Breaking News

ကိုသန်းလွင် - ပြည်သူလူထု အဖွဲ့အစည်း

ကိုသန်းလွင် - ပြည်သူလူထု အဖွဲ့အစည်း

မိုးမခ ၊ ဧပြီ ၁၈ ၊ ၂၀၂၆


(၁)

ဒီမိုကရေစီတွင် လူတို့၏ အခြေအနေနှင့်ပတ်သက်၍ ပြဿနာရှိပါသည်။ ၎င်း၏ အခြေခံသဘောမှာ လူတို့၏ ကျော်ကြားမှုကို ပိုင်ဆိုင်ကြခြင်းဖြစ်သည်။ ရွေးကောက်ပွဲများသည် လူတို့၏ လူထုအကြားတွင် အဆင်ပြေစွာ နေနိုင်သူကို အနိုင်ပေးသည်။ ဆိုရှယ်မီဒီယာတွင် လူတို့၏ ဂရုပြုခံရခြင်း၊ လူအများအပေါ် လွှမ်းမိုးထားနိုင်ခြင်းတို့ ပါဝင်ပါသည်။ တစ်ခါတရံ လူတို့ကို ဆွဲဆောင်မှုရှိသူ၊ ရဲရင့်သောသူများကို ရွေးချယ်မိနိုင်သလို ခေါင်းမာသူ၊ အပြောရခက်သူ၊ အစွဲအလမ်းကြီးသူတို့ကိုလည်း ရွေးချယ်မိတတ်ကြသည်။

ထိုအခါ အရေးကြီးသော မေးခွန်းကို မေးတတ်ကြသည်။ အဘယ်ကြောင့် လူတို့သည် ငြိမ်သက်သောသူ၊ အေးဆေးတည်ငြိမ်သူတို့ကို မရွေးချယ်ကြပါသနည်း။ ၎င်းသည် မည်သို့ အကျိုးသက်ရောက်မှု ရှိပါသနည်း။

(၂)

လွန်ခဲ့သော ၁၀ နှစ်ကတည်းက နိုင်ငံရေးတွင် စုပေါင်းပညာရှိမှုနှင့် အင်စတီကျူးရှင်းကြီးများ၏ ဒီဇိုင်းကို လေ့လာရသမျှမှာ ရှက်တတ်သူများကို စနစ်တကျ ဖယ်ရှားပစ်သလို ဖြစ်နေပါသည်။ အတွင်းကို ပြန်ကြည့်တတ်သူ အင်ထရိုဗတ် (Introvert) များက မိမိကိုယ်ကို လူမှုရေးနှင့်ပတ်သက်၍ ဝင်ဆံ့မှုမရှိဘဲ သူတို့မှာ နိုင်ငံရေးအတွက် မဟုတ်ပါဟု ယူဆတတ်ကြသည်။ သူတို့သည် အရွေးခံရန် စိတ်ကူးထဲမှာ မရှိ။ ထိုအုပ်စုမှာ လူနည်းစုများ (minority group)၊ မိန်းကလေးများ၊ ငယ်ရွယ်သူများ ဖြစ်ကြပါသည်။

၂၀ ရာစုနှစ် ဗြိတိသျှစာရေးဆရာ ချက်တာတန် (G.K. Chesterton) က ဒီမိုကရေစီ ဆိုသည်မှာ “ရှက်တတ်သူများကို ရှေ့သို့ထွက်လာစေရန်” လုပ်ပေးသည်ဟု ရေးခဲ့သည်။ သူပြောသည်ကို သေချာစဉ်းစားကြည့်ပါက အဖြေတစ်ခု ထွက်လာပါသည်။ အဆိုပါ ရှက်တတ်သူများကို ရှာဖွေရန် “ပြည်သူတို့၏ အဖွဲ့အစည်း” (Citizen Assembly) ကို ဖွဲ့စည်းပေးခြင်းဖြစ်သည်။

ပြည်သူတို့၏ အဖွဲ့အစည်းဆိုသည်မှာ လူအုပ်စုထဲမှ “မဲ” စနစ်ဖြင့် ရွေးချယ်ပြီး (သို့) ကျပန်း (Random) စနစ်ဖြင့် ရွေးချယ်ကာ ပြဿနာများကို စုပေါင်းအဖြေရှာရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ သူတို့သည် ကျွမ်းကျင်သူတို့၏ အသံကို နားထောင်သည်။ အချင်းချင်း ဆွေးနွေး၍ အဖြေရှာမည်။ ၎င်းမှ ပြုလုပ်ရမည့်အချက်ကို ချပြပါသည်။ နိုင်ငံရေးအတွက် ဂျူရီလုပ်ခြင်းပင်ဖြစ်သည်။ ပါဝင်ဆင်နွှဲရန် မနှစ်သက်သူများကိုလည်း စားပွဲဝိုင်းသို့ လာစေသည်။ ထိုင်မိပြီဆိုသည်နှင့် စဉ်းစားရန် အချိန်ပေး၍ သေချာစွာ လေ့လာစေသည်။ ထို့နောက် ပြဿနာ၏ အဖြေကို စုပေါင်းရှာဖွေကြသည်။

ပြည်သူတို့၏ အဖွဲ့အစည်းသည် ကမ္ဘာတစ်ဝှမ်း နေရာအနှံ့ ရှိနေပြီဖြစ်သည်။ OECD ခေါ် စီးပွားရေးနှင့် တိုးတက်ရေးအသင်းကြီးမှ ပြုစုထားသော စာရင်းအရ ကိစ္စပေါင်း ၇၃၃ ခုတွင် မှတ်တမ်းတင်ပြီး ရှိပါသည်။ ၎င်းသည် လွန်ခဲ့သော အနှစ် ၂၀ အတွင်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

အိုင်ယာလန်နိုင်ငံတွင် အနည်းဆုံး ၅ ခုကို နိုင်ငံတော်အဆင့် ပြုလုပ်ခဲ့သည်။ ထိုကိစ္စများတွင် လိင်တူချင်း မင်္ဂလာဆောင်ခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်း၊ ရာသီဥတု ပြောင်းလဲရေးကိစ္စများ၊ နိုင်ငံရေးအရ အဖြေမထွက်သော ကိစ္စများ ပါဝင်သည်။ လွန်ခဲ့သော ဆယ်နှစ်အတွင်း ပြင်သစ်ပြည်တွင် ၁၉ ကြိမ်တိုင်အောင် တိုင်းနှင့် ပြည်နယ်ကိစ္စများ ပါဝင်ပြီး ကိစ္စ ၃ ခုမှာ တစ်နိုင်ငံလုံးနှင့် ဆိုင်သည်။ ထိုကိစ္စများတွင် ရာသီဥတု ပြောင်းလဲခြင်းကိစ္စ ပါဝင်ပြီး ကိစ္စတစ်ခုမှာ “မိမိဘာသာ အဆုံးစီရင်ပိုင်ခွင့် ရှိမရှိ” ကိစ္စများဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင်လည်း ဒေသအလိုက် အဖွဲ့အစည်းများရှိရာတွင် အော်ရီဂွန်၊ မစ်ရှီဂန် နှင့် ဝါရှင်တန်စတိတ်တို့တွင် အမေရိကန်နိုင်ငံသားအဖြစ် ခံယူနိုင်ရေး အဆုံးအဖြတ်ပေးသော ကော်မရှင်တွင် ပါဝင်ကြသည်။ ပြည်သူများ၏ အဖွဲ့အစည်းအတွက် ဒါရိုက်တာအဖွဲ့ကို ဖွဲ့စည်းပြီး ၎င်း၏ ဥက္ကဋ္ဌမှာ လင်းမိုး (Helene Landemore) ဖြစ်သည်။ ဇူလိုင်လမှ စက်တင်ဘာလအထိ ကွန်နက်တီကတ်နယ်တွင် ကျပန်း (Random) ရွေးချယ်ထားသော အဖွဲ့ဝင် ၁၀၀ ပါရှိသည့် အဖွဲ့သည် ရက်သတ္တပတ်ပေါင်းများစွာ ပြည်သူတို့၏ အကောက်ခွန်ကိစ္စများနှင့် လူထုအတွက် အဖွဲ့အစည်းများကို မည်သို့ရန်ပုံငွေရရှိအောင် ဆောင်ရွက်ရမည့် အရေးကိစ္စများကို ဆွေးနွေးကြသည်။

ယခုအချိန်အထိ ဖြစ်ရပ်အများစုမှာ ကိစ္စတစ်ခုခုကြောင့် ဝေဖန်အကြံပေးရမည့် နေရာတွင် အကြံပေးရခြင်းဖြစ်သည်။ သို့ရာတွင် ပြင်သစ်ပြည်မှ ၂၀၁၉-၂၁ အထိ ရာသီဥတုကွန်ဗင်းရှင်းမှာ ရာသီဥတုဆိုင်ရာ ကိစ္စများကို ဥပဒေပြဋ္ဌာန်းပေးမည့် အဖွဲ့အစည်းဖြစ်သည်။ အချို့က ပြည်သူ့ပါလီမန်ဟု ခေါ်ဝေါ်ကြသည်။

ထိုပြည်သူ့အဖွဲ့အစည်းက ထုတ်ပြန်သော ကြေညာချက်များ၏ စကားသည် အဓိပ္ပာယ်ဖော်ပြမှုတွင် ကွဲပြားသည်၊ လက်တွေ့ကျသည်၊ အများပြည်သူတို့၏ ခံစားချက်များ ပါဝင်သည်။ ၎င်းသည် တာဝန်ရှိ ရွေးကောက်ခံရသည့်အဖွဲ့မှ ထွက်လာသည့် မူများနှင့် ကွဲလွဲတတ်ပါသည်။ ပြင်သစ်ပြည်မှ တွေ့ရှိချက်မှာ ရာသီဥတု ဖောက်ပြန်ခြင်းကိစ္စတွင် အများပြည်သူတို့၏ ဆန္ဒနှင့် အတူတူပင်ဖြစ်သည်။ အိုင်ယာလန်တွင် လိင်တူချင်း လက်ထပ်ရေးကိစ္စများတွင် တူညီနေသည်။ များသောအားဖြင့် သူတို့ တွေ့ရှိချက်များမှာ လူထု၏ ထောက်ခံမှုကို ရနေကြသည်။

အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်းဆိုသော် သူတို့သည် ပြည်သူကြားမှ ရွေးချယ်ထားသော သူများဖြစ်နေသောကြောင့်ပင်။ စိတ်ဝင်စားစရာ တွေ့ရှိချက်မှာ ပါတီကို ကိုယ်စားမပြုသောသူများ၏ ယူဆချက်နှင့်လည်း တူညီနေခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်က ရီပတ်ဗလစ်ကန်နှင့် ဒီမိုကရက်တို့၏ အယူအဆများကို ဤအဖွဲ့က ပြောင်းလဲစေခဲ့သည်။ ရီပတ်ဗလစ်ကန်တို့၏ နိုင်ငံခြားသားများ လက်ခံမှုကို ဆန့်ကျင်ရေးတွင် ၆၅% မှ ၃၄% သို့ ပြောင်းလဲစေခဲ့သည်။ စာရွက်စာတမ်းရှိသောသူများကို ပြန်လွှတ်ရေးတွင် ၇၉% မှ ၄၀% သို့ လျော့ကျစေခဲ့သည်။ ဒီမိုကရက်တစ်များ၏ စိတ်ကိုလည်း ပြောင်းလဲစေခဲ့သည်။ ဘေဘီဘောနပ်စ် (Baby bonus) ပေးမှု ထောက်ခံရာတွင် ၆၂% မှ ၂၁% သို့ လျော့ကျစေခဲ့သည်။ အနိမ့်ဆုံးလစာ ၁၅ ဒေါ်လာကို ထောက်ခံရေးတွင် ၈၂% မှ ၅၉%၊ ကျန်းမာရေး (Medicare) ဆိုင်ရာကိစ္စ တိုးပွားရေးတွင် ၇၀% မှ ၅၆% သို့ လျော့ကျစေခဲ့သည်။ ၎င်းတို့ကို ကြည့်ရာတွင် အမြင်များသည် တစ်ဖက်တည်းသို့ ပြောင်းလဲသွားခြင်းမဟုတ်ဘဲ အများပြည်သူတို့၏ ဆန္ဒအတိုင်း ပြောင်းလဲသွားခြင်းကိုသာ တွေ့ရသည်။

ပြည်သူ့အဖွဲ့အစည်းများသို့ ရောက်လာသည့်သူများမှာ မိမိတို့ကိုယ်တိုင် တွေ့ကြုံနေရသည့် ပြဿနာများကို ဘေးဖယ်၍ ရောက်လာကြခြင်းဖြစ်သည်။ ရင်ဆိုင်တွေ့ကြသည့် နောက်ပိုင်းတွင် အချင်းချင်း မိတ်ဆွေဖြစ်သွားကြသည်။ သူတို့သည် ယခင်က သူစိမ်းများ ဖြစ်ကြသည်။ ပြန်မည်ဟု လမ်းခွဲကြသောအခါ မိတ်ဆွေအရင်းအချာများ ဖြစ်ကုန်သည်။ ထိုအဖွဲ့အစည်းအတွင်း အလုပ်လုပ်ရင်းဖြင့် ခိုင်မာသော တစ်ဦးနှင့်တစ်ဦး ဆွဲဆောင်သည့် သံယောဇဉ် (Bond) များဖြင့် ဖွဲ့နှောင်ပြီး ဖြစ်သွားကြသည်။ ညအခါ ဟိုတယ်ဘားများနှင့် ဂုဏ်ပြုပွဲများတွင် တွေ့ဆုံဆွေးနွေးရခြင်းများကြောင့် ဖြစ်ပါသည်။

၂၀၂၂ ခုနှစ်တွင် ပြင်သစ်ပြည်၏ မိမိကိုယ်ကို အဆုံးစီရင်ပိုင်ခွင့်အတွက် ဆွေးနွေးကြရာတွင် ပါဝင်သော ကိုယ်စားလှယ်တစ်ဦးမှာ ပြင်သစ်ပြည်၏ ကိုလိုနီဖြစ်သော ဂွါဒီလု (Guadeloupe) မှဖြစ်သည်။ သူသည် ဆွေးနွေးပွဲကို တက်ရောက်ရန် လေယာဉ်ပျံကို ၈ နာရီ စီးပြီးလာရသည်။ နှစ်ပတ်လျှင်တစ်ခါ လေယာဉ်ပျံစီးရသည်မှာ ငြီးငွေ့ဖွယ်ကောင်းသည်။ သို့သော် ဤဖြစ်ရပ် ပြီးဆုံးသွားသောအခါ သူသည် “the bigger man” ဖြစ်လာသည်။ သူ့ဘဝအတွက် အသုံးဝင်သော အရာတစ်ခုကို လုပ်ဆောင်ရသလို ခံစားရသည်။

ရှက်တတ်သူများကို ဖော်ထုတ်ရသည်မှာ တစ်ခါတရံ စိတ်ဝင်စားဖွယ်အတိ ဖြစ်သည်။ လူတဝက်ကျော်ကျော်မှာ မိန်းကလေးများဖြစ်သောအခါ ရဲရဲဝံ့ဝံ့ လုပ်ဆောင်တတ်သူများ နောက်ဆုတ်ပေးကြရသည်။ ဆွေးနွေးသူများမှာ ပြဿနာပြေလည်ရေး၊ လူအများ၏ ဆန္ဒပြည့်ဝရေးဖြစ်သည်။ အိမ်နေစရာရရှိရေး ဆွေးနွေးပွဲမှာ အရွယ်စုံပါဝင်ပြီး အသက်အငယ်ဆုံးမှာ ၁၆ နှစ်အရွယ်ဖြစ်သည်။ အချို့မှာ ကိုယ်တိုင်က နေစရာမရှိ ဖြစ်နေသည်။ အချို့မှာ အိမ်မှ နှင်ထုတ်ခံရမည့်အရေးကို စိုးရိမ်နေကြသူများ ဖြစ်သည်။

(၃)

မည်သူကမှ စကားပြောတတ်သော ခေါင်းဆောင်ကို မလိုအပ်ပါဟု မပြောပါ။ ခိုင်မာသော၊ အားကိုးရသော၊ တစ်ဖက်လူကို ဆွဲဆောင်နိုင်သော ခေါင်းဆောင်များကို နေရာအနှံ့ ရှိစေချင်ပါသည်။ သို့သော် ခေါင်းဆောင်ကောင်း ဖြစ်ဖို့ ကျယ်လောင်စွာ စကားပြောတတ်စရာ မလိုပါ။ ဆိုလိုသည်မှာ တောက်ပြောင်ပြီး ဟိတ်ဟန်ကောင်းလွန်းလှသော၊ အရာရာကို သိနေသည်ဟု အထင်ရောက်နေသည့် လူများကို မလိုအပ်ဟုသာ ဆိုလိုရင်းဖြစ်သည်။ မိမိကိုယ်ကို ယုံကြည်ခြင်းဆိုသည်မှာ သိသော တတ်သော ပညာရှိသူများနှင့် ရှက်တတ်သူများကို မရောထွေးသင့်ပါ။ ခေါင်းဆောင်တို့တွင် ယုံကြည်မှုရှိခြင်း၊ ရည်ရွယ်ချက် ကောင်းမွန်ခြင်းနှင့် ဘေးလူများက မြင်လွယ်ခြင်းစသော ဂုဏ်အရည်အသွေးများ ပါဝင်ပါသည်။


ကိုသန်းလွင်

Ref: No Shy Person Left Behind, By Helene Landemore, NY Times April 11, 2026



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar