Breaking News

မောင်လူမွှေး - ပုစဉ်းလေးတွေနဲ့အပြိုင်

မောင်လူမွှေး - ပုစဉ်းလေးတွေနဲ့အပြိုင်

မိုးမခ ၊ ဧပြီ ၄ ၊ ၂၀၂၆


"ဆရာ ကျွန်မတို့ရွာကလေးကို ပစ်ထားတော့တာလား" ဆိုပြီး စစ်ရှောင်ကျောင်းတာဝန်ခံ ဆရာမတစ်ယောက်က စာလှမ်းပို့ပါတယ်။ မောင်လူမွှေးလည်း နွေရာသီအလုပ်ကိစ္စတွေအတွက် ခရီးထွက်နေတာဖြစ်ကြောင်း၊ ကျောင်းဖွင့်ချိန်ရောက်ရင် လာမှာဖြစ်ကြောင်း စာပြန်ရပါတယ်။ ပြီးတော့ နွေရာသီမှာ ဆရာမတို့ စာဖတ်ကြပါဆိုပြီး လိုင်းပေါ်ကနေ စာအများစုကို တင်ပေးနေတဲ့ လင့်ခ်တစ်ခုပါ ပို့ပေးလိုက်ပါတယ်။
မောင်လူမွှေးကို စာလှမ်းပို့တဲ့ ဆရာမဟာ ဆရာမစိတ်အပြည့်ရှိပြီး ပညာရေးကို ထက်ထက်သန်သန် ဆောင်ရွက်နေသူပါ။ ဒါပေမဲ့ စစ်တပ်ရဲ့ လေယာဉ်အန္တရာယ်၊ စစ်မြေပြင်နဲ့ နီးနေတာ၊ မိဘတွေနဲ့ သက်ဆိုင်ရာတွေရဲ့ ဝိုင်းဝန်းမှုကို ထိုက်သင့်သလောက် မရရှိတာတွေကြောင့် ကျောင်းခဏခဏပိတ်ခဲ့ရပြီး ကလေးတွေအပေါ်ထားတဲ့ သူ့ရဲ့ တစ်နှစ်တာပညာရေးရည်မှန်းချက်တွေ ပြိုလဲခဲ့ရသူဖြစ်ပါတယ်။
တော်လှန်နယ်မြေက ကျေးရွာတော်တော်များများဟာ ပညာသင်နှစ်တိုင်းအတွက် ပူပင်ကြောင့်ကြရပါတယ်။ ရှိပြီးသား ဆရာ၊ ဆရာမတွေ အရေအတွက် လျော့ပါးမသွားရေး၊ နောက်ထပ် ဆရာ၊ ဆရာမ ရရှိရေး၊ ကလေးတွေ ကျောင်းမထွက်ရေး၊ ကျောင်းအဆောက်အအုံ၊ ငွေကြေးကိစ္စ စတဲ့ ကြောင့်ကြရမှုတွေဟာ ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ။
"ဆရာ့ရဲ့ကျောင်းလေး ပြိုသွားပြီဆရာ" လို့ ပြီးခဲ့တဲ့လ မိုးသက်လေပြင်းကျချိန်ပြီးနောက် ဖုန်းဆက်ထားတဲ့ အသံကလည်း မောင်လူမွှေးနားထဲကနေ စိတ်ထဲထိ ရောက်နေတာပါ။ သူတို့ကျောင်းလေးဆို ခိုင်ခန့်မှုက မဆိုးလှပေမဲ့ တကယ့်လေပြင်းနဲ့ကျတော့ ဘယ်ခံနိုင်ပါ့မလဲ။ ကျောင်းပြိုတဲ့အပြင် ဝှိုက်ဘုတ်တွေပါကွဲပြီး ထက်ပိုင်းကျိုးကုန်တာပါ။
အဲဒီကျောင်းလေးကို ဦးစီးပြီး သင်ကြားနေကြတဲ့ ဆရာမလေးသုံးယောက်ဟာ အသက်နှစ်ဆယ်ဝန်းကျင် အရွယ်လေးတွေပါ။ သူတို့သာ စာမသင်ကြရင် တောတိုက်က ကလေးတွေ အကုန်ကမောက်ကမဖြစ်ပြီး မိဘတွေ စိတ်ဆင်းရဲကုန်မှာ သေချာတယ်။ ဒီလို တကယ်လိုအပ်နေတဲ့ စစ်ရှောင်တောတိုက်ကိုသွားနေပြီး ပညာသင်ပေးဖို့မပြောနဲ့၊ ရှေ့တန်းနယ်မြေနဲ့နီးလို့ ညတောင် သွားမအိပ်ရဲကြတော့ မောင်လူမွှေးတို့ ဘယ်လိုလုပ် ဘွဲ့ရဆရာ၊ ဆရာမ ရနိုင်မှာတဲ့လဲ။
နောက်တစ်ခုကတော့ မောင်လူမွှေး တစ်နှစ်တာလုံး ထောက်မခဲ့ရတဲ့ စစ်ရှောင်ကျောင်းကလေး ဖြစ်ပါတယ်။ ပစ္စည်းဥစ္စာနဲ့ပတ်သက်ရင် ဘာအရင်းအမြစ်မှမရှိလို့ သူများလှူဒါန်းတာလေးတွေ စားသောက်နေရတဲ့ စစ်ရှောင်စခန်းရဲ့ ပညာရေးဟာ မောင်လူမွှေးတို့ မကူရင် ဖြစ်ကတတ်ဆန်းအနေအထားကို ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။ ကျောင်းတစ်ကျောင်း ဖြစ်ကတတ်ဆန်းဖြစ်သွားတယ်ဆိုတာ ကလေးတွေရဲ့ အနာဂတ် ပျက်စီးသွားတာဖြစ်ပါတယ်။ လာမယ့်ပညာသင်နှစ်အတွက်လည်း သူတို့ကို စိတ်ခွန်အားတွေ ပေးနေရပေမဲ့ မောင်လူမွှေး ကြောင့်ကြနေရတာပါပဲ။
အခု ဒီစာကိုရေးနေတဲ့ ညသန်းခေါင်အချိန်မှာ မောင်လူမွှေးရောက်နေတဲ့နေရာမှာ ပုစဉ်းတွေ အော်နေကြတာ ဆူညံနေပါတယ်။ ဒီပုစဉ်းတွေဟာ ရင်ကွဲအောင် အော်ကြလို့ ပုစဉ်းရင်ကွဲလို့ လူတွေက ခေါ်ကြတယ်။ မောင်လူမွှေးတို့လည်း ပညာရေးအတွက် ပြောဆိုလုပ်ကိုင်ရတာမှာ ပုစဉ်းလေးတွေလို အဖော်တွေအများကြီးရှိရင် အသံတွေအကျယ်ကြီးထွက်မှာလို့လည်း ကြံကြံဖန်ဖန် စဉ်းစားမိပါတယ်။ မနက်ဖြန် တောထဲကို သွားရမယ်။ ခက်ခဲတဲ့ဒေသက ဆရာ၊ ဆရာမတွေအတွက် နွေခေါင်ခေါင်မှာ တောထဲကိုသွားပြီး ပညာမျှဝေရမယ်။ ပညာရေးကို ထိထိရောက်ရောက် သင်ကြားတတ်ဖို့၊ သင်ယူတတ်ဖို့၊ မျိုးဆက်သစ်တွေ ပညာမမဲ့ဖို့၊ ပညာရေးကို ဝိုင်းဝန်းအားပေး ပူးပေါင်းဆောင်ရွက်တတ်ကြဖို့ မောင်လူမွှေးနဲ့ မစ်စ်မွှေးဟာ တစ်နွေရာသီလုံး တောထဲက ပုစဉ်းရင်ကွဲလေးတွေနဲ့ အသံချင်းပြိုင်ကြရဦးမှာ ဖြစ်ပါတယ်ခင်ဗျာ…။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar


x