ကိုလေအိုး - သတင်းထောက်ဆိုတာမျိုးဟာ
ကိုလေအိုး - သတင်းထောက်ဆိုတာမျိုးဟာ
မိုးမခ ၊ ဧပြီ ၁၇ ၊ ၂၀၂၆
“သတင်းစာဖတ်ပရိသတ် တော်တော်များများက သတင်းထောက်အလုပ်ဟာ အကောင်းဆုံးပဲ၊ သတင်းထောက်ဟာ ပျော်ပျော်ပါးပါး သွားလာနေရတဲ့လူ၊ အင်မတန် ကံကောင်းသူလို့ ထင်ကြတယ်။ သတင်းရှာရာမှာ ဘေးရန်များတာတွေ၊ စွန့်စားရတာတွေ၊ အခက်အခဲမျိုးစုံ ကြုံတွေ့ရတာတွေတော့ သူတို့ မသိကြဘူး။
တချို့က သတင်းထောက်ဟာ ညစာစားပွဲ မကြာမကြာ တက်ရတယ်။ အရက်လှိုင်လှိုင် သောက်ရတယ်။ နေ့လယ်စာစားပွဲတွေ၊ လက်ဖက်ရည်ပွဲတွေ၊ အလှူတွေ၊ မင်္ဂလာဆောင်တွေ၊ အသုဘတွေ၊ မွေးနေ့ဧည့်ခံပွဲတွေ၊ အဆောက်အအုံဖွင့်ပွဲ၊ တံတားဖွင့်ပွဲ၊ ကျောင်းဖွင့်ပွဲ၊ စာကြည့်တိုက်ဖွင့်ပွဲ၊ အလုပ်ရုံ စက်ရုံဖွင့်ပွဲတွေမှာလည်း သူတို့ကို တွေ့ရတယ်။ ဒါကြောင့် အင်မတန်ဟန်တယ်လို့ တွက်ကြတယ်။ ဟုတ်တယ်။
သူတို့ကို ဟိုမှာဒီမှာ နေရာတကာမှာ နေ့ရောညရော တွေ့ရတာပဲ။ တချို့နေရာတွေကို ဖိတ်စာရောက်လို့ သွားကြတာ၊ တချို့နေရာတွေကိုတော့ စာဖတ်ပရိသတ်အတွက် စိတ်ဝင်စားစရာ သတင်းရမယ်ဆိုတာ သိလို့ သွားကြတာပါ။ သူ့ဘဝဟာ တစ်ခါတစ်ခါလည်း ပျော်စရာကောင်းရဲ့၊ တစ်ခါတစ်ခါလည်း စိတ်ညစ်စရာကောင်းတယ်။ သတင်းကောင်း မပါရင် အယ်ဒီတာက စိတ်ဆိုးလေမလားဆိုပြီး အမြဲစိုးရိမ်တုန်လှုပ်နေရတယ်။ သတင်းထောက်အလုပ်မှာ ကံပါသလောက် ပါဝင်တယ်လို့လည်း ဆိုနိုင်ပါရဲ့။ ဒါပေမဲ့ မြန်မာပြည်မှာ ကံကောင်းတဲ့ သတင်းထောက်က မများလှဘူး။ အများစုဟာ ပင်ပန်းပါတယ်။ ဆင်းရဲပါတယ်။”
၁၉၂၃-၂၄ မြန်မာသတင်းထောက် အဦးအစပါခဲ့သူ တစ်ယောက်ဖြစ်တဲ့ မစ္စတာချက်တာဂျီ ဆိုတဲ့ သတင်းထောက်ကြီး ပြောခဲ့တဲ့ စကားပါ။ အခုအချိန်အထိလည်း မှန်နေဦးမယ် ထင်ပါတယ်။ သတင်းထောက်ဘဝကို အားကျသူတွေ ရှိသလို အမြင်မကြည်သူတွေလည်း များတယ်။ သူ့မှာ အားသာချက်က ဟိုးထိပ် သမ္မတကနေ ဟိုးအောက်က သူတောင်းစားအထိ စကားပြောလို့ရတာပါပဲ။
အားနည်းချက်ကတော့ သံသယများတာပါပဲ။ ကြားတာတစ်ခုခု သတင်းထောက်ကို လာပြောရင် “ဟုတ်လို့လား” ဆိုတဲ့စကားက သတင်းထောက်ဆီက ပထမဆုံး ထွက်လာတဲ့စကားပဲ။ ဟိုးရှေးရှေးပဝေသဏီ သတင်းထောက်ဆိုတာ မပေါ်သေးခင်က ခရီးသွားကုန်သည်တွေနဲ့ ဈေးသည်တွေဟာ သတင်းထောက်တာဝန် ယူခဲ့ကြသူတွေပေါ့။ အာရပ်ပုံပြင်တွေထဲက သတင်းအချက်အလက်နဲ့ အမှန်တရားရဲ့ အရေးပါပုံကို ပြဆိုတဲ့ ပုံပြင်လေးတစ်ပုဒ် ပြောပြပါရစေ။
စူးစမ်းသူကုန်သည်နှင့် လျှို့ဝှက်သောမြို့တော်
ဟိုးရှေးရှေးက ဘဂ္ဂဒက်မြို့မှာ ဟာဆန်လို့ခေါ်တဲ့ ကုန်သည်တစ်ယောက် ရှိတယ်။ သူဟာ တခြားကုန်သည်တွေလို ပစ္စည်းရောင်းဖို့ထက် "သတင်းအသစ်အဆန်း" တွေကို စုဆောင်းရတာကို ပိုဝါသနာပါသူပါ။ သူဟာ နိုင်ငံအနှံ့ လှည့်လည်ပြီး ဘယ်ပြည်နယ်မှာ ဘာဖြစ်နေတယ်၊ ဘယ်သူတွေ ဒုက္ခရောက်နေတယ်ဆိုတာကို မှတ်သားလေ့ရှိတယ်။
တစ်ခါမှာတော့ ဟာဆန်ဟာ ဝေးလံတဲ့ သဲကန္တာရအစွန်က မြို့တစ်မြို့ကို ရောက်သွားတယ်။ အဲဒီမြို့ရဲ့ တံခါးဝမှာ "ဤမြို့သည် သာယာဝပြောပါသည်" ဆိုတဲ့ ဆိုင်းဘုတ်ကြီး ချိတ်ထားပေမဲ့ မြို့ထဲက လူတွေအားလုံးဟာ မျက်နှာမကောင်းကြဘဲ တစ်ယောက်နဲ့တစ်ယောက် စကားမပြောရဲအောင် ဖြစ်နေကြတာကို သူ သတိထားမိသွားတယ်။
ဟာဆန်ဟာ သတင်းထောက်တစ်ယောက်လိုပဲ စူးစမ်းတော့တာပေါ့။ သူဟာ ဈေးတန်းထဲက အဘိုးအိုတစ်ယောက်ကို တိုးတိုးလေး မေးကြည့်တယ်။ "အဘိုး... မြို့က သာယာတယ်ဆိုပြီး လူတွေ ဘာလို့ ဝမ်းနည်းနေကြတာလဲ" လို့ မေးတဲ့အခါ အဘိုးအိုက ကြောက်ကြောက်လန့်လန့်နဲ့ ဘာမှမပြောဘဲ ထွက်ပြေးသွားတယ်။
နောက်ဆုံးမှာတော့ ဟာဆန်ဟာ အမှန်တရားကို သိလိုက်ရတယ်။ အဲဒီမြို့ရဲ့ ဘုရင်ဟာ မြို့ထဲမှာရှိတဲ့ "သောက်ရေကန်ကြီး" အဆိပ်သင့်နေတာကို ဖုံးကွယ်ထားပြီး လူတွေကို အပြင်ကလာတဲ့ သတင်းတွေကို မယုံဖို့ ပိတ်ပင်ထားတာ ဖြစ်တယ်။ လူတွေဟာ ရေမသောက်ရလို့ အားပြတ်နေကြတာပါ။ ဘုရင်က သူ့ရဲ့ အုပ်ချုပ်ရေးညံ့ဖျင်းတာကို ဖုံးကွယ်ချင်လို့ "အရာအားလုံး အဆင်ပြေပါတယ်" ဆိုတဲ့ သတင်းမှားတွေကိုပဲ ဖြန့်ခိုင်းထားတာပေါ့။
ဟာဆန်ဟာ ဒီသတင်းကို တခြားမြို့တွေက လူတွေသိအောင်၊ အကူအညီတွေ ရောက်လာအောင် လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူဟာ သူ့ရဲ့ ကုလားအုတ်ပေါ်မှာ သတင်းစကားတွေကို စာနဲ့ရေးပြီး အထုပ်တွေထဲ ထည့်လိုက်တယ်။ ပြီးတော့ မြို့ပြင်ကို ထွက်ခွာသွားပြီး လမ်းမှာတွေ့သမျှ ကုန်သည်တွေကို "အဲဒီမြို့ကို မသွားပါနဲ့၊ ရေကန် အဆိပ်သင့်နေပြီ၊ အကူအညီ လိုနေပြီ" လို့ သတင်းစကား ပါးလိုက်တော့တယ်။
မကြာခင်မှာပဲ ဒီသတင်းဟာ ဘေးပတ်ဝန်းကျင် ပြည်နယ်တွေအထိ ပျံ့နှံ့သွားပြီး အိမ်နီးချင်း ဘုရင်တစ်ပါးက ရေစင်တွေနဲ့ ဆေးဝါးတွေ ပို့ပေးလိုက်တဲ့အတွက် မြို့သူမြို့သားတွေ အသက်ချမ်းသာရာ ရသွားကြပါတော့တယ်။
အာရပ်ခေတ်က သတင်းထောက် ဆိုတာ ခြေလျင်ခရီးနှင်ပြီး အမှန်တရားကို တစ်ဆင့်စကား တစ်ဆင့်နားနဲ့ သယ်ဆောင်ပေးရသူတွေ ဖြစ်ပါတယ်။ "သတင်းကောင်း" က လူ့အသက်ကို ကယ်တင်နိုင်သလို၊ "သတင်းမှား" ကတော့ လူတွေကို အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာကို ပြဆိုထားတာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar