Breaking News

မောင်လူမွှေး - ထိုက်တန်တဲ့ ရင်းနှီးမှု

မောင်လူမွှေး - ထိုက်တန်တဲ့ ရင်းနှီးမှု

မိုးမခ ၊ ဧပြီ ၁၉ ၊ ၂၀၂၆


မောင်လူမွှေး ရောက်နေတဲ့ ဒေသက ဖုန်းလိုင်း ဆက်သွယ်ရဖို့ ခက်ခဲတယ်။ ဖုန်းလိုင်းမိတဲ့ နေရာတွေကို မေးမြန်းပြီး အဲ့ဒီနေရာတွေကို တကူးတက သွားပြီး ဖုန်းဆက်စရာ ရှိတာတွေ ဆက်ရတယ်။ တစ်ရက်တော့ တောထဲက တစ်နေရာမှာရှိတဲ့ တဲလေးတစ်တဲကို ဖုန်းဆက်ဖို့ သွားတယ်။ အဲဒီတဲလေးက တောင်ကုန်းပေါ်မှာ ရှိတာဆိုတော့ ဖုန်းလိုင်းလည်း ကောင်းတယ်။ မကောင်းတာကတော့ နေရာထိုင်ခင်းဖြစ်တယ်။ တဲလေးသေးသေးထဲမှာ တဲရှင်တွေရဲ့ ပစ္စည်းတွေ၊ အိပ်ရာတွေနဲ့တင် ပြည့်နေပြီ။ တဲဘေးမှာ မီးဖိုသေးသေးလေး ဆောက်ထားတယ်။ တဲခြေရင်းမှာတော့ ထန်းလက်တစ်လက်ကို သစ်ပင်လေးပေါ် တင်ထားတယ်။ အဲ့ဒီထန်းလက်အောက်က အရိပ်သေးသေးလေးဟာ ဧည့်သည်အတွက် နေရာဖြစ်တယ်။

နွေရာသီမို့ တောတောင်တွေဟာ ခြောက်သွေ့နေတယ်။ အပေါ်က နေကလည်း ပူသလို၊ လေထုကလည်း ပူတယ်။ မြင်ကွင်းတွေကလည်း ပူတယ်။ တဲဘေးက လူနှစ်ယောက်စာလောက်သာ နေရာရှိတဲ့ မီးဖိုထဲမှာ တဲရှင်အမျိုးသမီးဟာ မီးဖိုဘေးမှာ ထိုင်ပြီး ရေနွေးအိုးတည်နေတယ်။ ပညာရေးခရီးထွက်လာတဲ့ မောင်လူမွှေးတစ်ယောက် သွားနေကျ စစ်ရှောင်စခန်းတွေဆီ ဖုန်းဆက်ရတယ်။ အပူချိန်မြင့်လာလို့ ကျန်းမာရေးကို ဂရုစိုက်ကြဖို့၊ လာမယ့်နှစ် ပညာရေးအတွက် ကြိုတင်ပြင်ဆင်မှု အခြေအနေတွေကို မေးမြန်းပြီး တိုက်တွန်းသင့်တာ တိုက်တွန်းရတယ်။

"ဒီနေရာ နောက်ထပ် ထန်းလက်တွေ မိုးလိုက်ရင် နေလို့ တော်တော်ကောင်းသွားမယ်ဗျ" လို့ တဲရှင်အမျိုးသားကို မောင်လူမွှေးက ပြောတယ်။

"အမိုးလုပ်တာက ဘာခဲယဉ်းမှာလဲဗျာ။ မလုပ်ရဲတာ။ တဲနားမှာ အမိုးကြီးကြီးလုပ်ထားရင် လေယာဉ်ကြောက်တာ။ ဗုံးကြဲမှာ စိုးတာ" လို့ တဲရှင်အမျိုးသားက ပြန်ပြောပါတယ်။

မောင်လူမွှေး အမြင်မှာတော့ သူတို့တဲနေရာဟာ စစ်တပ်က ဗုံးကြဲနိုင်မယ့် နေရာမျိုးမဟုတ်ဘူးလို့ တွေးတယ်။ သူတို့ကတော့ လေယာဉ်ကြောက်လို့ တစ်နွေလုံး အပူခံပြီးကို နေနေကြရှာတယ်။ ပြီးခဲ့တဲ့နှစ်က သူတို့တစ်ရွာလုံးအနှံ့ စစ်တပ်က မီးလောင်ဗုံးတွေ၊ ကလက်စတာဗုံးတွေအပြင် စစ်သေနတ်တွေနဲ့ပါ ပစ်ခဲ့တယ်။ ဒီလိုနဲ့ သူတို့ရွာက လူအများစုဟာ တောထဲမှာ နေကြတာ တစ်နှစ်ကျော်ခဲ့ပြီ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကျေးရွာက လူကြီးပိုင်းအချို့ဟာ တောထဲက တဲတွေကို ပြောင်းရွှေ့ပြီး နေထိုင်ကြတာ တွေ့ရတယ်။ မောင်လူမွှေးရဲ့ ဖကြီးနဲ့ အရီးဆိုလည်း နှစ်ယောက်လုံး အသက်ရှစ်ဆယ်ရှိပြီ။ တောထဲမှာပဲ နေကြတယ်။ သားသမီးတွေက အိမ်ကိုခေါ်ရင်လည်း မရတော့ဘူး။ လင်မယားနှစ်ယောက် တောထဲမှာပဲ နေကြတော့တယ်။ သူတို့နဲ့အတူ တောထဲလိုက်မနေနိုင်ကြတဲ့ သားသမီးတွေက မကြာမကြာ သွားကြည့်ကြရတယ်။

"ခွက်တွေက တောထဲရောက်ကုန်တာ ဆရာရေ" တဲ့။ မောင်လူမွှေး ခဏနားနေတဲ့ အိမ်ရှင်အမျိုးသမီးတစ်ယောက်က ပြောတယ်။ သူ့မိဘနှစ်ယောက်လုံး တောထဲမှာ နေကြသတဲ့။ မောင်လူမွှေး အမြဲနေတဲ့ ဒေသက ရွာတွေမှာရော၊ အခုရောက်နေတဲ့ ဒေသက ရွာတွေမှာရော ရွာက အိမ်မှာမနေဘဲ တောထဲမှာ နေကြတဲ့သူတွေ မနည်းဘူး။ တောထဲမှာ နေတယ်ဆိုတာ ယာယီလောက်သာ နေလို့ကောင်းပြီး အမြဲနေဖို့ကျတော့ ရွာထဲက နေအိမ်တွေလို ဘယ်အဆင်ပြေပါ့မလဲ။ ဒါပေမဲ့ နေနေကြတာပါပဲ။ စစ်တပ်က တော်လှန်လူမှုအဖွဲ့အစည်း ဖရိုဖရဲဖြစ်အောင် လေယာဉ်နဲ့ ခြိမ်းခြောက်သတ်ဖြတ်ပြထားတာကိုး။

"အစည်းအဝေးတစ်ခါလုပ်ဖို့ မလွယ်ဘူး။ လူတွေက ရွာမှာမရှိ။ တောထဲတွေ လိုက် အကြောင်းကြားရတာနဲ့ကို မလွယ်တာ" လို့ အိမ်ခြေနှစ်ရာကျော်ရှိတဲ့ ကျေးရွာတစ်ရွာက အုပ်ချုပ်ရေးမှူးက သူ့အခက်အခဲကို ပြောပြတယ်။

"ရပ်ရေးရွာရေး၊ ပညာရေးအတွက် ရွာကို ပြန်ပြန်လာရတာလည်း မလွယ်ဘူး ဆရာရေ။ တောထဲမှာကလည်း နွားတွေနဲ့" ဆိုပြီး အမျိုးသမီးကြီးတစ်ယောက်က မောင်လူမွှေးကို ပြောပြန်ပါတယ်။

စုစုစည်းစည်း မရှိနိုင်တဲ့ လူ့အဖွဲ့အစည်းအတွက် ပူးပေါင်းလုပ်ဆောင်ဖို့ ကိစ္စတွေဟာ ခက်ကုန်တော့တာပေါ့။

မောင်လူမွှေးတို့ ကျေးရွာလူ့အဖွဲ့အစည်း တော်တော်များများဟာ လေယာဉ်ကြောက်စိတ်ကြောင့် စုစည်းဖို့ အခက်အခဲတွေ ထပ်ရင်ဆိုင်ရတယ်။ တကွဲတပြားစီနေတာကြာရင် မစည်းလုံးဘူး။ မစုစည်းနိုင်ရင် အားမဖြစ်ဘူး။ ပူးပေါင်းဆောင်ရွက်မှုမရှိရင် ရပ်ရွာဖွံ့ဖြိုးရေးကိစ္စတွေ မအောင်မြင်နိုင်ဘူး။ ကျေးရွာတွေ မဖွံ့ဖြိုးရင် တော်လှန်ရေးအောင်ဖို့ ခက်တယ်။ ရပ်ရွာတွေဖွံ့ဖြိုးမှ တော်လှန်ရေး အောင်မယ်။ တော်လှန်ရေး အောင်မြင်ချင်ရင် ကြောက်စိတ်ကို ထိုက်သင့်သလောက် ဖယ်ရှားနိုင်မှ ဖြစ်မယ်။

နှစ်ဆန်းတစ်ရက်နေ့ ပရိတ်တရားကို စုပေါင်းနာကြတယ်။ ဘုရားပွဲ၊ ဆွမ်းလောင်းပွဲတွေ လူတွေအများကြီး လာကြတယ်။ ကောင်းတာလုပ်ရင်း သေချင်လည်း သေပေစေတော့ဆိုတဲ့ စိတ်မျိုးထားကြတယ်။ ရပ်ရေးရွာရေး၊ ပညာရေးတွေမှာလည်း ဒီလိုစိတ်ထားမျိုး ရှိကြရင်ကောင်းမယ်လို့ မောင်လူမွှေး တောင့်တမိတယ်။

လေယာဉ်ကိုတော့ မောင်လူမွှေးလည်း ကြောက်တာပါပဲ။ ဒါပေမဲ့ ထိုက်သင့်တဲ့ စွန့်စားမှုမရှိရင်၊ ဉာဏ်နဲ့ယှဉ်တဲ့ အရဲစွန့်မှုမျိုးမှမရှိရင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး အခွင့်အရေးတွေ မဆုံးရှုံးတဲ့ နိုင်ငံတစ်ခုကို မရနိုင်ဘူးဆိုတာကိုလည်း နားလည်ဖို့ လိုအပ်တယ်။ "ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်" ဆိုတဲ့ စိုင်းထီးဆိုင် သီဆိုထားတဲ့ အပေးအယူသီချင်းထဲက စာသားကို မောင်လူမွှေးတစ်ယောက် ခပ်တိုးတိုး ဆိုနေမိပါတယ် ခင်ဗျာ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar