လင်းလက်နွေဦး - ယင်ကောင်
လင်းလက်နွေဦး - ယင်ကောင်
မိုးမခ ၊ ဧပြီ ၄ ၊ ၂၀၂၆
ယင်ကောင်က ဘီလုံးငှက်နဲ့ ဆင်ဆိုးကြီးပုံပြင်ထဲမှာ အားနည်းသူဘက်က ရပ်တည်ပေးခဲ့ဖူးတယ်။ အကြမ်းဖျင်း ပြောပြရမယ်ဆိုရင် ငှက်မလေးဟာ အတောင်မစုံသေးတဲ့ သူ့ကလေးတွေကို စောင့်ရှောက်ပေးနေတယ်။ ဒီအချိန် ဆင်ဆိုးကြီးတကောင်က သူ့အသိုက်ရှိရာကို ဦးတည်လာနေတယ်။ ဆင်သွားရာ လမ်းဖြစ်ဆိုတော့ လွှတ်တာ မလွှတ်တာ အသာထား၊ ဘူဒိုဇာနဲ့ အတင်းထိုးဖြတ်လိုက်သလိုပဲ။ နင်းချေဖျက်ဆီးသွားတာပေါ့။ ကလေးတွေနဲ့ အသိုက်ကို နင်းမိမှာစိုးလို့ ငှက်မလေးဟာ လမ်းက စောင့်ကြိုပြီး ဆင်ကြီးကို သွားရောက်တောင်းပန်တယ်။ တောင်းပန်မှ ပိုဆိုး၊ ငှက်ပေါက်စလေးတွေနဲ့ အသိုက်ကို ဆင်ကြီးက ရက်ရက်စက်စက် နင်းချေသတ်ဖြတ်ပစ်တယ်။ စစ်ဘေးရှောင်စခန်းတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေကို လေယာဉ်နဲ့ ဗုံးကြဲ ဖျက်ဆီးသလိုပေါ့။
အားမတန် မာန်လျှော့ရမလား။ ငှက်မလေးက စဉ်းစားတယ်။ ဒီအဖြစ်အပျက်ကိုသာ ဒီအတိုင်း လက်ခံလိုက်မယ်ဆိုရင် အကောင်ကြီးတဲ့ ဆင်ကြီးက တတောလုံး သူလုပ်ချင်သလို လုပ်တော့မယ်။ တခြားသူတွေ ငါ့လို မခံစားရပါစေနဲ့ဆိုတဲ့ မေတ္တာစိတ် အထွဋ်တက်လာတယ်။ အကောင်သေးပေမဲ့ ဉာဏ်မသေးတဲ့သူ မဟုတ်လား။ အဘက်ဘက်က စဉ်းစားတယ်။ ဗျူဟာတွေ ဘာတွေပေါ့လေ။ နောက်ပြီး ‘စုစည်းမှုအား’ အကြောင်း နားလည်သူပီပီ တခြားသူတွေကို အကူအညီတောင်းတယ်။ အကြံဉာဏ်တောင်းတယ်။ သူနောက် လိုက်ပါ ကူညီမယ့်သူတွေက ကြည့်ပါအုံး၊ ကျီးငှက်၊ ယင်ကောင်၊ ဖား... ရယ်ချင်စရာကြီး။ အကုန်ပေါင်းရင်တောင် ဆင်တဖဝါးစာ မရှိဘူး။ ဒါပေမယ့် စုစည်းအားဗျ။
ချောင်းရေ၊ မြောင်းရေကို တမံဖို့ စုစည်းလိုက်တော့ ကျယ်ပြန့်တဲ့ ဆည်ကြီး ရမယ်။ ဟို... ဆုံးမစာတပုဒ်ထဲကလိုပေါ့၊ ‘မိုးပေါက်မိုးစက် ကြိမ်ကြိမ်သက်သော်၊ အင်းနားချောင်းကန် ပြည့်သောဟန်တည့်’။ ဆည်ကြီးကနေ နွေမိုးဆောင်း ရာသီမရွေး စိုက်ပျိုးရေးတွေ လုပ်ကိုင်နိုင်မယ်။ ဒါမှမဟုတ် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မယ်။ ဉာဏ်ရှိတိုင်း သုံးပေါ့လေ။ မစုစည်းနိုင်ဘူးဆိုရင် တမိုးတွင်းလုံးရွာတဲ့မိုးရေတွေ မြေကြီးထဲ ဒီအတိုင်း စိမ့်ဝင်ပျောက်ကွယ်ကုန်မယ် မဟုတ်လား။ ဆရာလုပ်မိသွားပြန်ပြီ။
ထိုက်သင့်တဲ့သူကို ထိုက်သင့်တဲ့နေရာ၊ ထိုက်သင့်တဲ့အခန်းကဏ္ဍမှာ ထားပြီး အသုံးပြုနိုင်တာဟာ မင်္ဂလာတရားပါပဲ။ ‘ပူဇာစ ပူဇနေယျာနံ’ မဟုတ်လား။ ဒီတော့ ကျီးငှက်ကို ဆင်ရဲ့မျက်လုံးတွေ ဖျက်ဆီးခိုင်းတယ်။ ယင်ကိုတော့ ဆင်မျက်လုံးတွေထဲ ယင်ဥတွေ ဥခိုင်းတယ်။ ဖားကိုတော့ ရေငတ်နေတဲ့ ဆင်ကို လမ်းမှားပို့ပြီး ချောက်ထဲ ကျစေတယ်။ ဘီလုံးငှက်က ဘယ်နေရာက ပါပါလိမ့်။ စီစဉ်ဆောင်ရွက်သူပေါ့။ တကယ့်ကို အရေးကြီးတဲ့ နေရာပါ။ ဒီပုံပြင်ထဲမှာ ဇာတ်ကောင်လေးယောက်၊ တင်စားရမယ်ဆိုရင် သူရဲကောင်း လေးယောက်ပေါ့လေ။ တခြား ဇာတ်လမ်းတွေ၊ ပုံပြင်တွေထဲမှာ ‘ယင်ကောင်’ ပါသေးလား။
ယင်ကောင်တွေဟာ မျက်လုံးတထောင် ရှိတယ်လို့ ပြောနိုင်ပါတယ်။ စုပေါင်းမျက်လုံးတွေ ရှိတယ်။ ၃၆၀ ဒီဂရီနီးပါးကို မြင်နိုင်တယ်လို့ ဆိုပါတယ်။ နောက်တခုက အစားအစာတခုပေါ် နားလိုက်တာနဲ့ ခြေထောက်ကနေ အရသာခံနိုင်တယ်လို့ ဆိုပြန်တယ်။ နားလိုက်တာနဲ့ စားသင့်၊ မစားသင့် ခွဲနိုင်တယ်ပေါ့။ စားတော့လည်း အစာပေါ် တံတွေးရည်တွေ ထွေးချ၊ အရည်ပျော်မှ နှုတ်သီးနဲ့ စုပ်စားသတဲ့။ ယင်အမျိုးမျိုး တွေ့ရတယ်နော်။ ဒါပေမယ့် အပုပ်အစပ်ကြိုက်တဲ့ကောင်တွေပဲ တွေ့ရများတယ် မဟုတ်လား။ အရေးကြီးတဲ့ အချက်တချက်က အချိန်တို အတွင်း ‘ဥပေါင်းများစွာ’ ဥခဲ့တယ် ဆိုတာပါပဲ။ မျိုးဆက်သစ်တွေ တိုးတက်ရစ်စေလား။
ဇာတ်ကားတကား ကြည့်ခဲ့တယ်။ အဲထဲမှာ မှတ်သားစရာ စကားတခွန်း မှတ်မိနေတယ်။ မနှိုင်းကောင်း နှိုင်းကောင်း၊ ရယ်စရာပေါ့လေ။ ဒီစာကို ရေးမယ်၊ စဉ်းစားတော့ ‘ငါ ဒါလေးနဲ့ စ ဖွင့်မယ်’ လို့ တွေးထားတာ၊ တကယ် ချရေးကြည့်တော့ ဘယ်က စမိမှန်းတောင် မသိလိုက်ဘူး။ ခုမှ ပြန်ပေါ်လာတယ်။ နေကမင်းကြီးက အသီးသီးတဲ့ သရက်ပင်နဲ့ မသီးတဲ့ သရက်ပင်ကို ကြည့်ပြီး ‘သံဝေဂ’ ရခဲ့တယ်။ နုပိလိယံက ဝင်သွားတဲ့ နေမင်းကြီးကို ကြည့်ပြီး ‘နောင်တ’ ရခဲ့တယ်။ လက်ဝဲသုန္ဒရအမတ်ကြီးက မဲဇာသွားလမ်းတနေရာ လေယူရာအလိုက်သင့် ယိမ်းနွဲ့နေတဲ့ ပိန်းပြားပင်ကိုမြင်ပြီး ‘သင်ခန်းစာ’ ရခဲ့တယ်။ နယူတန်ကတော့ ပန်းသီးပင်အောက် ထိုင်နေတုန်း ကြွေကျလာတဲ့ ပန်းသီး ကိုမြင်ပြီး ‘ပညာ’ ရခဲ့ပြန်တယ်။ ကျနော် အဲလို အခန့်ကြီးနဲ့ ဖွင့်မယ်ပေါ့။
ဇာတ်ကား အားအားယားယားကြည့်ပြီး မှတ်သားမိတဲ့စကားက ‘စစ်ပွဲမှာ နောက်ဆုံးအနိုင်ရတဲ့သူဆိုတာ ယင်ကောင်တွေပဲ’ တဲ့။ သူက ထပ်ရှင်းပြတယ်။ ဟိုဘက် ဒီဘက် ဒါမှမဟုတ် ဟိုဘက် ဒီဘက် ဒီဘက်၊ ဒါမှမဟုတ် ဟိုဘက် ဟိုဘက် ဒီဘက်၊ ဟို ဟို ဒီ ဒီ စစ်တိုက်နေကြတယ်။ နှစ်ဘက်လုံး၊ သုံးဘက်လုံး၊ လေးဘက်လုံး... စသဖြင့်ပေါ့လေ။ သေကြေပျက်စီးတာပဲ။ အင်အားကြီး လက်နက်ကြီးရင် အရှုံးပိုများမယ်ပေါ့။ ရှေးတုန်းက စစ်ပွဲတွေဆို စစ်တလင်းမှာ လူသေတွေ တောင်ပုံရာပုံ။ အဲတုန်းက မဆိုးဘူး၊ အရပ်သားပစ်မှတ် မရှိဘူး။ လာခဲ့ ဘယ်နေရာဆိုပြီး ချိန်းချကြတာ။ ခံတပ်သိမ်း၊ မြို့သိမ်းဆိုရင်လည်း ချီလာတဲ့ ရန်သူတပ်ကြီးကို အဝေးကြီးကတည်းက သိနေတော့ သာမန်အရပ်သားတွေအနေနဲ့ ပြေးချိန်ရှောင်ချိန် ရတာပေါ့။ စစ်ဖြစ်လို့ ကျဆုံးသေကြေတဲ့ စစ်သည်တွေ အများကြီး၊ မြေမြှုပ်ဖို့ မီးသင်္ဂြိုဟ်ဖို့ မလွယ်ဘူး။ ခွေးအတွေ လင်းတတွေ ယင်ကောင်တွေ ပွဲတော် တည်ကြပေါ့။
ခုခေတ်တော့ ခွေးအတွေ လင်းတတွေ မကပ်နိုင်တော့ဘူး။ မြို့သိမ်း၊ နယ်သိမ်း ဆိုတော့ ခွေးအတွေ လင်းတတွေ လက်လှမ်းမမီတဲ့နေရာတွေမှာ စစ်ဖြစ်ကြတယ်။ ဒါပေမယ့် ယင်ကောင်တွေကို မတားနိုင်ပါဘူး။ တောထဲတောင်ထဲ ဖြစ်ဖြစ်၊ မြို့ကြီးပြကြီး ဖြစ်ဖြစ် သူတို့ ရှိတယ်။ စစ်ဖြစ်ပြီ ဆိုတာနဲ့ သူတို့ အရင် ရောက်လာပြီ။ မျက်လုံးပေါင်းတထောင်နဲ့ စောင့်ကြည့်နေတယ်။ ဘယ်သူ အရင်သေမလဲ၊ ဒဏ်ရာရမလဲ၊ သွေးထွက်မလဲပေါ့။ သွေး နည်းနည်းလောက် မထွက်လိုက်နဲ့ သူတို့က သတင်းရပြီးသား။ စစ်မဖြစ်ရင်ကို စစ်ဖြစ်ပါစေ ဆုတောင်းနေသလိုလို။
ယင်ကောင်တွေကများ စစ်ဖြစ်အောင် လှုံ့ဆော်တိုက်တွန်းနေသလား မသိပါဘူး။
လင်းလက်နွေဦး
29.3.2026
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar