရေး နှောင်းပိုင်းကာလတွေတုန်းကလည်း တရုတ်နိုင်ငံက ၄င်းနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ကို ကုန်စည်ပိတ်ဆို့ပြီး အာဏာသိမ်းစစ်တပ်နဲ့ အပစ်ရပ်သဘောတူဖို့ တိုက်ပွဲတွေ ဆက်လက် မဖော်ဆောင်ဖို့ ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။ 

ပိတ်ဆို့ခံရတဲ့ ဒေသက ပြည်သူလူထုအဖို့တော့ ဓါတ်ဆီ တလီတာကို သောင်းဂဏန်းနဲ့ ပေးဝယ်ရတဲ့ ကာလတွေ ကြုံခဲ့ရပြီး ဖြစ်ပါတယ်။ ယခုလက်ရှိ အနေအထားမှာလည်း ရခိုင်၊ စစ်ကိုင်း၊ ကချင်၊ ရှမ်းမြောက်ဒေသတွေမှာ အာဏာသိမ်းစစ်တပ်၊ MNDAA တို့လို လက်နက်ကိုင်တပ်တွေက ကုန်စည်၊ လောင်စာဆီ၊ ဆေးဝါး ပိတ်ဆို့မှုကို လက်နက်သဖွယ် အသုံးပြုပြီး ဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့ ၊ နိုင်ငံရေး အင်အားစုတွေကို အညံ့ခံလာအောင်၊ အလျော့ပေးညှိနှိုင်းလာအောင် လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။ 

ကချင်ပြည်နယ်လို ဒေသက လူထုတွေအဖို့ ရန်ကုန်-မန္တလေးက တဆင့် သယ်ယူလာတဲ့ ရိက္ခာ၊ လောင်စာဆီတို့လို ကုန်စည်တွေအပေါ် လမ်းခရီးတလျှောက် လက်နက်ကိုင် အဖွဲ့အသီးသီးရဲ့ အခွန်ကောက်ခံမှုတွေကြောင့် ရန်ကုန်-မန္တလေးမြို့တွေထက် အဆမတန် မြင့်မားတဲ့ စျေးနှုန်းတွေနဲ့ အသက်ရှင်နေထိုင် ကြရတာဖြစ်ပါတယ်။ အခုလို အရှေ့အလယ်ပိုင်း စစ်ပွဲရဲ့ ဂယက်ကြောင့် ထပ်မံမြင့်တက်လာမယ့် လောင်စာဆီစျေးနှုန်းတွေက လက်နက်ကိုင်တိုက်ခိုက်မှု ဖြစ်ပွားနေတဲ့ ဒေသတွေက ပြည်သူလူထုအဖို့ အပိုဆောင်းဒုက္ခတွေအဖြစ် ခံစားကြရဦးမဲ့ အလားအလာတွေ ရှိနေတာလည်း ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar