Breaking News

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မှ ၂၀၂၆ ဧပြီလ ၃ ရက်


မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၃ မြင်ကွင်း

(မိုးမခ) ဧပြီ ၄ ၊ ၂၀၂၆


၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မှ ၂၀၂၆ ဧပြီလ ၃ ရက်

ပြီးခဲ့တဲ့ နှစ်မကုန်ဆုံးမီ ၃ရက် အလို ဒီဇင်ဘာ ၂၈ ရက်နေ့နဲ့ ယခုနှစ်ဆန်း ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလဆန်းတွေမှာ ကျင်းပခဲ့တဲ့ လွတ်လပ်မှုလည်း မရှိသလို တရားမျှတမှုလည်း မရှိတဲ့ ရွေးကောက်ပွဲမှာ အများခန့်မှန်းထားတဲ့အတိုင်း ကြံ့ခိုင်ရေးပါတီက အပြတ်အသတ်အနိုင်ရခဲ့ပြီးနောက် ဒီရွေးကောက်ပွဲရဲ့ ရလဒ်အဖြစ် ၂၀၂၆ ခုနှစ် ဧပြီလ ၃ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒု-သမ္မတ ၃ ဦးထဲက သမ္မတ တဦးကို မဲပေးရွေးချယ်ရာမှာ စစ်တပ်က ယူနီဖောင်းမချွတ်ရသေးတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဖြစ်နဲ့ သမ္မတအဖြစ် မဲပေးရွေးချယ်ခဲ့ကြပါတယ်။ 

ပြီးခဲ့တဲ့ ရက်အနည်းငယ်က စစ်တပ်ရဲ့ အမြင့်ဆုံးတာဝန် ဖြစ်တဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို လွှဲပြောင်းပေးတဲ့ အခမ်းအနားကျင်းပခဲ့တဲ့အခါ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကနေ ဦးမင်းအောင်လှိုင်ဖြစ်သွားပြီလို့ လူအများက မှတ်ယူခဲ့ကြတာပါ။ သို့ပေမယ့် တမြန်နေ့က ကာ/လုံ အစည်းအဝေးကျင်းပတဲ့ သတင်းထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အဖြစ်နဲ့ ဖော်ပြသုံးစွဲထားတာကြောင့် တပ်တာဝန်ကို လွှဲပြောင်းပေးလိုက်ပေမယ့် တပ်ရာထူးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးဆိုတဲ့ ရာထူးမစွန့်သေး၊ တနည်းပြောရရင် စစ်ယူနီဖောင်း မချွတ်သေးတာကို အံ့အားသင့်စရာ တွေ့ခဲ့ရပါတယ်။ 

အခုလို စစ်ယူနီဖောင်း မချွတ်သေးတာဟာ သမ္မတတာဝန် လွှဲပြောင်းမယူသေးတာကြောင့်လား၊ လက်ရှိလည်း ယာယီသမ္မတ တာဝန်ကို ၄င်းကပဲ ယူထားတာမို့လို့ သမ္မတတာဝန် ကို ယာယီသမ္မတထံမှ လွှဲပြောင်းခဲ့မယ်ဆိုရင်လည်း ဒီလူတယောက်ထည်းကပဲ တာဝန်လွှဲပြောင်းရမဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ 

လိုချင်တဲ့ ရလဒ်ရအောင် အဖက်ဖက်က ပြင်ဆင်ထိန်းချုပ်ပြီး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရတာ အံ့သြစရာမဟုတ်သလို စစ်အာဏာသိမ်း၊ ၅ နှစ်အကြာမှာ ရွေးကောက်ပွဲကျင်းပ၊ မှန်းဆထားတဲ့အတိုင်း ရလဒ်ထွက်လာ အဆိုပါ ရလဒ်အရ သူကပဲ သမ္မတလုပ်တယ်ဆိုတဲ့ ဇတ်လမ်းက ဘာမှ အသစ်အဆန်းတော့ မရှိလှပါဘူး။ 

စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ခု သမ္မတဖြစ်တဲ့အထိ ၅ နှစ်စွန်းစွန်းကာလအတွင်း မြန်မာနိုင်ငံမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ပြန်ကြည့်ရင် ဆန္ဒပြမှုတွေကို ရိုက်နှက် ပစ်ခတ် ဖြိုခွဲမှုတွေအတွင်း ဒါဇင်နဲ့ချီသေဆုံးခဲ့ရတဲ့ အဖြစ်တွေက အာဏာသိမ်းမှု အစောပိုင်းကာလ ဖြစ်ရပ်တွေ ဖြစ်ပါတယ်။ ဖမ်းဆီးမှု၊ ရိုက်နှက်မှု ဖျက်ဆီးမှုတွေနဲ့ အချို့သော ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေက ၂၀၂၁ ခုနှစ်ရဲ့ ဖေဖေါ်ဝါရီလ နှောင်းပိုင်းနဲ့ မတ်လတွေ အတွင်း ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပြည်၊ မော်လမြိုင်၊ ထားဝယ်၊ မြစ်ကြီးနား စတဲ့ နိုင်ငံအနှံ့အပြားက မြို့တွေမှာ ဖြစ်ပွားခဲ့တာပါ။ 

၂၀၂၁ ခုနှစ်မတ်လ နောက်ပိုင်းမှာတော့ ဆန္ဒပြမှုတွေက လျှပ်တပြက် ဆန္ဒပြမှုတွေ၊ ဆန္ဒပြမှုတွေကို ဖြိုခွဲဖမ်းဆီးပြီး နှိပ်စက်ညှဉ်းပန်းကာ အကျဥ်းနည်းနဲ့ ထောင်ချအပြစ်ပေးတာတွေ ဖြစ်ပွားခဲ့ပါတယ်။ အချို့သော ဆန္ဒပြသူတွေ၊ တက်ကြွလှုပ်ရှားသူတွေက လက်နက်ကိုင်နည်းလမ်းကို ရွေးချယ်လိုက်ကြပြီး မြေပေါ်နိုင်ငံရေးက စွန့်ခွာဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေဆီ ခိုလှုံသွားခဲ့ကြပြီး စစ်သင်တန်းတက်တာ၊ မိမိတို့ အစုအဖွဲ့အလိုက် လက်နက်ကိုင်တပ်ဖွဲ့တွေ ဖွဲ့ဖို့ စတင်ပြင်ဆင်ကြတာတဲ့ လမ်းကြောင်းတွေဆီ ဦးတည်သွားခဲ့ကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေဆီ သွားရောက်ခဲ့တဲ့ မြို့အသီးသီးက လူငယ်တွေနဲ့ တက်ကြွလှုပ်ရှားသူအချို့က လပိုင်းအတွင်း မြို့တွေဆီ ပြန်ရောက်လာကြပြီး မြို့ပေါ်မှာ ပြောက်ကျား တိုက်ခိုက်ဖောက်ခွဲတာနဲ့  ဒလန်ရှင်းလင်းရေးဆိုတဲ့ လုပ်ကြံသတ်ဖြတ်မှုတွေလည်း ပေါ်ထွက်လာခဲ့တာ တွေ့ရပါတယ်။ 

မြို့ပေါ် မှာ စည်းရုံးလှုံ့ဆော်ပြီး နိုင်ငံရေးလုပ်ဖို့ အခြေအနေမပေးတော့ဘူးလို့ ခံစားကြရတဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့လူငယ်တွေဟာ လက်တွေ့အခြေအနေက တွန်းပို့မှုနဲ့ စစ်သင်တန်းတွေတက်ဖို့ စည်းရုံးလှုံ့ဆော်မှုတွေကြောင့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီ ခိုလှုံပြီး လက်နက်ကိုင် လမ်းစဥ်၊ မြို့ပေါ် ပြောက်ကြား လမ်းစဥ်တွေဆီ ဦးတည်ခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံရေးအရရော စစ်ရေးအရပါ အားကောင်းဖို့ အခြေအနေဖြစ်စေခဲ့ပါတယ်။ 

အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ပြီး ပြန်လည်တိုက်ခိုက်ဖို့ အနေအထားမှာ ရှိနှင့်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဆီ ပူးပေါင်းဝင်ရောက်သွားတာမျိုးနဲ့ နောက်နည်းလမ်းတခုက တိုင်းရင်းသားလက်နက်ကိုင် တပ်တွေထံမှာ စစ်သင်တန်းတက်ရောက်ပြီး မိမိတို့မြို့ ရွာမှာ မိမိတို့ဒေသ အမည် သို့မဟုတ် သီးခြားအမည်အမျိုးမျိုးနဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ ဖွဲ့စည်းကြမဲ့ နည်းလမ်း ဖြစ်ပါတယ်။ 

ဒီအခြေအနေတွေက ဆယ်စုနှစ်များစွာ မငြိမ်းနိုင်ခဲ့တဲ့ ပြည်တွင်းစစ်မီးကို အရှိန်နဲ့ ပြန်လည် တောက်လောင်စေခဲ့တာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တိုက်ခိုက်တဲ့ နည်းနဲ့ အပြီးတိုင်ဖယ်ရှားမယ်ဆိုတဲ့ ရည်မှန်းချက်က ပြည်တွင်းစစ်ကို ပြန်လည်အရှိန်မြင့်စေခဲ့တာ ဖြစ်ပါတယ်။ 

၄ နှစ်ကျော် ၅ နှစ်နီးပါး ပြည်တွင်းစစ်နဲ့ မြို့ပေါ်က ပြောက်ကျားတိုက်ပွဲတွေအတွင်း နှစ်ဖက် လက်နက်ကိုင် တပ်ဖွဲ့ဝင် အရေအတွက် သောင်းဂဏန်းနဲ့ အရပ်သား ထိခိုက်သေဆုံးမှုလည်း ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ ရှိခဲ့ပြီ ဖြစ်ပါတယ်။ လက်နက်ကိုင် တပ်တွေအချင်းချင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း လက်နက်ကိုင်အဖွဲ့ဝင် သေဆုံးမှုကိန်းဂဏန်းတွေက ဘယ်ဘက်ကမှ အမှန်အတိုင်း ထုတ်ပြန်လေ့မရှိတာကြောင့် တိကျတဲ့ ကိန်းဂဏန်းရရှိဖို့ မလွယ်ကူပါဘူး။ အလားတူပဲ အရပ်သားသေဆုံးမှု ကိန်းဂဏန်းတွေလည်း တိတိကျကျ ကောက်ယူရရှိဖို့ ခက်ခဲတာကြောင့် သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ ဖော်ပြတဲ့ ကိန်းဂဏန်းတွေကို စာရင်းပြုစုပြီး ထုတ်ပြန်ကြတာမျိုးသာ ရှိနေကြတာလည်း ဖြစ်ပါတယ်။ 

လူသားအရင်းအမြစ် ဆုံးရှုံးမှုတွေအပြင် သယံဇာတ ပျက်စီးဆုံးရှုံးမှု၊ သဘာဝပတ်ဝန်းကျင် သစ်တောပြုန်းတီးမှု၊ သတ္တုတူးဖော်မှုနဲ့ ရွှေထုတ်လုပ်မှုတွေကြောင့် မြစ်ကြောင်းတွေ ပျက်စီးတာ၊ စိုက်ပျိုးမြေတွေ ပျက်စီးတာတွေကလည်း ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့မတိုင်မီကနဲ့ စာရင် အဆနဲ့ချီ မြင့်တက်လာနေတာလည်း ဖြစ်ပါတယ်။ 

လူသားအရင်းအမြစ်တွေ ပညာသင်ယူခွင့် မရှိတာ၊ တပိုင်းတစနဲ့ ပညာသင်ယူမှု ရပ်နားလိုက်ကြရတာ၊ လက်နက်ကိုင် တပ်ဖွဲ့တွေထဲ စုဆောင်းခံရတာ၊ အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဥ်တွေ အများအပြား ရပ်နားခဲ့ရတာ၊ မွေးစကလေးငယ် ကာကွယ်ဆေး ထိုးခွင့် ဆုံးရှုံးမှုက အစ သက်ကြီးရွယ်အိုတွေ နာဖျားမကျန်းဖြစ်တဲ့အခါ ဆေးဝါးကုသခံယူခွင့် မရလို့ အသက်ဆုံးရှုံးကြရတဲ့ အရေအတွက်တွေလည်း ပြီးခဲ့တဲ့ ၅ နှစ်ကျော်ကာလအတွင်း အများအပြား ရှိနေခဲ့တာ ဖြစ်ပါတယ်။ 

အခုလို စစ်အာဏာသိမ်းမှု ၅ နှစ်တာအတွင်း ဆုံးရှုံးခဲ့ရတဲ့ လူ့အသက်တွေ လူမှုပတ်ဝန်းကျင် ရှင်သန်နေထိုင်မှု ဘဝတွေ၊ သဘာဝပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှုတွေက စာရင်းဇယား တိတိကျကျ မကောက်ယူနိုင်သည့်တိုင် သာမန်မျက်စိနဲ့ အကြားအာရုံနဲ့ အသိဉာဏ်နဲ့တင် ခံစားသိရှိနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

အခုလို ၅ နှစ်နဲ့ ၂ လစွန်းစွန်းမှာ အာဏာသိမ်းမှုကို စတင်ခဲ့တဲ့ စစ်တပ်ရဲ့ ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ သူဖြစ်ချင်တဲ့ သမ္မတရာထူးကို အများက ရွေးကောက်တဲ့ အသွင်သဏ္ဌာန်ဖြစ်အောင် ကြိုတင်ပြင်ဆင်ပြီး ရယူနိုင်ခဲ့ပြီ ဖြစ်လို့ အထက်က ဖော်ပြခဲ့တဲ့ ပြည်တွင်းစစ်၊ လုပ်ကြံသတ်ဖြတ်မှု၊ ဥပဒေမဲ့ သတ်ဖြတ်မှု၊ မတရား ပြစ်ဒဏ်ချမှတ်မှုနဲ့ နိုင်ငံဆင်းရဲတွင်းထဲ သက်ဆင်းစေတဲ့ အဖြစ်အပျက်တွေ ပြီးဆုံးစေတော့မလားလို့ မေးရင် မပြီးနိုင်သေးဘူးလို့သာ ဆိုရမှာဖြစ်ပါတယ်။ 

ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေဆဲ၊ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ်ဖြစ်ပွားနေဆဲ၊ မြေပြင်မှာ ရင်ဆိုင်တိုက်ခိုက်နေကြတာ ထိုးစစ်ဆင်တာ၊ ခံစစ်နဲ့ ခုခံတိုက်ခိုက်နေတာ၊ မတရား စစ်သားစုဆောင်းတာ၊ နေအိမ် ရပ်ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေက ဆက်လက်ဖြစ်ပွားနေဆဲလည်း ဖြစ်ပါတယ်။ 

ကြိုတင်စီစဥ်ပြီး လုပ်ဆောင်လာခဲ့တဲ့ ရွေးကောက်ခံ သမ္မတဆိုတဲ့ ရာထူးကို ရသည့်တိုင် အာဏာတည်မြဲဖို့အတွက် အထက်က ပြည်တွင်းစစ်ကို အရှိန်မြှင့်ဆင်နွှဲဖို့ ဝန်လေးမှာမဟုတ်သလို ဖမ်းဆီး နှိပ်စက်မှု သတ်ဖြတ်မှုတွေလည်း ဆက်လက်လုပ်ဆောင်ဖို့ ဝန်လေးမှာ မဟုတ်တာ အသေအချာဖြစ်ပါတယ်။ 

စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစုတွေ အနေနဲ့ ရန်သူစစ်အာဏာရှင်တပ်ရဲ့ အသွင်ပြောင်း၊ ပရိယာယ်ပြောင်း၊ နည်းလမ်းပြောင်းသွားတာကို ကောင်းစွာနားလည်ဖို့ နဲ့ ပြောင်းလဲသွားတဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ မဟာဗျူဟာ နည်းဗျူဟာတွေ ပြန်လည်သုံးသပ်ချမှတ်နိုင်ကြဖို့လည်း အရေးတကြီး လိုအပ်နေတာလည်း ဖြစ်ပါတယ်။ ရှင်သန်နိုင်ရေးသာ မဟုတ်ဘဲ အောင်နိုင်ရေး မဟာဗျူဟာလည်း ဖြစ်ဖို့ အရေးကြီးတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar