လေးလေး - “ပြည်ကောင်းအောင် ရွှေဒေါင်းတောင် “
လေးလေး
(မိုးမခ) မတ် ၁၈၊ ၂၀၂၆
ပြည်ရွာမှာ မညီညာလို့ ကွဲပြန်တော့၊
စိတ်ထဲမှာမသာမကြည်နှင့်၊
ယတြာယာယီ မနေကောင်းပြီလို့၊
အညာဆီ ကဝေပြောင်းခဲ့ပြီး၊
နေသောင်းထောင် အရောင်မညှိုးသလိုပ၊
ပြေကောင်းအောင် ဆောင်မကိုးရယ်လို့၊
ရွှေဒေါင်းတောင် ကလောင်တမျိုးရယ်နှင့်၊
တောင်ရိုးမှာဆရာကြဲမပေါ့လို့..."
ဆရာကြီးသခင်ကိုယ်တော်မှိုင်းစာထဲကလိုပဲ ပြည်ကောင်းအောင်ရည်ရွယ်ပြီး ရွှေဒေါင်းတောင်ဆောင်း ပါးတွေကို ရေးတယ်လို့ လူထုဒေါ်အမာအမှာစာထဲဖတ်ရပါတယ်။ ” ကမ္ဘာ့အကြီးဆုံး ကျောက်ဆင်းတု တော်”၊ ဆင်ပွဲ၊ ဂျင်၊ ဈေး၊ ရွှေဒေါင်းတောင်စာအုပ် စတဲ့စတဲ့ ဆောင်းပါး ၁၁ ပုဒ်ပါတယ်။ ၁၉၇၀ တဝိုက်က ရေးခဲ့တဲ့ ဆောင်းပါးတွေဖြစ်ပြီး အဲ့ဒီခေတ်ကာလက အဖြစ်အပျက်တွေကို အခြေခံရေးထားတယ်။
ကမ္ဘာ့အကြီးဆုံးကျောက်ဆင်းတုတော်ဆိုတာ မန္တလေးမှာရှိတဲ့ ကျောက်တော်ကြီးဘုရားအကြောင်း ဆောင်းပါး၊ ဆင်ပွဲဆိုတာက လူဝင်ကတဲ့ ဆင်ပွဲအကြောင်း၊ ဈေးကတော့ ၁၉၆၉ ခုနှစ်တဝိုက်က ကြက်သား၊ ဝက်သားဈေးတွေနဲ့အိမ်ရှင်မတွေ ဘယ်လိုတွက်ချက်ပြီး ဈေးဝယ်ရတယ်ဆိုတာတွေ၊ (ခုလည်း ဒီတုန်းကလိုပဲ၊ အိမ်ရှင်မတွေ တွက်ချက်ဝယ်နေကြတုန်းထင်တယ်)။
ဂျင် ဆောင်းပါးကတော့ မန္တလေးမှာ တော်တော်လေးကစားခဲ့ကြတဲ့ ဂျင်ဝိုင်းတွေအကြောင်း စိတ်ဝင် စားစရာဖတ်ရတယ်။ ဒီထဲမှာ ၁၉၇၅ ခုနှစ်က မန္တလေးကထုတ်ဝေတဲ့ ဟံသာဝတီသတင်းစာပါ လူထု အော်သံစာလေး ခုလို တွေ့ရတယ်။
“အကောင်ကြီးကြီး အမြီးရှည်ရှည် သိန်းချီဝိုင်း
အယ်ဒီတာခင်ဗျား
ယုံချင်ယုံ မယုံချင်နေ မန္တလေး အရှေ့ပိုင်း၊ အကွက် ၃၀၇ မှာ သိန်းချီ၍ လောင်းသော လေးကောင်ဂျင် ဝိုင်းကြီး ရှိသည်။ ရှိကြောင်း လူတိုင်းသိသည်။ လူတိုင်းဆိုသည်တွင် ရဲ၊ ကောင်စီ စသော တာဝန်ရှိသူ များလည်း ပါသည်။ သိသည့်အတိုင်း ဖမ်းလည်း ဖမ်းသည်။ သို့သော် အတိမ်းအရှောင်ကောင်းသော မျက်နှာကြီး ဆင်ကြီးများဖြစ်၍၎င်း၊ အစောင့်တော် အထောက်တော်များ ပြည့်စုံ၍၎င်း ဖမ်း၍မမိ။
တကြိမ် ဖမ်း၍ မိဖူးသည်။ သို့သော် လူစားထိုးပြီး ရုံးရောက်သောအခါ ဒဏ်ငွေမျှသာ အတပ်ခံရသဖြင့် အပြုံးမပျက် ပန်းပန်လျက်။
ယနေ့အချိန်တွင် အရက်ဆိုင်နှင့် ကစားဝိုင်းဆိုသည်မှာ နေရာတိုင်းတွင် ရှိသဖြင့် ရေးကြီးခွင်ကျယ်လုပ် ၍ ပြောနေစရာမလိုပါ။ သို့သော် သည်ဝိုင်းကတော့ ကြမ်းလွန်းသည်။ တာဝန်ရှိသော အကောင်ကြီးကြီး အမြီးရှည်ရှည်တို့ပါဝင်သောဝိုင်းဖြစ်၍ အများအကျိုး ထိခိုက်နိုင်ပါသည်။
ကဲ.... ဘယ်လိုလုပ်ကြမလဲ၊ ဒီအတိုင်းဘဲ လက်လျှော့ထားကြမှာလား။
ပြည်သူ့မျက်လုံး
(၁၃၃၇ ခု၊ တန်ခူးလဆုတ် ၁၃ ရက်၊ ၈-၅-၇၅၊ ကြာသပတေးနေ့၊ မန္တလေးဟံသာဝတီသတင်းစာ 'ပြည်သူရေးသောစာ' အခန်းမှ)
အဲ့ဒီခေတ်က “အကောင်ကြီးကြီး အမြီးရှည်ရှည်” ဆိုတဲ့ အသုံးအနှုန်းကို ပြန်ပြောင်းအောက်မေ့ ဘွယ် ရာဖြစ်ရပါတယ်။
ရွှေဒေါင်းတောင်စာအုပ်ကို ဂျပန်ဘာသာပြန်ပြီးထုတ်ဝေခဲ့ဖူးတယ်လို့လည်း သိရ။၁၉၇၅ခုနှစ်က ပထမ အကြိမ်ထုတ်ဝေခဲ့တဲ့ လူထုဒေါ်အမာရဲ့ ရွှေဒေါင်းတောင်ဆောင်းပါးများစာအုပ်ကို လူထုကြီးပွားရေးစာ အုပ်တိုက်က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ တတိယအကြိမ်ပြန်ပြီးထုတ်တယ်။ အုပ်ရေ ၁,၀၀၀ ထုတ်ဝေဖြန့်ချိထားပြီး စာအုပ်တန်ဖိုးက ကျပ် ၁၅,၀၀၀ တိတိ။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
