Breaking News

တပ်ဦးလ - အချစ်ရယ် ပန်းခင်းရယ် စစ်ပွဲလှလှ ဆောက်ကြမယ်

Art- Than Htay Maung
 
အချစ်ရယ် ပန်းခင်းရယ် စစ်ပွဲလှလှ ဆောက်ကြမယ်
 တပ်ဦးလ
(မိုးမခ) ဧပြီ ၅၊ ၂၀၂၆ 

နာကြောင်းမပြောနဲ့
ဘယ်ဒဏ်ရာပဲတွေ့တွေ့
ဘဝက မဖြုံတော့ဘူးမှတ်။

ထမင်းအိုးခလုတ်မတက်ဘူး
ဝက်သားမစားဘူး
အမှုဖြစ်နေတဲ့အလံကို အလေးမပြုဘူး

ကန်တော့နော်
မစ်ဇေးရှင်းလာနေလို့
ကျမဗိုက်ထဲ
ပြည်တွင်းစစ်တွေ ဆင်းဆင်းနေတယ်

ကျမ
ဟစိဟစိဖြစ်နေတယ်

ဖိနပ်၂ ရံရှိတယ်
ရှီကျင့်ဖျင်နဲ့ပူတင်ကို ဘယ်ညာခွဲစီးတယ်

ကျမ
တောင်တန်းတွေကို မြင်ရတယ်
ပန်းတစ်ပွင့်ထက်လှတဲ့
ဘယ်တော့မှ အရှုံးမပေးခဲ့တဲ့
မေမေ့အပြုံးတွေလည်း မြင်ရတယ်

ကျမ
အားတင်းထားတယ်
စစ်ပွဲခြင်းတော့ဘယ်တူမလဲ
ဒါပေမယ့်
ကျမရဲ့အာခေါင်တွေ တစ်နွေစာ
ခြောက်ကပ်နေတယ်

ကျမကို
အစ္စရေးပို့ပါ
ကျမကို
အီရန်ပို့ပါ
ကျမကို
စစ်ပွဲရှိရာနိုင်ငံတွေဆီပို့ပေးပါ

ရော့ပါ
ရှင်တို့ စစ်ပွဲသောက်ပါ
ကျမကို ရေတစ်ခွက်တိုက်ပါ
ကိုယ့်အိပ်မက်နဲ့ကိုယ် စိုက်ထူပါ

ရှင်တို့က
သားအဖတွေဆို
စစ်ပွဲမှမပြီးသေးတာ
ကျမ အိမ်ပြန်လို့ဖြစ်ပါ့မလား

ကမ္ဘာကြီးကပြောတာတော့
ရှင်တို့ပြီးရင် ကျမတို့အလှည့်တဲ့
မယုံပါဘူး
သတင်းကမလုံတော့
မျက်လုံးတစ်ဖက်ထွက်ကျတယ်
ဟုတ်ပါရဲ့
ခါမေနီ သေတယ်

သူ့မှာ
အာဏာရှိတယ်
သူ့မှာ
ရေနံရှိတယ်
သူ့မှာ
ပလုံကောက်သူတွေရှိတယ်

စစ်ပွဲထဲ ဂီတသံတွေ
စစ်ပွဲထဲ ဂါဝန်လှလှလေးတွေ
စစ်ပွဲထဲ ကျောင်းသူ/ကျောင်းသားတွေ
စစ်ပွဲထဲ အနုပညာရှင်တွေ
စစ်ပွဲထဲ ဆေးထိုးအပ်တွေ
စစ်ပွဲထဲ ဖြူဖြူဖွေးဖွေးမြေဖြူခဲလေးတွေ
အရမ်းမိုက်

တပ်ဦးလ
-
t.me@moemaka
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
youtube.com/@moemaka
X.com/MoeMaKa
#MoeMaKaMedia 
#WhatsHappeningInMyanmar