လူမျိုးတုံးသတ်ဖြတ်မှု Genocide အဓိပ္ပာယ်ဖွင့်ဆိုမှုနဲ့ မြန်မာလူမှုအသိုင်းအဝိုင်းရဲ့ နားလည်ပုံ
လူမျိုးတုံးသတ်ဖြတ်မှု Genocide အဓိပ္ပာယ်ဖွင့်ဆိုမှုနဲ့ မြန်မာလူမှုအသိုင်းအဝိုင်းရဲ့ နားလည်ပုံ
မြန်မာနွေဦးခရိုနီကယ်၊ နိုဝင်ဘာ ၂၂ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၃ ၊ ၂၀၂၆
အပြည်ပြည်ဆိုင်ရာတရားရုံးက မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားလိုလုပ် စွဲတင်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ၇ နှစ်ကြာ ကြားနာ စစ်ဆေးပြီးနောက် မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိတယ်၊ တနည်းအားဖြင့် ကျူးလွန်တယ်ဆိုတဲ့ အမိန့်ချမှတ်ပြီးနောက်မှာ ဒီစီရင်ချက် ဒီအမိန့်ချမှတ်မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသားတွေအကြား နားလည်ပုံအမျိုးမျိုး၊ သဘောထားအမျိုးမျိုးနဲ့ တုံ့ပြန်မှုအမျိုးမျိုး ဖြစ်ပေါ်နေတာပါ။
ဒီစီရင်ချက်က အမိန့်ကို လိုက်နာစေဖို့ တရားရုံးမှာ ကိုယ်ပိုင်ပြစ်ဒဏ်ပေးနိုင်တဲ့ ယန္တရားတွေ မရှိသည့်တိုင် သက်ရောက်မှုတွေ ရှိလာမဲ့ အလားအလာ၊ နိုင်ငံ ဆိုတဲ့ ခေါ်ဆိုမှုကြောင့် နိုင်ငံမှာ နေထိုင်သူ၊ နိုင်ငံသားဖြစ်နေသူတွေ ဂုဏ်သိက္ခာ ထိခိုက်စေတယ်လို့ ယူဆမှုတွေနဲ့ ပတ်သက်လို့လည်း အမျိုးမျိုးသော နားလည်မှု၊ ခံယူမှုတွေ ရှိနေကြသလို ဒီအမိန့်စီရင်ချက်မတိုင်ခင် စစ်အာဏာရှင်ဘက် ဒီမိုကရေစီ လိုလားတဲ့ဘက် ရှင်းရှင်းလင်းလင်း ကွဲပြားနေကြတဲ့ အုပ်စုတွေကြားထဲ သဘောထား ဆန့်ကျင်ဘက်တွေ ရပ်တည်ချက် ရှုပ်ထွေးမှုတွေ ပေါ်ထွက်လာစေတာ ဖြစ်ပါတယ်။
ICJ ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ ၁၉၄၈ ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှု ရာဇဝတ်မှုတားဆီးရေးနှင့် အပြစ်ပေးရေး သဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) ကို အခြေခံတယ်လို့ ဆိုပါတယ်။ အဆိုပါ သဘောတူစာချုပ် ဖြစ်လာရခြင်းကလည်း ဒုတိယကမ္ဘာစစ်အတွင်း နာဇီအစိုးရက ဥရောပတလွှားက ဂျူးလူမျိုးတွေကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ပေါ် အခြေခံပြီး နောက်နောင် အလားတူ ဖြစ်ရပ်မျိုး မဖြစ်ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ICJ တရားရုံးရဲ့ ကုလသမဂ္ဂရဲ့ လူမျိုးတုံးသတ်ဖြတ်မှု အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ လူအရေအတွက် ဘယ်ရွေ့ဘယ်မျှ သတ်ဖြတ်ခံရတယ်ဆိုတဲ့ တိုင်းတာမှုသဘောမျိုး မဟုတ်ဘဲ၊ လူမျိုး တမျိုး၊ လူမျိုး၊ လူမျိုးစု၊ သို့မဟုတ် ဘာသာရေး အုပ်စုတစုလုံး သို့မဟုတ် တစိတ်တပိုင်းကို ဖျက်ဆီးပစ်ရန် သီးခြားရည်ရွယ်ချက်နဲ့ ကျူးလွန်တာလို့ ဖွင့်ဆိုထားတာကြောင့် ဗမာလူမျိုးက ဗမာတွေကို သတ်တာ၊ အခြား လူမျိုးတမျိုးက ၄င်းတို့လူမျိုးကို သတ်တာတွေက လူမျိုးတုံး သတ်ဖြတ်မှု အဖြစ်နဲ့ မယူဆတာကြောင့်လို့ ဆိုနိုင်ပါတယ်။
သတ်ဖြတ်ခံရတဲ့ လူအရေအတွက်နဲ့ တွက်ချက် အဓိပ္ပာယ်ကောက်ယူတာမျိုး မဟုတ်ဘဲ အခြား လူမျိုးတမျိုး၊ ဘာသာဝင် အုပ်စုတစုကို ဖျက်ဆီးပစ်ဖို့ တိတိပပ ရည်ရွယ်ကျူးလွန်တာမျိုးကို လူမျိုးတုံး သတ်ဖြတ်မှုရယ်လို့ ဖွင့်ဆိုတာကြောင့် ခမာနီ အစိုးရက ၄င်းပြည်သူတွေကို သတ်ဖြတ်တာမျိုး၊ နိုင်ငံရေးအယူဝါဒ မတူတာကြောင့် အင်ဒိုနီးရှားနိုင်ငံမှာ ကွန်မြူနစ်ဝါဒ ယုံကြည်သူတွေကို သိန်းနဲ့ချီ သတ်ဖြတ်ခဲ့တာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု အဓိပ္ပာယ်ဖွင့်ဆိုမှုနဲ့ အကျုံးမဝင်တဲ့ အဓိပ္ပာယ် သက်ရောက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အနေနဲ့ ရိုဟင်ဂျာလူမျိုးတွေအပေါ် ဥပဒေကြောင်းအရ ကန့်သတ်ပိတ်ဆို့ထားတာတွေ၊ မျိုးရိုးအစဥ်အဆက် မြန်မာနိုင်ငံထဲမှာ နေထိုင်ခဲ့တဲ့ မိဘတွေက မွေးဖွားလာပေမဲ့ နိုင်ငံသားအခွင့်အရေး မရတဲ့ အဖြစ်တွေ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ခွဲခြားဆက်ဆံမှုတွေနဲ့ ၂၀၁၇ ခုနှစ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ပေါင်းဆုံပြီး လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ အဓိပ္ပာယ် ကောက်ယူရမဲ့ သဘောလည်း ဖြစ်ပါတယ်။
အဆိုပါ ICJ တရားရုံးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုကောက်ယူချက်တွေက ရိုဟင်ဂျာ လူနည်းစုတွေအပေါ် မြန်မာနိုင်ငံအနေနဲ့ စစ်တပ်ရဲ့ ရှင်းလင်းတဲ့ စစ်ဆင်ရေးအတွင်း သတ်ဖြတ်မှုတွေသာမက ဥပဒေတွေအရပါ ဖိနှိပ်ခဲ့တယ်ဆိုတဲ့ ကောက်ယူချက်၊ ဆုံးဖြတ်ချက်ကို ဖြစ်လာစေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံက အစိုးရ၊ နိုင်ငံရေးသမားအချို့နဲ့ ရာနှုန်းအတိုင်းအတာတခုရှိတဲ့ အရပ်သားတွေက ရိုဟင်ဂျာလူမျိုး မရှိဘူးဆိုတဲ့ ယူဆချက်ကို ဆုပ်ကိုင်ထားကြတာပါ။ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စစ်တကောင်းသားနဲ့ အခြားမျိုးနွယ်တို့ သွေးနှောမွေးဖွားလာသူ၊ သို့မဟုတ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား၊ ဘင်္ဂါလီ ဆိုတဲ့ ယူဆချက်ကို အသေဆုပ်ကိုင်ထားကြတာ တွေ့ရပါတယ်။ ကိုလိုနီခေတ်မှာ ဗြိတိသျှကိုလိုနီအုပ်ချုပ်သူတွေ စိုက်ပျိုးရေးနဲ့ အခြားစီးပွားရေးလုပ်ငန်းတွေအတွက် ဗြိတိသျှ ကိုလိုနီတခုတည်းအောက်မှာ ရှိတဲ့နိုင်ငံတွေက နယ်နိမိတ်တွေကို ကျော်ဖြတ်ပြီး ခေါ်ဆောင် လာခဲ့ကြရာမှာ လူဦးရေ သောင်း၊ သိန်းဂဏန်း ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်ကြရာက လူမျိုး တမျိုးနဲ့ တမျိုးအကြား၊ ကိုးကွယ်ရာ ဘာသာမတူညီမှုတွေအကြား ပြဿနာတွေ ပေါ်ပေါက်လာစေခဲ့ပြီး ကိုလိုနီအုပ်ချုပ်သူတွေရဲ့ သွေးခွဲအုပ်ချုပ်ရေးတွေကြောင့်လည်း လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီးနောက်မှာလည်း အုပ်ချုပ်သူတွေအဖို့ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုတွေကို အသုံးချ အမြတ်ထုတ်ပြီး အုပ်ချုပ်ခံပြည်သူတွေ တသားတည်း ညီညွတ်မနေတာမျိုးကို လိုလားစွာ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလို သမိုင်းကြောင်းတွေက အခု ယနေ့ခေတ်မှာ လူမျိုးရေး ဘာသာရေး၊ အမျိုး ဘာသာ သာသနာအတွက် အသက်နဲ့ လဲ ကာကွယ်မယ်ဆိုတဲ့ အမျိုးသားရေး အစွန်းရောက်သူတွေ၊ အမျိုးသားရေး အယူအဆနဲ့ ဒီမိုကရေစီ ဘယ်ဟာ ရွေးမလဲဆိုခဲ့ရင် အမျိုးသားရေး အယူအဆကို ရွေးမဲ့သူတွေ တည်ရှိနေကြတာ ဖြစ်ပါတယ်။
ဒီအမျိုးသားရေးမှိုင်းက ဒီနေ့ ဆင်နွှဲနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေး၊ နွေဦးတော်လှန်ရေး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအရှိန်ကို ဖင့်နွှဲစေမှာ၊ လမ်းကြောင်းလွဲစေနိုင်တာ ဖြစ်ပါတယ်။ စစ်တပ်ကိုတော့ လက်မခံနိုင်ဘူး တဖက်မှာလည်း ရိုဟင်ဂျာကို အသိအမှတ်မပြုဘူးဆိုတဲ့ သူတွေ ကျနော်တို့ ပတ်ဝန်းကျင်မှာ အသိမိတ်ဆွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေထဲမှာ တွေ့မြင်လာနေရတာ ဖြစ်ပါတယ်။
သူတို့မှာလည်း သူ့အမြင်၊ သူ့ယုံကြည်မှု လွတ်လပ်စွာ ရှိပိုင်ခွင့်ရှိတယ်လို့ ဆိုပေမဲ့လို့ အချို့သော အမျိုးသားရေး အစွန်းရောက်တဲ့ အယူအဆတွေက နွေဦးတော်လှန်ရေး၊ လူမျိုးစုလွတ်မြောက်ရေး၊ လူမျိုးစုအားလုံး လွတ်မြောက်ရေးတွေကို နှောင့်နှေး ထိပါးစေမဲ့ အလားအလာတွေ ရှိနေတဲ့ သဘောလို့ ဆိုချင်တာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
