Breaking News

၂၀၂၆ ခုနှစ် သင်္ကြန်နဲ့ နိုင်ငံရေးတက်ကြွမှု အရှိန်အဟုန်

မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၁၆ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၇ ၊ ၂၀၂၆


၂၀၂၆ ခုနှစ် သင်္ကြန်နဲ့ နိုင်ငံရေးတက်ကြွမှု အရှိန်အဟုန် 

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် အကုန် ၁၃၈၈ ခုနှစ်ဆီ ကူးပြောင်းတဲ့ ကာလ သင်္ကြန်ကာလ ပြီးဆုံးလုနီး ရောက်ရှိလာပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်တာကာလအတွင်း ကိုဗစ်ကူးစက်ကပ်ဘေးကြောင့် ငြိမ်ငြိမ်သက်သက်နဲ့ ဖြတ်သန်းခဲ့တဲ့နှစ်တွေ ရှိသလို၊ နွေဦးတော်လှန်ရေး အရှိန်အဟုန်မြင့်တက်ဆုံးကာလတွေမှာလည်း နိုင်ငံရေးအရ စည်းရုံးမှုတွေ၊ လူထုထောက်ခံမှုနဲ့ အာဏာသိမ်းစစ်အစိုးရကို လူထုထောက်ခံမှုအင်အား ပြသဖို့ ဖေါ်ဆောင်ကြတဲ့ ဘွိုင်းကောက် သင်္ကြန်၊ တိတ်ဆိတ်စွာဖြတ်သန်းတဲ့ Silent သင်္ကြန် အစရှိတဲ့ သင်္ကြန်တွေ ဖြတ်သန်းခဲ့ကြတာ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်ကာလအတွင်း အာဏာသိမ်း စစ်တပ်က ကမကထ လုပ်တဲ့ သင်္ကြန်ပွဲတော်မှာ ပါဝင်ဆင်နွှဲခြင်း မပြုကြဖို့၊ နွေဦးတော်လှန်ရေး ဆန္ဒပြမှုတွေနဲ့ လက်နက်ကိုင်တော်လှန်ရေးတွေ အတွင်း ထိခိုက်ဆုံးရှုံးခဲ့ကြရသူတွေကို အလေးထားတဲ့ အနေနဲ့ သင်္ကြန်ပွဲတော်မှာ ပါဝင်ဆင်နွှဲခြင်း မပြုဖို့ နှိုးဆော်ခဲ့ကြတာ ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်အစိုးရဘက်ကလည်း စစ်အာဏာသိမ်းပြီးနောက် ပုံမှန်အခြေအနေ ပြန်ရောက်ရှိနေတယ်ဆိုပြီး ပြသလိုတာကြောင့် သင်္ကြန်ပွဲတော်ကို စည်ကားအောင် ညွှန်ကြားချက်နဲ့ လုပ်ဆောင်စေခဲ့တာ ဖြစ်ပါတယ်။ စစ်အစိုးရရဲ့ သင်္ကြန်မဏ္ဍပ်တွေမှာ ဖြေဖျော်သီဆိုတဲ့ အနုပညာရှင်တွေကို သပိတ်မှောက်ကြဖို့လည်း နွေဦးတော်လှန်ရေး ထောက်ခံသူတွေက နှိုးဆော်ခဲ့ကြတာ ဖြစ်ပါတယ်။ သင်္ကြန်ပွဲတော်ကို သပိတ်မှောက်ခဲ့တဲ့ လှုပ်ရှားမှုတွေက ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်ဝန်းကျင်ထိ အတော်လေး သက်ရောက်မှုရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီနှစ်ကာလတွေတုန်းက အညာဒေသနဲ့ ရှမ်းမြောက်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည် နဲ့ အခြားသောဒေသအများအပြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အဆိုပါဒေသက ပြည်သူအများစုက သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲနိုင်တဲ့ အနေအထားမျိုးလည်း ရှိမနေကြတာတွေ့ရပါတယ်။ 

ဒီနှစ်ကာလတွေကို ကျော်လွန်လာပြီးနောက် ၂၀၂၆ ခုနှစ် သင်္ကြန်ကာလမှာတော့ မြန်မာနိုင်ငံဒေသ အချို့မှာ တိုက်ခိုက်မှုတွေ၊ စစ်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို၊ နေရာဒေသအများအပြားမှာလည်း စစ်ဘေးရှောင် ဦးရေ သန်းဂဏန်းနဲ့ချီရှိနေသေးတာ တွေ့ရပါတယ်။ စစ်ပွဲဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံရဲ့ ဒေသတွေက ငွေကြေးအထိုက်အလျှောက် တတ်နိုင်သူတွေနဲ့ မြို့တွေမှာ ဆွေမျိုးသားချင်း ရှိတဲ့သူတွေက ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မုံရွာ အစရှိတဲ့မြို့တွေမှာ လာရောက်နေထိုင်နေကြတာ နှစ်နဲ့ချီရှိနေကြပြီ ဖြစ်ပါတယ်။ 

ယခုနှစ်ကျင်းပတဲ့ သင်္ကြန်ပွဲတော်နဲ့ ပတ်သက်ပြီး သပိတ်မှောက်ဖို့ လှုံ့ဆော်တာမျိုး မတွေ့ရသလို မြို့တွေအများအပြား မှာတော့ သင်္ကြန်ပွဲမှာ လူအများအပြား ဝင်ရောက်ဆင်နွှဲကြတာတွေ့ရပါတယ်။ လောင်စာဆီ ဝယ်ရခက်ခဲတာနဲ့ ဈေးနှုန်းကြီးမြင့်တာကြောင့် ကားတွေနဲ့ လှည့်လည်တာထက် လမ်းလျှောက် သင်္ကြန်လို့ ခေါ်ဆိုတဲ့ ခြေလျင်လျှောက်လည်ကြတဲ့ သင်္ကြန် အဖြစ်နဲ့ နေရာအများအပြားမှာ ကျင်းပကြတာ ဖြစ်ပါတယ်။ 

တော်လှန်ရေး လက်နက်ကိုင် ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာလည်း ဒေသအလိုက် မိမိတို့ အတိုင်းအတာနဲ့ သင်္ကြန်ပွဲတော် ကျင်းပနေကြတာလည်း တွေ့ရပေမယ့် တဖက်မှာ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို သတိပြုဆင်နွှဲကြရတာ ဖြစ်ပါတယ်။ သင်္ကြန်တွင်းကာလမှာပဲ အညာဒေသနဲ့ အခြားသော တော်လှန်ရေး အင်အားစု ထိန်းချုပ်ဒေသအချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ ရှိနေပြီး ဘုန်းတော်ကြီးအပါအဝင် ထိခိုက်သေဆုံးမှု သတင်းတွေလည်း တွေ့နေရတာဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်အစိုးရ အနေနဲ့ မကြာသေးခင် လပိုင်းက ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအပြီး ရလဒ်အရ မတ်လဆန်းမှာ ကျင်းပတဲ့ လွှတ်တော်က အာဏာသိမ်းစစ်ခေါင်းဆောင်ကို သမ္မတဖြစ်အောင် မဲပေးတင်မြှောက်ခဲ့ကြပြီး အစိုးရသစ် ဖွဲ့စည်းလိုက်ကြောင်း သင်္ကြန်မတိုင်ခင် ၂ ရက်အလိုမှာ ကြေညာခဲ့တာပါ။ 

အခြေအနေ ကန့်သတ်ချက်၊ ဥပဒေ ပြင်ဆင်ချက်၊ မဲဆွယ်စည်းရုံးရာမှာ ကန့်သတ်ချက်တွေနဲ့ အာဏာသိမ်းစစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲကို အတုအယောင် ရွေးကောက်ပွဲ အဖြစ် စစ်အာဏာရှင် ဆန့်ကျင်တဲ့ အင်အားစုတွေ က သတ်မှတ်ထားကြတာကြောင့် အခုလို အသစ်ဖွဲ့စည်းခဲ့တဲ့ အစိုးရသစ်ကို ပြည်သူအများစုကတော့ စိတ်ဝင်စားခြင်း မရှိကြပါဘူး။ 

သို့ပေမယ့်လည်း ယခုနှစ် သင်္ကြန်မှာမြို့နေ ပြည်သူလူထုတွေ အများအပြား ပါဝင်ဆင်နွှဲနေကြတဲ့ မြင်ကွင်းတွေ၊ ဗီဒီယို ဓါတ်ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာတာတွေ့ကြရပါတယ်။ ကိုဗစ်စတင်ဖြစ်ပွားတဲ့ ၂၀၂၀ ခုနှစ် သင်္ကြန်က စလို့ ၅ နှစ်ဝန်းကျင် သင်္ကြန်ပွဲတွေမှာ ဆင်နွှဲခြင်း မပြုဘဲ အောင့်အည်းခဲ့ကြရတဲ့ စိတ်ဆန္ဒတွေကို ယခုနှစ် ၂၀၂၆ မှာလွှတ်ပေး လိုက်တာလားလို့ ယူဆစရာလည်း ရှိပါတယ်။ ကုန်စျေးနှုန်းကြီးမြင့်မှု၊ အဓမ္မစစ်မှုထမ်း ဖမ်းဆီးမှု၊ အလုပ်အကိုင်ရှားပါးမှုနဲ့ ဒေသအများအပြား ပြည်တွင်းစစ်ဒဏ် ခံစားနေကြရတဲ့ ကြားမှာ အခုလို စိတ်ကျဥ်းကြပ်မှုရဲ့ ထွက်ပေါက်က သင်္ကြန်ပွဲတော်လို အချိန်သာ ဖြစ်ပါတယ်။ 

တဖက်မှာလည်း တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ဝင်ရောက် တိုက်ခိုက်နေကြတဲ့ လူငယ်တွေ၊ ပြည်ပမှာ တိမ်းရှောင်နေကြရတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေက အခုလိုပြည်တွင်းက မြို့တွေမှာ သင်္ကြန်ပွဲတော် ဆင်နွှဲနေကြတဲ့ မြင်ကွင်းတွေကို လူမှုကွန်ရက်မှာတွေ့ရတဲ့အခါ နွေဦးတော်လှန်ရေးအပေါ် အားပေးထောက်ခံမှု လျော့ကျသွားပြီလား ဆိုတဲ့ စိုးရိမ်တဲ့ အမြင်တချို့ရှိနေကြတာလည်း ဖြစ်ပါတယ်။ ပြည်တွင်းမှာ နေထိုင်နေကြတဲ့ ပြည်သူလူထုတွေ အဖို့ နွေဦးတော်လှန်ရေး အစပိုင်းကာလက စည်းရုံးပြောဆိုမှုတွေ အရ တနှစ် နှစ်နှစ်အတွင်း အောင်မြင်မယ်၊ တော်လှန်ရေး အောင်ပွဲခံနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပြီး သင်္ကြန်လို ပျော်ပွဲရွှင်ပွဲပါဝင်ဆင်နွှဲတာ မဟုတ်ဘဲ အသက်အန္တရာယ်နဲ့ ရင်းရတဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံတဲ့ ကိစ္စကိုတောင် တော်လှန်ရေးအောင်မြင်မှုနဲ့ ချိတ်ဆက်ထားကြတဲ့ ပြည်သူအချို့ ရှိခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ တော်လှန်ရေးက ၄ နှစ်ကနေ ၅ နှစ်ထိတိုင် ကြာရှည်လာချိန် တော်လှန်ရေးအင်အားစုတွေ သိမ်းယူထိန်းချုပ်ထားတဲ့ နယ်မြေတွေပြန်လည် လက်လွှတ်ရတဲ့ အဖြစ်တွေကြောင့် ပြည်သူလူထု အနေနဲ့ ပကတိ အခြေအနေကို ကိုယ်တိုင်အကဲဖြတ် လာနိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

တော်လှန်ရေးက ရေရှည်မယ့် အနေအထားကို ပြည်သူအတော်များများက ဘဝအတွေ့အကြုံအရ လက်ခံလာကြတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။ အာဏာသိမ်းခဲ့တဲ့ စစ်တပ်နဲ့ ၄င်းတို့ကျင်းပတဲ့ ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ အစိုးရကို လက်မခံသည့်တိုင် ဒီအခြေအနေအောက်မှာ ရှင်သန်နေထိုင်နိုင်ဖို့ ကြိုးစားကြရမယ့် သဘောလို့ မှတ်ယူလာကြတာလည်း ဖြစ်ပါတယ်။ 

ဒီအခြေအနေ၊ အနေအထားတွေက ပြည်တွင်းမှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ ဒုတိယနိုင်ငံ၊ တတိယနိုင်ငံမှာ နေထိုင်ပြီး ပြည်တွင်းကသူတွေကို အပေါ်စီးက အမြင်နဲ့ အကဲဖြတ်ကာ ဘယ်လိုဘယ်ပုံ လုပ်ဆောင်ပါဆိုတဲ့ လမ်းညွှန်မှုမျိုး၊ ဆရာလုပ် ဦးဆောင်မှုမျိုးတွေကိုလည်း ပြည်တွင်းက ပြည်သူလူထုတွေက စိတ်ပျက်ငြီးငွေ့နေကြတာပါ။ 

ချုံ့ဆိုရရင် သင်္ကြန်ပွဲတော်မှာ ပါဝင်ပျော်ရွှင်ကြခြင်းဟာ တရားမဝင်၊ လူအများက ထောက်ခံခြင်း မရှိတဲ့ အာဏာသိမ်းစစ်အစိုးရကို အသိအမှတ်ပြုတာလည်း မဟုတ်သလို နေ့ချင်းညချင်း တော်လှန်ရေး အောင်မြင်တော့မယ်လို့ ပြောဆိုမှုတွေကိုလည်း ပြည်သူတွေက မယုံကြည်တော့ကြတဲ့ လက္ခဏာလို့ ဆိုရမဲ့ အနေအထားလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar