Breaking News

ICJ တရားရုံး စီရင်ဆုံးဖြတ်ချက်အပေါ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တုံ့ပြန်မှ

No photo description available.

ICJ တရားရုံး စီရင်ဆုံးဖြတ်ချက်အပေါ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တုံ့ပြန်မှု 

မြန်မာနွေဦးခရိုနီကယ်၊ နိုဝင်ဘာ ၂၅ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၆ ၊ ၂၀၂၆


အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာရဲ့ တရားလိုပြုလုပ်ပြီး စွဲဆိုတဲ့အမှုနဲ့ ပတ်သက်လို့ အပြီးသတ်စီရင်ချက်ကို  နိုဝင်ဘာ ၁၉ ရက်မှာ ချမှတ်ခဲ့ပြီးနောက် သီတင်းတပတ် အကြာမှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတော်အား ထိပါးလာတဲ့ ကိစ္စတွေကို လက်မခံဘဲ တာဝန်သိနိုင်ငံတခုအနေဖြင့် လုပ်ဆောင်ရန် သင့်သည်များကို လုပ်ဆောင်သွားမယ်၊ လိုက်နာရန် မသင့်သည်များကို လိုက်နာဆောင်ရွက်သွားမှာ မဟုတ်ကြောင်း အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားလိုက်တယ်လို့ သတင်းတွေ ဖော်ပြထားကြပါတယ်။

၄င်းက အမှုစစ်ဆေးသည့် ၇ နှစ်တာကာလအတွင်း မြန်မာနိုင်ငံ အနေနဲ့ တရားရုံးရဲ့ လုပ်ငန်းစဥ်များမှာ ပူးပေါင်းပါဝင်မှုများကို အချက်အလက်ခိုင်မာစွာ ဆောင်ရွက်ခဲ့တယ်လို့ ဆိုထားပြီး လူမျိုးသုဥ်းစေမှု ဆိုသည့် အသုံးအနှုန်း အနေဖြင့် နိုင်ငံရဲ့ ဂုဏ်သိက္ခာကို များစွာထိခိုက်စေတယ်လို့ လည်း ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရားရုံးသို့ စာနဲ့ နှုတ်နဲ့ လျှောက်လှဲချက်တွေ တင်သွင်းရာမှာ သက်ဆိုင်တဲ့ အချက်အလက်တွေ မှတ်တမ်းနဲ့ သက်သေ အထောက်အထားတွေ ပြည့်ပြည့်စုံစုံ တင်ပြခဲ့တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ICJ တရားရုံးစီရင်ချက်အပေါ် သမ္မတရုံးက သတင်းစာရှင်းလင်းပွဲ လုပ်ပြီး မမျှတဘူးဆိုတဲ့ မှတ်ချက်နဲ့ စီရင်ချက်ကို အသေးစိတ်လေ့လာနေပါတယ်ဆိုတဲ့ ယေဘုယျတုံ့ပြန်ချက်ပေးခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှ စစ်ခေါင်းဆောင်ရဲ့ တုံ့ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဘယ်အချက်တွေကို လိုက်နာမလဲ ဘယ်အချက်တွေကို မလိုက်နာဘူးလဲ ဆိုတာ အသေးစိတ် ပြောဆိုတာမရှိပေမယ့် ၂၀၁၇ ခုနှစ် ARSA ရှင်းလင်းတဲ့ စစ်ဆင်ရေးလို့ အမည်တပ်ထားတဲ့ သတ်ဖြတ်မှုတွေမှာ အမိန့်ပေးခဲ့တဲ့ သူကိုယ်တိုင်နဲ့ ကျန် စစ်ဗိုလ်ချုပ်တွေကို အရေးယူတာမျိုး လုပ်ဆောင်မှာ မဟုတ်တာ အသေအချာဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေလိုမျိုးကိုလည်း ပြင်ဆင်ဖို့ ဆန္ဒရှိပုံမရတာ ထင်ရှားတာကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးကို မူအရ သဘောတူပေမဲ့ အသေးစိတ်အချက်အလက်တွေမှာ တရားရုံးဆုံးဖြတ်ချက်၊ နိုင်ငံတကာရဲ့ ဝေဖန်အကြံပြုချက်တွေကို လက်မခံမဲ့ သဘောလို့ ယူဆရပါတယ်။

ICJ စီရင်ဆုံးဖြတ်ချက်နဲ့ ပတ်သက်တဲ့ သဘောထားသာမက မကြာသေးမီက လွှတ်တော်ကို မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောဆိုခဲ့တဲ့ အာဆီယံအဖွဲ့ရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ကန့်သတ်ချက်တွေကြောင့် မကျေမနပ်တဲ့ အနေအထား ပြန်လည်သုံးသပ်နေတဲ့ သဘောပြောဆိုခဲ့ပေမဲ့လည်း နိုဝင်ဘာ ၂၅ ရက်နေ့ အစည်းအဝေးမှာတော့ အာဆီယံ ပဋိညာဉ်ကို လေးစားလိုက်နာသွားမယ်လို့လည်း ပြောဆိုခဲ့တာ တွေ့ရပါတယ်။

နိုဝင်ဘာ ၁၈ ရက်မိန့်ခွန်းပြောစဥ်က အာဆီယံ အဖွဲ့ဝင်ဖြစ်ခြင်းနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်နေတယ်လို့ ပြောဆိုခဲ့တာကြောင့် အာဆီယံ အဖွဲ့ကနေ နုတ်ထွက်မလားဆိုတဲ့ အရိပ်လက္ခဏာတွေ ပေါ်ထွက်လာခဲ့ပေမဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာတော့ ပျော့ပျောင်းတဲ့ အသုံးအနှုန်းသုံးပြီး အာဆီယံ ပဋိညာဥ်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေလည်း လေးစားလိုက်နာဖို့နဲ့ မြန်မာနိုင်ငံကလည်း လေးစားလိုက်နာမယ် ဆိုတာမျိုးပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ICJ စီရင်ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ပြောဆိုချက်က ယေဘုယျဆန်ဆန်ပြောဆိုခဲ့တာ ဖြစ်လို့ နောက်လာမဲ့ လပိုင်းတွေနဲ့ တရားရုံးက အချိန်ပေးထားတဲ့ ၂ နှစ်ကာလအတွင်း ICJ တရားရုံး၊ ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတွေရဲ့ အစိုးရတွေရဲ့ တုံ့ပြန်မှု၊ သဘောထားတွေ ဘယ်လို ပေါ်ထွက်လာကြမလဲဆိုတာ ခန့်မှန်းဖို့ အနည်းငယ် စောနေသေးတာ ဖြစ်ပါတယ်။

အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အကြား မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေကတော့ ICJ ရဲ့ မြန်မာနိုင်ငံအပေါ် စီရင်ချက်ကို လေးစားကြောင်း ထုတ်ဖော်ပြောဆိုထားကြတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း သို့မဟုတ် ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းတွေကနေ လှေစီးပြီး အသက်စွန့်ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မလေးရှားနိုင်ငံဆီ ဦးတည်သွားရောက်ကြပြီး မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး ရဲ့ အစီအစဥ်နဲ့ တတိယနိုင်ငံတွေမှာ အခြေစိုက်နေထိုင်ဖို့ ထွက်ခွာသွားကြတာတွေ ရှိနေပြီး ပုံမှန်အားဖြင့် တသိန်းကနေ ၂ သိန်းဝန်းကျင်ရှိတဲ့ ဒုက္ခသည်တွေ မလေးရှားနိုင်ငံမှာ ယာယီနေထိုင်နေကြတာ ဖြစ်ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေ အနက် ထိုင်းနိုင်ငံကတော့ ICJ စီရင်ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ သဘောထားမှတ်ချက် ပေးခြင်းထက် ICJ မှတ်ချက်ကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် ထိခိုက်မှုမရှိတဲ့ သဘောမျိုး ထုတ်ဖော်ပြောဆိုထားတာ တွေ့ရပါတယ်။

မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အစိုးရအဖို့ လူမျိုးတုံး သတ်ဖြတ်မှုတွေမှာ အပြစ်ရှိသူတွေ အရေးယူ အပြစ်ပေးရေးကို လုပ်ဆောင်ဖို့ အလားအလာနည်းပါးတာ တွေ့မြင်နေကြရပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်၊ စက်တင်ဘာလတွေက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေပြီးနောက် မကြာခင်မှာပဲ စစ်တိုင်းဌာနချုပ် တိုင်းမှူးကို နေရာရွှေ့လိုက်တာ၊ အင်းဒင်ကျေးရွာ အဖြစ်အပျက်တွက် အချို့သော တပ်ဖွဲ့ဝင်တွေကို အရေးယူအပြစ်ပေးတာတွေ လုပ်ခဲ့တာပါ။ ဒီထက်ပိုတဲ့ အပြစ်ပေးအရေးယူမှုတွေ ခုချိန်ထိ မလုပ်ဆောင်ခဲ့သလို နောက်နောင်လည်း လုပ်ဆောင်မယ့် အလားအလာ မမြင်ရပါဘူး။

ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ၄င်းတို့ နေထိုင်ခဲ့တဲ့ ကျေးရွာတွေမှာ ပြန်လည်နေရာချထားပေးဖို့ ဘေးအန္တရာယ်ကင်းစွာနဲ့ နေထိုင်လုပ်ကိုင် စားသောက်နိုင်ဖို့ ဆိုတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာဖို့က မျှော်ကြည့်ရင် အခက်အခဲတွေ အတားအဆီးတွေ အများကြီး ရှိနေတာ ဖြစ်ပါတယ်။ ဒီဒေသကို လက်ရှိအချိန်မှာ အာရက္ခတပ်တော် AA က ထိန်းချုပ်ထားတာမို့လို့ ICJ ရဲ့ စီရင်ချက်ပါ အကောင်အထည်ဖေါ်ရမယ့် လုပ်ဆောင်မှုတွေကို ဘယ်သူတွေကလုပ်မှာလဲ ဆိုတာက အဓိကအကျဆုံး စိန်ခေါ်မှု၊ ဖြေရအခက်ဆုံးမေးခွန်းလည်း ဖြစ်နေမှာပါ။

AA လက်နက်ကိုင်အဖွဲ့အနေနဲ့ ICJ ရဲ့ စီရင်ချက်ကို အကောင်အထည်ဖော်ပေးရလောက်အောင် ICJ တရားရုံးရဲ့ လုပ်ငန်းစဥ်တွေထဲ AA အနေနဲ့ ပါဝင်ခြင်း မရှိခဲ့သလို ၂၀၁၇ ခုနှစ် အဖြစ်အပျက်တွေ၊ အဲဒီနောက် ၂၀၂၃ နိုဝင်ဘာမတိုင်ခင်အထိ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ ၄င်းတို့မှာ ဘာတာဝန်မှ မရှိခဲ့ပါဘူး။ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှာ AA နဲ့ မြန်မာစစ်တပ်အကြား တိုက်ခိုက်မှုတွေ ပြန်ဖြစ်ပွားခဲ့ပြီးနောက် လအနည်းငယ်အကြာမှာ ရိုဟင်ဂျာတွေ နေထိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို AA လက်နက်ကိုင် အဖွဲ့က သိမ်းယူခဲ့တာပါ။

အခုလက်ရှိအချိန်ထိ AA က အဆိုပါဒေသတွေကို ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်လို့ ရိုဟင်ဂျာ ဒုက္ခသည်နေရပ်ပြန်ရေးမှာ AA တပ်ဖွဲ့ဟာလည်း အဓိကကျတဲ့ အခန်းကဏ္ဍမှာရှိနေတာ ဖြစ်ပါတယ်။ ICJ၊ ကုလသမဂ္ဂနဲ့ အခြားသော နိုင်ငံအစိုးရတွေ အနေနဲ့ မင်းအောင်လှိုင် အစိုးရကို အစိုးရတရပ်အဖြစ် အခြားရွေးချယ်စရာနည်းလမ်းမရှိလို့ ဆက်သွယ်ဆောင်ရွက်နေရတဲ့ အနေအထားဖြစ်ပေမဲ့ ULA/AA လို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို အစိုးရအဖြစ်သော်လည်းကောင်း၊ ဒေသအစိုးရ အဖြစ်သော်လည်းကောင်း ထိတွေ့ဆက်ဆံဖို့ ခက်ခဲနေတဲ့ အခြေအနေ ဖြစ်ပါတယ်။

အနှစ်ချုပ်ရရင် မင်းအောင်လှိုင် အစိုးရ အနေနဲ့ ICJ ရဲ့ စီရင်ချက်နဲ့ ပတ်သက်လို့ ဒုက္ခသည် နေရပ်ပြန်ရေးကိစ္စကို နောက်နှစ်အနည်းငယ်အထိ လုပ်ဆောင်နိုင်စွမ်း လုံးဝမရှိတဲ့အနေအထားဖြစ်ပြီး ဒီဒေသကို ထိန်းချုပ်ထားတဲ့ ULA/AA အဖွဲ့အနေနဲ့လည်း ဘာမှမကျူးလွန်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံးက စီရင်တဲ့ အမှုအခင်းကို လက်ဝယ်ရောက်ရှိလျက်သား ဖြစ်နေတဲ့ အနေအထားမျိုးလည်း ဖြစ်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar