ကိုသန်းလွင် - အီဗော်လူးရှင်း သီအိုရီ
ကိုသန်းလွင် - အီဗော်လူးရှင်း သီအိုရီ
မိုးမခ ၊ နိုဝင််ဘာ ၂၄ ၊ ၂၀၂၆
(၁)
ဒါဝင်၏ အီဗော်လူးရှင်းဆိုင်ရာ သီအိုရီတွင် သဘာဝက ရွေးချယ်ခြင်း (Natural Selection) နှင့် အသင့်တော်ဆုံးအရာသာ ကျန်ရစ်သည်(Survival of the fittest) ဆိုသော သဘောတရားများ ပါဝင်သည်။ ၎င်းတို့သည် မက္ကင်းနစ်သဘောတရားအရ သက်ရှိများသည် စက်ပစ္စည်းများသဖွယ်သာ ပြုမူကြသည်ဆိုသော သဘော ရှိသည်။ ထို့ကြောင့် အီဗော်လူးရှင်းသီအိုရီသည် သဘာဝကြီးတခုလုံးကို မခြုံငုံမိပါဟု ဘတ်ဆန် (Mr. Henri Bergson) (၁၈၅၉ - ၁၉၄၁) က ပြောခဲ့ပါသည်။
ဘတ်ဆန်က အချိန်ကိုပါ ထည့်သွင်းစဉ်းစားရမည်ဟု ဆိုသည်။ ဘတ်ဆန်၏ အချိန်ဟူသော စကားသည် စက္ကန့်၊ မိနစ်တို့ မဟုတ်၊ အချိန်ကာလကြာမြင့်ခြင်း Duration ကို ဆိုလိုပါသည်။ လူသား (သို့မဟုတ်) သက်ရှိတို့ တွင် ဘဝ၏အင်အား (Life Force) ရှိသည်။ ထိုအားကို သူက Elan vital ဟု အမည်ပေးပြီး အီဗော်လူးရှင်းသည် ထိုအင်အား၏ ဆွဲဆောင်ရာနောက်သို့ ပါသွားရသည်ဟု ဆိုလိုပါသည်။ ထိုအင်အားမှာ ကြိုတင်ပြော၍မရ၊ ခန့်မှန်း၍မရနိုင်ဘဲရှိရာ သက်ရှိတို့၏ သမိုင်းကြောင်းကို အတိတ်ကာလနှင့် လက်ရှိ အခြေအနေများကိုသာ ပြောဆိုနိုင်ပြီး အနာဂတ်တွင် ဘာဖြစ်မည်ဆိုသည်ကို မပြောနိုင်ပါဟု ဆိုသည်။
ဘတ်ဆန်၏ အပြောကို ဘာထရန်ရပ်ဆဲလ်နှင့် ဝစ်ဂင်းစတိန်း တို့ကဲ့သို့သော ဖီလိုဆိုဖာ များကပင် နားမလည်နိုင် ဖြစ်ရသည်။ ယခုနောက်ပိုင်းမှ သူ့အဆိုမှန်ကန်ကြောင်းကို လူတို့ သဘောပေါက်ပြီး ယနေ့တိုင် လေ့လာနေကြရသည်။
အရာဝတ္ထုတစ်ခုကို လောက၏အာကာသနှင့် အချိန် (Space and Time) တနေရာမှာ ချထားလိုက်လျှင် သူသည် ပြင်ပအားတခုခုက မနှောင့်ယှက်သ၍ တည်နေရာသည် မပြောင်းလဲဘဲ ရပ်တည်နေပါသည်။ သို့သော် သက်ရှိတို့မှာကား ဤသို့ မဟုတ်၊ နေရာနှင့်အချိန် တခုခုတွင် ပစ်ချထားပါက သူ့ဘာသာ အတွင်းအင်အားနှင့် ပြောင်းလဲသွားပါသည်။ ၎င်းကို အချိန်ကာလ (Duration) နှင့် ရှင်းပြနိုင်ပါသည်။
( ၂ )
လူသားမျိုးနွယ်တို့၏ သမိုင်းသည် တက်ခနိုလိုဂျီနှင့်အတူ ပြောင်းလဲနေပါသည်။ လူတို့ ကမ္ဘာမြေပြင်တွင် တွင်တွင်ကျယ်ကျယ် နေရာချဲ့လာနိုင်သည်နှင့်အတူ သစ်ပင်နှင့် တိရစ္ဆာန်တို့က ဤကမ္ဘာကြီးကို တည်ဆောက်နေကြောင်းကို မသိဘဲ တိရစ္ဆာန်တို့၏ ဒိုင်ဗာစတီ (diversity) အမျိုးမျိုး ကွဲပြားနေခြင်းကို ဖျက်ဆီးပစ်နေပါသည်။ ထို့ပြင် လူတို့၏ အောင်မြင်မှုက သူတို့လုပ်ရပ်၏ မှားယွင်းပုံကို မမြင်ရအောင် ဖုံးကွယ်နေသည်။ ယနေ့ အောင်မြင်နေခြင်းသည် ဒိုင်ဗာစတီကို ဖျက်ဆီးနေသည်နှင့်အတူ လူတို့၏ အနာဂတ်ကိုပါ ထိခိုက်စေပါသည်။ လူတို့ ဘယ်ပန်းတိုင်ကို သွားမည်ဆိုခြင်းကို မှန်းဆကြည့်ရန် လိုပါသည်။ သဘာဝသိပ္ပံနှင့် လူတို့၏သမိုင်းသည် ယှဉ်ပြိုင်သွားနေခြင်းမဟုတ်ဘဲ တခုက တခုကို ဝါးမျိုဖျက်ဆီးပစ်နေသည်။
ကမ္ဘာကြီးကို လူသားတို့၏ ဘိုင်အိုလိုဂျီသဘာတရားအရလွှမ်းမိုးထားပုံ၏ ကို အစကတည်းက မြင်နိုင်ပါသည်။ လူတို့၏ စားသောက်ခြင်းဓလေ့က ဤအရှုပ်အထွေးကို စတင်ပါသည်။ မီတာဘော်လစ်ဇင်(metabolism) ခေါ် အစာချေ၍ အင်အားဖြစ်စေခြင်းကြောင့် လူတို့သည် မိမိတို့ဘဝကို အစာချေခြင်းနှင့် စတင်ရသည်ဟု ဆိုနိုင်ပါသည်။ သစ်ပင်ပန်းမန်တို့မှာ နေရောင်ခြည်ကို အသုံးပြု၍ ဖိုတိုဆင်းသစစ် (photosynthesis) နည်းဖြင့် ကာဗိုဟိုက်ဒရိတ်ကို ဖြစ်စေပါသည်။ ၎င်းကို တိရစ္ဆာန်များက စားကြပြီး ထိုတိရစ္ဆာန်များနှင့် သစ်ပင်တို့ကို လူက စားကြပါသည်။
ဘူမိဗေဒပညာ၏ သဘောအရ ကျောက်တုံးကျောက်ခဲများမှာ ကြေမွပျက်ပြုန်းပြီး သဘာဝမြေသြဇာ ဖြစ်လာပါသည်။ ထိုမြေပြင်မှာ (Precipitation) ခေါ် ရေများ ယိုစီးခြင်း၊ မြစ်များ၊ ချောင်းများ၊ ပင်လယ်သမုဒ္ဒရာများ ဖြစ်ကြရသည်။ ဘော့တနီပညာ (Botany) မှ သိလာရသည်မှာ လယ်ကွင်းပြင်ကျယ်မှ စိုက်ပျိုးခင်းများ၊ စိုစွတ်မြေ (wet land) များ၊ သဲကန္တာရတို့ ဖြစ်ပေါ်လာကြသည်။ ကမ္ဘာကြီး၏ သမိုင်းနှစ်ပေါင်း ၄ ဘီလီယံကျော်အနက်မှ လူ တိရစ္ဆာန်တို့၏ ဘဝသည် နှစ်ပေါင်း ၆ မီလီယံကျော်မျှ စားရင်းသောက်ရင်း ပြောင်းလဲလာသော ကမ္ဘာကြီး၏ ရုပ်ပုံလွှာကို မြင်နိုင်ကြပါသည်။
လူတို့၏ သမိုင်းကိုမူ အင်ပိုင်ယာကြီးများ၊ နန်းတော်ကို ဗဟိုပြု၍ တည်ဆောက်ရသည့် နိုင်ငံတော်များ၏ စဉ်ဆက်မပြတ် ဖြစ်စဉ်များကို တွေ့နိုင်သည်။ တော်လှန်ရေးများ၊ စစ်ပွဲများကိုလည်း တွေ့ရမည်။ အရေးကြီးဆုံးမှာ သမိုင်းတလျှောက်လုံး အစားအစာ စားရအောင် ကြိုးပမ်းမှု ဖြစ်သည်။ ရှေးက ကျောက်ခေတ် လူသားသည် ကျောက်တုံးများကို ချွန်ထက်သော လက်နက်များသဖွယ် ပြောင်း၍ သတ္တဝါကြီးများကို သတ်ဖြတ်ခဲ့ကြသည်။ သို့သော် မီးကို တွေ့ရှိမှုကြောင့် ဖြစ်ပေါ်လာသော အပြောင်းအလဲများလောက်ကား အရေးမကြီးလှပါ။
ရှေးလူတို့သည် မီးကို လောင်မြိုက်အောင် ပြုလုပ်၍ သဘာဝကြီးကို ထိန်းချုပ်ထားခဲ့ကြသည်။ သတ္တဝါများကို ပန်းပင်များ၊ သီးပင်၊ စားပင်များဖြင့် ဆွဲဆောင်ခဲ့ကြသည်။ မြက်ခင်းပြင်များကို စားကျက်အဖြစ် ပြုလုပ်၍ တိရစ္ဆာန်များကို နီးကပ်စေခဲ့သည်။ သဘာဝပတ်ဝန်းကျင်ကို ပြောင်းလဲအောင် လုပ်ကြသည်မှာ ပမာဏ ကြီးကျယ်သော်လည်း ၎င်းသည် အတတ်ပညာအသစ် မဟုတ်ပါ။
၁၅၀၀ အေဒီလောက်ကစ၍ ဥရောပ ကိုလိုနီနယ်ချဲ့စနစ် ထွန်းကားခဲ့ရာတွင် တကမ္ဘာလုံး၏ ပုံစံပြောင်းလဲခဲ့ပါသည်။ မြောက်အမေရိက၌ နေထိုင်ကြသော လူသားတို့မှာ သဘာဝနှင့် ဟန်ချက်ညီညီ ရှိခဲ့ကြသည်။ သို့သော် တိရစ္ဆာန်တို့၏ အနေဖြင့်ကြည့်လျှင်တော့ သူတို့အခြေအနေမှာ တောက်လျှောက် ကျဆင်းခဲ့ရပါသည်။
တိရစ္ဆာန်များကို သတ်ဖြတ်ခြင်းမှာ ကမ္ဘာကြီး၏ အီကိုစနစ်ကို ပြောင်းလဲစေခဲ့သည်။ ဝံပုလွေများကို သုတ်သင်ရှင်းလင်းလျှင် သမင်ဦးရေ တိုးပွားလာမည်။ သမင်ဦးရေ တိုးပွားပါက သီးပင်၊ စားပင်များ၊ ကောက်ပဲသီးနှံတို့ အပျက်အစီးများလာမည်။ သဘာဝကြီးသည် တခုခု အကြီးအကျယ်လုပ်မိလျှင် တဘက်ဘက်က ယိုယွင်းပျက်စီးတတ်ပါသည်။
အဓိက က လူသားတို့သည် သူတို့အစားအစာ ရရှိရေးသည် အဓိကရည်ရွယ်ချက် ဖြစ်ပါသည်။ အစာရှာဖွေရေးအတွက် ပိုမိုကောင်းမွန်သော ပစ္စည်းများ၊ ပို၍မျှတသော ကိရိယာများကို အသုံးပြုလာကြသည်။ လူတို့၏ ဤပရောဂျက်မှာ အောင်မြင်ပါသည်။
ကမ္ဘာ့လူဦးရေသည် ၁၇၅၀ ပြည့်နှစ်မှ ၁၉၀၀ ပြည့်နှစ်အကြား နှစ်ဆတိုးခဲ့သည်။ လူဦးရေ တိုးပွားနှုန်းမှာ ပိုမိုမြန်ဆန်လာခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် ၄ ဘီလီယံ ရှိလာပါသည်။ လူဦးရေ များလာလျှင် အစာရေစာ မလုံလောက်မှာကို စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း ထိုစိုးရိမ်မှုများမှာ မလိုအပ်ပါ။ ကမ္ဘာ့လူဦးရေမှာ ၂၀၂၂ ခုနှစ်တွင် ၈ ဘီလီယံမျှ ရှိလာခဲ့သည်။ လူနှင့် လူမွေးတိရစ္ဆာန်တို့၏ အလေးချိန်စုစုပေါင်းသည် ရှိသမျှ နို့တိုက်သတ္တဝါအားလုံး၏ ၉၄% ရှိပါသည်။ ၆% သာ မယဉ်ကျေးသော တောကောင်အရိုင်းများ၏ ပမာဏဖြစ်ပါသည်။ ဤပုံစံကို မည်မျှ ကြာအောင် လူတို့ ထိန်းသိမ်းထားနိုင်ကြပါမည်နည်း။
အမျိုးတုံး၍ ပျောက်ကွယ်သွားရသော တိရစ္ဆာန်များမှာ ဒိုင်နိုဆောကောင်များ မရှိတော့သည့် နောက်ပိုင်းတွင် ယခုအချိန်အခါသည် အများဆုံး ဖြစ်သည်။ တိရစ္ဆာန်များဘက်မှ ကြည့်သော် လူတို့သည် သူတို့ကို ရန်ပြုရန် ရောက်ရှိလာခြင်း ဖြစ်သည်။ အိမ်မှာ မွေးပြီး အသုံးချခံရသည်။ လူတို့သည် အမဲလိုက်၍ ငါးများကိုလည်း အမြဲ ဖမ်းနေကြပါသည်။ သစ်တောကြီးများ၊ စိုစွတ်မြေများကို စိုက်ပျိုး၍ရသော လယ်မြေများအဖြစ် ပြောင်းလဲနေကြသည်။ နှစ်စဉ်နှစ်တိုင်း ဘီလီယံတန်မျှ အလေးချိန်ရှိ သော အဆိပ်ရည်များကို မြေကြီးထဲသို့ မြေသြဇာအလို့ငှာ သွန်ချပစ်နေကြပါသည်။ ဆက်သွယ်ရေး လွယ်ကူလှသော ခေတ်ကြီးတွင် ပင်လယ်နှင့် ကုန်းမြေများကို ဖြတ်၍ သတ္တဝါများ နေရာရွှေ့ပြောင်းကြရသည်။ ရာသီဥတု ပြောင်းလဲခြင်းနှင့် ရောပေါင်းလိုက်သောအခါ ဤဂြိုဟ်ပေါ် တွင် အတူတကွနေထိုင်ရန် ခက်ခဲလာကြပါသည်။ လူသားတို့ အနေအထားကောင်းမွန်ရေးမှာ အခြားသတ္တဝါများအတွက် ဂြိုဟ်ဆိုးဝင်ခြင်းပင် ဖြစ်သည်။ မြို့ကြီး ပြကြီးများတွင် နေသူများအဖို့ ထို တိရစ္ဆာန်တို့၏ကမ္ဘာကို မကြည့်တတ်လျှင် မမြင်နိုင်ပါ။
( ၃ )
ရှေးက ကျောက်ခေတ်လူသားတယောက်အဖို့ အီဗော်လူးရှင်းကို မြင်ရသည်မှာ များစွာ ရိုးရှင်းလွယ်ကူလှပါသည်။ ယနေ့ မောင်းသူမဲ့ကားများ လမ်းများပေါ်တွင် ပြေးလွှားနေချိန်မှာ အီဗော်လူးရှင်း၏ ပြောင်းလဲခြင်း ပုံစံကိုကြည့်ရသည်မှာ ရှေးကလို မဟုတ်တော့ဘဲ မထင်ရှားသော အချက်များ၊ အငြင်းပွားဖွယ်အဖြစ်များ ရှိလာပါသည်။
ဤခြားနားချက်မှာ ဘတ်ဆန် ပြောခဲ့သော ဘဝအင်အား elan vitel ကြောင့် ဖြစ်ရပါသည်။ မမြင်ရသော ဘဝ၏ အင်အားများက ဆွဲဆောင်နေသဖြင့် သွားချင်ရာသွား၊ ရောက်ချင်ရာရောက် ဖြစ်နေပါသည်။ ထို့ကြောင့် သာ လူတို့၏အနာဂတ်ကို မမြင်တွေ့နိုင်ဘဲ စမ်းတဝါးဝါး လျှောက်လှမ်းရခြင်း ဖြစ်ပါလိမ့်မည်။
Ref: The Last Animal,By Kyle Harper, Science 15 October 2026.
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar