နန္ဒအောင် - အတွေးနှင့်အရေး လမ်းမပေါ်မှာ လမ်းလျှောက်ခဲ့တဲ့ ကျွန်တော်
အတွေးနှင့်အရေး လမ်းမပေါ်မှာ
လမ်းလျှောက်ခဲ့တဲ့ ကျွန်တော်
နန္ဒအောင်
(မိုးမခ) ဧပြီ ၅၊ ၂၀၂၆
ကျွန်တော် ငယ်ငယ်တုန်းက စာနယ်ဇင်းတချို့ကို မီခဲ့တယ်။ ကျွန်တော့်အိမ်က စာပေမျိုးရိုးမရှိတော့ ရှေးခေတ်မဂ္ဂဇင်း၊ ရှေးခေတ်ဂျာနယ်တွေ အိမ်မှာ မရှိခဲ့ပါဘူး။ ပတ်ဝန်းကျင်မှာကလည်း စာပေရေခံမြေခံ မရှိခဲ့ဘူး။ ကျွန်တော့် အဖေကတော့ ကျွန်တော်တို့ ညီအစ်ကိုသုံးယောက် ဖတ်ဖို့ဆိုပြီး တစ်ပတ်တခါထွက် ကာတွန်းစာစောင်၊ အားကစားဂျာနယ်တွေ ဝယ်ပေးလေ့ရှိတယ်။ နည်းနည်းကြီးလာတော့ ကျွန်တော်တို့ အရပ်မှာ ဂျာနယ်ငှားတဲ့အလေ့လေး ထွန်းကားနေတော့ ဂျာနယ်တွေ ဖတ်ဖြစ်လာတယ်။ မြို့ထဲစက်ဘီးနဲ့ လှည့်ပြီး ဂျာနယ်ရောင်းတဲ့သူတွေက တပတ်အတွင်း မရောင်းရတော့တဲ့ ဂျာနယ်တွေကို အခကြေးငွေနဲ့ တစ်ရက်ငှားတဲ့ အလေ့လေးပါ။ အဲဒီလိုနဲ့ ကျွန်တော့်မှာ စာဖတ်အကျင့်လေး ရနေခဲ့တယ်။
ကျွန်တော် စာတိုပေစလေးတွေ ရေးဖြစ်တာက သိပ်တော့မကြာသေးဘူး။ ကျွန်တော်လည်း စာတွေစရေးတော့ ပုံနှိပ်မီဒီယာ အားမကောင်းတော့ဘူး။ အပတ်စဉ်၊ လစဉ်ထွက်တဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေ အကုန်နီးပါး ရပ်တန့်သွားကြလို့ပဲ။ စာနယ်ဇင်းလောကထဲက ဂျာနယ်နဲ့ မဂ္ဂဇင်း နည်းနည်းပါးပါးပဲ ထွက်နေတော့တယ်။ ပုံနှိပ်မီဒီယာ အားမကောင်းတော့ဘဲ၊ အွန်လိုင်းမီဒီယာ ယဉ်ကျေးမှုက တဖြေးဖြေးနဲ့ အားကောင်းကြီးထွားလာတာ တွေ့ရတယ်။ ကျွန်တော့်လို အခုမှ စာရေးခါစ၊ ကလောင်သွေးမယ့် လူမျိုးအတွက် နာမည်ကြီး စာနယ်ဇင်းတွေမှာ တန်းပြီးရေးနိုင်ဖို့ မလွယ်ကူပါဘူး။ အွန်လိုင်းခေတ်ဆိုတော့ အွန်လိုင်းပေါ်ပဲ တက်ရေးရတော့တာပေါ့။ အခုတော့ မဂ္ဂဇင်းတခုမှာ ထုံ့ပိုင်းထုံ့ပိုင်း ရေးသားခွင့် ရနေပါပြီ။ ပုံနှိပ်မီဒီယာအဖြစ် ဆက်မထွက်တဲ့ စာနယ်ဇင်းတွေ ရှားပါးမှုကြောင့် ကျွန်တော့်မှာ စာနယ်ဇင်းတောင့်တမှုက ရှိနေခဲ့တယ်။ စာနယ်ဇင်း များများထွက်ဖို့ တောင့်တမိတာတော့ အမှန်ပဲ။ စာမရေးရ မနေနိုင်တော့တဲ့ အာသီသကြောင့်ပဲ။
စာနယ်ဇင်း များများထွက်နိုင်ဖို့ တောင့်တမိတဲ့ ကျွန်တော့်အနေနဲ့ အများက သတ်မှတ်ထားကြတဲ့မဂ္ဂဇင်း ခေတ်ကောင်း၊ ဂျာနယ်ခေတ်ကောင်းကို မမီခဲ့ဘူး။ စာဖတ်တဲ့သူအဖြစ်ကော၊ စာရေးသူအဖြစ်ကော မမှီခဲ့ဘူးပေါ့ဗျာ။ ပြန်ထုတ်တဲ့ အသစ်ထွက်ရှိလာတဲ့ ပေါင်းချုပ်စာအုပ်တွေ အကျိုးကျေးဇူးကြောင့်တော့ ဘယ်မဂ္ဂဇင်း၊ ဘယ်ဂျာနယ်ထဲကဆိုတာတော့ ပြန်ဖတ်ရတယ်။စာစောင် / မဂ္ဂဇင်း၊ ဂျာနယ် ဖတ်ရတဲ့ အရသာ အပြည့်အဝတော့ မရဘူးပေါ့ဗျာ။ စာရေးသူအနေနဲ့ စာနယ်ဇင်းတွေ အများကြီး လည်ပတ်စေချင်ပါတယ်။ အဲဒီတော့ ဟိုးအရင်က စာနယ်ဇင်းတွေကို ပြန်ရှာဖတ်ဖြစ်တယ်။ ခေတ်နဲ့အညီ အွန်လိုင်းစာအုပ်ရောင်းဝယ်ရေးကနေ စာနယ်ဇင်းအဟောင်းတွေ ဝယ်ဖတ်ဖြစ်တယ်။ စာကြည့်တိုက်သွားပြီး စာနယ်ဇင်း အဟောင်းတွေ ပြန်ရှာဖတ်ဖြစ်တယ်။
ကျွန်တော် သွားဖြစ်တဲ့ စာကြည့်တိုက်က ဘတင်နု စာကြည့်တိုက်မှူးလုပ်နေတဲ့ “ ဗုဒ္ဓဂုဏ်ရည် စာကြည့်တိုက် ” ပါ။ တစ်ရက်တော့ “ ဗုဒ္ဓဂုဏ်ရည် စာကြည့်တိုက် ” ကို ဦးအောင်ကြင်က စာအုပ်တွေ လှူပါတယ်။ ဦးအောင်ကြင် လှူတဲ့ စာအုပ်တွေထဲမှာ “ အတွေးနှင့်အရေး ” စာစောင် / မဂ္ဂဇင်းတွေ ပါလာပါတယ်။ စာအုပ်အရေအတွက်ကို တိတိကျကျပြောရရင် ( ၆ ) အုပ်ပါ။ ၁၉၆၆ ခုနှစ်ထုတ် မှတ်တမ်းပါတဲ့ မဂ္ဂဇင်းတွေဆိုတော့ ကျွန်တော့်ထက် အနှစ်သုံးဆယ်ဝန်းကျင်လောက် ကြီးတဲ့ စာအုပ်တွေပါ။ စာနယ်ဇင်းတွေ ပြန်ထွက်ဖို့ တောင့်တမိတဲ့ ကျွန်တော့်အနေနဲ့က စာနယ်ဇင်းတွေမှာ စာတွေရေးချင်လို့ပါပဲ။ စာနယ်ဇင်းအဟောင်းတွေထဲက “ အတွေးနှင့်အရေး ” စာစောင် / မဂ္ဂဇင်းအကြောင်းကို ကျွန်တော်လက်လှမ်းမီတဲ့ စာအုပ် ( ၆ ) အုပ်ကို အခြေခံပြီး ရေးကောင်းစရာအဖြစ် မှတ်တမ်းတင် ရေးသားပါ့မယ်။
ကျွန်တော် လက်လှမ်းမီတဲ့ အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်းတွေ ထုတ်ဝေတဲ့ ခုနှစ်ရက်စွဲတွေ ကို အစဉ်လိုက် အရင်ဖော်ပြပါ့မယ်။
(၁) ၁၃၂၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်။ ဇန္နဝါရီလ ၄ ရက်၊ ၁၉၆၆ ခုနှစ်။
(၂) ၁၃၂၇ ခုနှစ်၊ တပို့တွဲလဆုတ် ၇ ရက်။ ဖေဖော်ဝါရီလ ၁၂ ရက်၊ ၁၉၆၆ ခုနှစ်။
(၃) ၁၃၁၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်။ မတ်လ ၂ ရက်၊ ၁၉၆၆ ခုနှစ်။ ( ၁၃၁၇ ခုနှစ်ဆိုတာတော့ စာအကျအပေါက် မှားသွားတာပဲ ဖြစ်ပါမယ်၊ ၁၉၆၆ ခုနှစ်ကို ၁၃၁၇ ခုနှစ်ဆိုတော့ စာစီစာရိုက်အမှားကြောင့် ဖြစ်ပါလိမ့်မယ်။ ထူးခြားချက်က ကျန်တဲ့ အကြိမ်အရေအတွက်ထုတ်တွေက ယမုနာစာပေက ထုတ်ဝေတာဖြစ်ပြီး ဒီအကြိမ်မြောက်ကတော့ ဗော့စတော့စာပေကလို့ တွေ့ရပါတယ် - စကားချပ် )
(၄) ၁၃၂၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်။ မတ်လ ၂ ရက်၊ ၁၉၆၆ ခုနှစ်။
(၅) ၁၃၂၈ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၂ ရက်။ ဇူလိုင်လ ၁၉ ရက်၊ ၁၉၆၆ ခုနှစ်။
(၆) ၁၃၂၈ ခုနှစ်၊ ဝါခေါင်လဆုတ် ၁ ရက်။ စက်တင်္ဘာလ ၁ ရက်၊ ၁၉၆၆ ခုနှစ်။ ( စာလုံးပေါင်းသတ်ပုံကို မူရင်းအတိုင်း ကူးယူးဖော်ပြထားတာပါ )
စာစောင် / မဂ္ဂဇင်း ထုတ်ဝေတဲ့ ရက်စွဲကို ဖတ်ကြည့်ရင်းနဲ့ ဒီဘက်ခေတ် ရေးထုံးနဲ့ အဲဒီခေတ်ကာလ ရေးထုံးတချို့ ကွဲပြားမတူညီတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ခေတ်မှာ ဇန်နဝါရီလရယ်လို့ ရေးကြပေမယ့် အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်းထဲမှာ ဇန္နဝါရီလလို့ ရေးထားတာ ဖတ်ရတယ်။ စက်တင်ဘာလို့ ဒီဘက်ခေတ်မှာ ရေးကြပေမယ့် အတွေးနှင့်အရေးထဲမှာ စက်တင်္ဘာလို့ ရေးထားတာ ဖတ်ရတယ်။
အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်း စာအုပ်ရဲ့ စာမျက်နှာကို လှန်လိုက်ရင် ....
ယမုနာစာပေ
အမှတ် ၇၊ ပုညဝဍ္ဎနလမ်း
တာမွေရပ်၊ ရန်ကုန်မြို့။
ထုတ်ဝေသူ ဦးဘိုးဟန် ( ၀၁၇၃ )
ပြည်တော်ကြက်သရေ ပုံနှိပ်တိုက်
အမှတ် ၉၁၊ ၂၁ လမ်း၊
ရန်ကုန်မြို့။
ပုံနှိပ်သူ ဦးဟုတ်လှိုင် ( ၀၂၈၀ )
သစ္စာပုံနှိပ်တိုက်
အမှတ် ၁၇၊ သမာဓိလမ်း၊
ကျောက်မြောင်း၊ ရန်ကုန်မြို့။
မျက်နှာဖုံး ပုံနှိပ်သူ ဒေါ်အေးကြင် ( ၀၃၁၄ )
...ဆိုတဲ့ စာစောင် / မဂ္ဂဇင်းရဲ့ အပြင်အဆင်ကို တွေ့ရပါတယ်။
ပြည်တော်ကြက်သရေ ပုံနှိပ်တိုက်လို့ ရေးထားတာတွေ့ရတော့ ကျက်သရေ -ျ (ယပင့် )နဲ့ ရေးတာ အသားကျနေတဲ့ ကျွန်တော်အဖို့ ြ- (ရရစ် ) နဲ့ရေးထားတဲ့ ကြက်သရေဆိုတော့ ဘယ်ကြက်သရေကို ရည်ညွှန်းတဲ့ ကြက်သရေလည်းလို့ တွေးတောမိပါတယ်။ ပုံနှိပ်တိုက်က ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်ဘက်က “ ကြက်သရေ ” ဆိုတဲ့ ကျေးရွာလေးနဲ့ တနည်းတဖုံ ပတ်သက်ဆက်နွယ်နေတာလည်း ဖြစ်နိုင်တာပဲလို့ တွေးထင်မိပါတယ်။
တခါတလေမှာ ဗော့စတော့ စာပေကလည်း အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်းကို ထုတ်ဝေပါတယ်။ ဗော့စတော့ စာပေက ထုတ်ဝေတဲ့အကြိမ်မြောက်မှာ ...
' ထုတ်ဝေသူ ဦးလှဖေ ( ၀၈၃၈ )
ဗော့စတော့ စာပေ
အမှတ် ၂၁ ၊ အရှေ့ဒီရုံ
ဗိုလ်ချုပ်ဈေး၊ ရန်ကုန်မြို့။
ပုံနှိပ်သူ ဒေါ်ခင်လှ ( ၀၅၂၆ )
နွယ်နီ ပုံနှိပ်တိုက်
အမှတ် ၂၃၈၊ ၂၉ လမ်း
ရန်ကုန်မြို့။
အခုလို ဖော်ပြထားတာ တွေ့ရပါတယ်။
အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်းရဲ့ အပြင်အဆင်ထဲမှာ ဒီဘက်ခေတ် စာနယ်ဇင်းတွေနဲ့ မတူတဲ့ အပြင်အဆင်တမျိုးလည်း တွေ့ရပါတယ်။ စာအုပ်ထဲမှာ အချပ်ပိုလို စာရွက်အငယ်လေး တစ်ရွက်ညှပ်ထည့်ပေးထားတာပါ။ ဆိုကြပါစို့ ဒီဘက်ခေတ်မှာ ကိုးကြိမ်မြောက်မှာ ထုတ်ဝေထားတဲ့ စာနယ်ဇင်းပါ အမှားကို နောက်တစ်ကြိမ်ထုတ်မှာ “ အမှားပြင်ဆင်ချက် ” ဆိုပြီး ဖတ်ရပါတယ်။ အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်းကတော့ အချပ်ပို စာရွက်လေးမှာ တခါတည်း အမှားပြင်ပါသည်... လို့ အစချီပြီး အမှားပြင်ဆင်ချက်တွေ ထည့်ထားတာတွေ့ရပါတယ်။
အမှားပြင်ပါသည် ...
စာမျက်နှာ (ဃ) ၊ စာကြောင်းရေ ( ၂ ) မှ...
စေတက်တ် (အမှား)ကို စေတသိက်ဟု၎င်း၊
စာမျက်နှာ (၃၀) ၊ စာကြောင်းရေ (၂၆)မှ ...
သူရိယကန္တီ (အမှား) ကို သူရိယကန္တိဟု၎င်း၊
( စာရှည်မှာစိုးလို့ အပြည့်အစုံ မဖော်ပြတော့ပါ - စကားချပ် )
ကျေးဇူးပြု၍ ပြင်ဆင်ဖတ်ရှုပါရန် မေတ္တာရပ်ခံပါသည်။
အချပ်ပို စာရွက်ငယ်လေးမှာ အမှားပြင်ဆင်ချက်တွေကို ဖော်ပြထားတာပါ။
အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်းထဲက ရေးထုံးတချို့ကို သတိထား ဖတ်မိပါတယ်။ ၎င်း၊ ပဌမ၊ ဝေဘန် ဆိုတဲ့ ရေးထုံးတွေကို တွေ့ရပါတယ်။ အဲဒီခေတ်အဲဒီကာလတွေရဲ့ “ မူဝါဒ ” တွေလည်း ဖြစ်နိုင်ပါတယ်။ ဆရာကြီး ဦးဖေမောင်တင်ကတော့
‘ ၎င်း ’ ဆိုတဲ့ ရေးထုံးကို လည်းကောင်းလို့ ပြောင်းရေးဖို့ ခဏခဏတိုက်တွန်းနှိုးဆော်ဖူးကြောင်း ဒေါက်တာအောင်မြင့်ဦးက ရေးသားထားတာလည်း ဖတ်ဖူးပါတယ်။ ကျွန်တော်တို့ ဒီဘက်ခေတ်မှာတော့ ပထမလို့ပဲ ရေးတာတွေ့ရပြီး ' ပဌမ ' လို့ ဘယ်သူမှ မရေးတော့ပါဘူး။ ‘ ဝေဘန် ’ ဆိုတာ ဖတ်ရတော့ ဖ ( ဖဦးထုပ် ) နဲ့ ဘ ( ဘကုန်း ) ဘယ်ရေးထုံးနဲ့ ရေးကြမယ်ဆိုတဲ့ ပွတ်တိုက်မှုတွေလည်း ရှိခဲ့မယ်ထင်ပါတယ်။ ဆရာကြီး ဦးဖေမောင်တင်ဆိုရင် ဘကုန်းနဲ့ ဘေမောင်တင်လို့ ရေးထားတာ ဖတ်ဖူး၊ တွေ့ဖူးပါတယ်။ နောက်ပိုင်းမှာ ဆရာကြီးက ဖေမောင်တင်လို့ပဲ သူ့ကိုယ်သူကော၊ အများကကော ရေးကြ၊ သုံးနှူန်းကြပါတယ်။ ဒေါက်တာလှဘေကတော့ ဘကုန်းနဲ့ပဲ လှဘေလို့ ရေးသားပါတယ်။ ကျွန်တော်တို့ ခေတ်မှာတော့ ဝေဘန်အစား
' ဝေဖန် ' ရယ်လို့ပဲ ရေးကြတော့တယ်။
မဂ္ဂဇင်းတစ်စောင်ရဲ့ အာဘော်မူဝါဒဟာ ခေါင်းကြီးပဲလို့ ကောက်ချက်ချကြတယ်။ ခေါင်းကြီးပိုင်းကို အယ်ဒီတာက အများဆုံး ရေးပါတယ်။ အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်းရဲ့ ခေါင်းကြီးပိုင်းကို ‘ စာတည်းအဖွဲ့ ’ က ရေးပါတယ်။ အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်းရဲ့ အာဘော်ကို သိရဖို့ စာစောင်ရဲ့ ခေါင်းကြီးပိုင်းကို ဖတ်ထားဖို့လည်း လိုပါလိမ့်မယ်။ ကျွန်တော် လက်လှမ်းမီတဲ့ အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်း (၆)အုပ်ထဲက ခေါင်းကြီးတွေကို အနည်းအကျဉ်း ကူးယူဖော်ပြပါ့မယ်။
၁၉၆၆ ဇန်နဝါရီ ၄ ရက်ထုတ် ပထမဆုံး စာစောင်ဖြစ်တဲ့ အတွေးနှင့်အရေး ခေါင်းကြီးကတော့ “စာပေလွတ်လပ်ခွင့် ပြဿနာ ” ဆိုတဲ့ နာမည်နဲ့ပါ။ ရေးသူ၊ ဖတ်သူရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ရေးထားကြောင်း ဖတ်ရပါတယ်။
ခေါင်းကြီးမှာ
“ ထို့ကြောင့် စာရေးဆရာတို့၏ အတွေးနှင့်အရေး လွတ်လပ်ခွင့်ကို ထိပါးရန် စိုးစဉ်းမျှ မရည်ရွယ်သင့်ဟု ကျွန်ုပ်တို့ ယုံကြည်မိပေသည်။ စာဖတ်သူတို့၏ အဖတ်နှင့် အမှတ် လွတ်လပ်ခွင့်ကိုလည်း ထိပါးရန် စိုးစဉ်းမျှ မကြံဆောင်သင့်ဟု ကျွန်ုပ်တို့ ယုံကြည်မိပေသည်။
စာဖတ်သူတို့ကား ပြည်သူတည်း။ ပြည်သူတို့ လက်ဝယ်မှ စာအုပ်များသည် အမှားလော၊ အမှန်လောဟု ခွဲခြားရန်မူ လိုပေမည်။ ပြည်သူတို့အား အားသစ်စေအံ့သော စာပေကို အမှန်ဟုဆိုအပ်၍၊ ပြည်သူတို့အား တွေဝေစေအံ့သော စာပေကို အမှားဟုဆိုအပ်ပေသည် ” လို့ ရေးထားတာ ဖတ်ရပါတယ်။ ( ခေါင်းကြီးရဲ့ အနည်းအကျဉ်းကိုပဲ ကူးယူဖော်ပြထားတာပါ - စကားချပ် )
ပထမ ခေါင်းကြီးနဲ့တင် အဲဒီခေတ်အဲဒီအခါက ကာလဒေသအားဖြင့် ခေတ်စားနေတဲ့ “ ပြည်သူ ” ဆိုတဲ့ ဝေါဟာရကို အကြိမ်ရေများများ သုံးစွဲထားတာ တွေ့ရပါတယ်။
ကျွန်တော် လက်လှမ်းမီတဲ့ အတွေးနှင့်အရေး သာစောင် / မဂ္ဂဇင်း ဒုတိယစာအုပ်ဖြစ်တဲ့ ၁၉၆၆ ဖေဖော်ဝါရီ ၁၂ ရက် ထုတ် အတွေးနှင့်အရေး ခေါင်းကြီးက “ ကျွန်ုပ်တို့မူဝါဒ ” လို့ ရေးသားထားပါတယ်။ ခေါင်းကြီးပိုင်းက တိုင်းရင်းသားလူမျိုးတွေရဲ့ စာပေရေးရာအကြောင်းလို့ အကြမ်းဖျင်း နားလည်ပါတယ်။ ခေါင်းကြီးပိုင်းကို အနည်းအကျဉ်းကူးယူဖော်ပြပါ့မယ်။
' ထာဝရ ခိုင်မြဲစွာ တည်ရှိနေရေးကို ကျွန်ုပ်တို့ အစွမ်းရှိသမျှ ကြိုးစားဆောင်ရွက်နေကြပါမည်ဟူ၍ အားလုံးသော စာရေးဆရာများနှင့် စာပေဝါသနာရှင်များအား လေးစားစွာ တင်ပြရမည်ဖြစ်ပါသတည်း ’ လို့ ရေးသားထားတာ တွေ့ရပါတယ်။
၁၉၆၆ မတ်လ ၂ ရက်ထုတ် အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်းရဲ့ ခေါင်းကြီးပိုင်းက “ စာအပင်များတိုးချဲ့စိုက်ပျိုးရေး ” လို့ ရေးသားထားပါတယ်။ မတ်လ ၂ ရက်နေ့က တောင်သူလယ်သမားနေ့လည်း ဖြစ်ပါတယ်။ တောင်သူလယ်သမားနေ့ ဖြစ်တာနဲ့အညီ တောင်သူလယ်သမားတို့ ဘဝသရုပ်ဖော်စာပေအကြောင်းတွေကို ရေးသားဖော်ပြထားပါတယ်။ အနည်းအကျဉ်း ကူးယူဖော်ပြပါ့မယ်။
“ ထို့ကြောင့် ကျွန်ုပ်တို့ စာပေဝန်ထမ်း စာရေးဆရာများသည် တောင်သူလယ်သမားတို့၏ ဘဝသရုပ်ဖော်ကို ပီပြင်စွာ ရေးခြယ် ဖော်ပြကြရန် လိုပေပြီ။ တောင်သူ လယ်သမား စာဖတ်ပရိသတ် ဟူ၍ ပေါ်ထွန်းရရှိလာစိမ့်သောဌာလည်း ကြိုးပမ်းဆောင်ရွက်ရန်လိုပေပြီ။ ဤတာဝန် နှစ်ရပ်ကို ကျေပွန်စွာ ထမ်းဆောင်ရန်အတွက် ဤတောင်သူလယ်သမားနေ့တွင် အဓိဌာန်ပြုအပ်လှပါကြောင်း ” လို့ ရေးသားထားပါတယ်။
၁၉၆၆ ဇွန် ၁ ရက်ထုတ် အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်း ခေါင်းကြီးပိုင်းကိုတော့ စာတည်းအဖွဲ့က သူတို့အာဘော်၊ မူဝါဒအတိုင်း
“ ကာယဉာဏ လုပ်သားတို့၏ စာပေပေါ်ထွန်းရေး ” လို့ ရေးသားထားပါတယ်။ စာတည်းအဖွဲ့ နာမည်ခံထားတဲ့ ခေါင်းကြီးပိုင်း ရေးသားသူက
‘ ထို့ကြောင့် ယနေ့ခေတ်၏ တိုးတက်သော စာရေးဆရာများနှင့် စာဘတ်သူ ကာယဉာဏ အလုပ်သမားတို့၏ အကြားအဝယ် ပေါင်းကူးပေးသော စာပေသည် အထက်ပါ အချက်များနှင့် ပြည့်စုံရန် လိုအပ်သဖြင့် တိုးတက်သော စာရေးဆရာတို့၏ တာဝန်သည် ကြီးမားလွန်းလှပေသည် ဟူ၍လည်း ကျွန်ုပ်တို့ ခံယူမိပေသည် ’ လို့ ခေါင်းကြီးပိုင်း အဆုံးမှာ ရေးသားထားပါတယ်။ ဒီခေါင်းကြီးပိုင်းမှာလည်း အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်းရဲ့ မူဝါဒအတိုင်း ရေးသားယုံတင်မက ရေးသားသူကိုတောင် တစ်ဦးတစ်ယောက်ကို ကိုယ်စားပြုတဲ့ တသီးပုဂ္ဂလအခြေခံအမြင်ကို မမြင်စေဘဲ “ ကျွန်ုပ်တို့ ” ဆိုတဲ့ စုပေါင်းကိုယ်စားပြု အရေးအသားကို အခြေခံထားတာ ဖတ်ရပါတယ်။ ခေါင်းကြီးမှာပဲ အဲဒီခေတ် မူဝါဒအတိုင်း ‘ စာဖတ်ကို ဖဦးထုပ်နဲ့ မရေးဘဲ ဘကုန်းနဲ့ စာဘတ် ’ ဆိုပြီး ရေးသားထားတာကိုလည်း တွေ့ရပါတယ်။
၁၉၆၆ ဇူလိုင် ၁၉ ရက်ထုတ် အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်းမှာတော့ ခေါင်းကြီးကို “ စာပေဝန်ကို ကျေကျေပွန်ပွန်ထမ်းကြစို့ ” လို့ ရေးသားထားတယ်။ ခေါင်းကြီးပိုင်းရဲ့ အဆုံးမှာ ...
‘ ဤခေတ်ပြောင်း တော်လှန်ရေး ကာလကြီးကို မြန်မြန်ထက်ထက် အဆုံးသတ်က ကျွန်ပ်တို့ လိုလားတောင့်တသော ခေတ်သစ်၊ စနစ်သစ်ကြီး၊ မြန်မြန်ထက်ထက်၊ ခိုင်ခိုင်မာမာ၊ အောင်အောင်မြင်မြင် ပေါ်ထွန်းလာစေနိုင်ရေးသည်၎င်း ...
ကျွန်ုပ်တို့၏ စာပေဝန်ထမ်းများ၏ တာဝန်သာလျှင် ဖြစ်တော့သည်ဟုသာ ကျွန်ုပ်တို့ ခံယူမိသည် ’ လို့ ရေးသားထားပါတယ်။
၁၉၆၆ စက်တင်ဘာ ၁ ရက်ထုတ် အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်းဟာ ကျွန်တော် လက်လှမ်းမီတဲ့ နောက်ဆုံးအကြိမ်မြောက် စာအုပ်ပါ။ စာတည်းအဖွဲ့က ခေါင်းကြီးကို “ အတွေးနှင့်အရေးမှသည် လက်တွေ့ဘဝသို့ ” လို့ ရေးထားပါတယ်။ ခေါင်းကြီးပိုင်း အဆုံးမှာ
‘ ထို့ကြောင့် ... အနုပညာ အိမ်ထောင်စု၏ သားများသမီးများ မိဘများအား ကျွန်ုပ်တို့ ပန်ကြားလိုသည်မှာ ပြည်သူကို မိမိတို့ စာတတ်ကျွမ်းသော စာပေအနုပညာဖြင့် အလုပ်အကျွေးပြုချင်သပဆိုလျှင်၊ အမှန်တကယ် အကျိုးပြုစေချင်သပဆိုလျှင် ....
(၁) စာပေလောကသားများကလည်း တကယ်တွေး၊ တကယ်ရေး၍ တကယ့် စာပေများကို ဖော်ထုတ်ကြပါကုန်လော့။
(၂) ရုပ်ရှင်လောကသားများကလည်း တကယ်တွေး၊ တကယ်ရေး၍ တကယ့် ရုပ်ရှင်များကို ရိုက်ကူးကြပါကုန်လော့။
(၃) ဂီတလောကသားများကလည်း တကယ်တွေး၊ တကယ်ရေး၍ တကယ့် တေးသီချင်းများကို သီဆိုတီးမှုတ်ကြပါကုန်လော့။
(၄) သဘင်လောကသားများကလည်း တကယ်တွေး၊ တကယ်ရေး၍ တကယ့် ဇာတ်ထုပ်များကို သရုပ်ဆောင် တင်ပြကြပါကုန်လော့။
(၅) ပန်းချီပန်းပုလောကသားများကလည်း တကယ်တွေး၊ တကယ်ရေး၍ တကယ့် ရုပ်ပုံကားချပ်များကို ခြယ်မှုန်းထုလုပ်ကြပါကုန်လော့။
(၆) အနုပညာ၏ အိမ်ထောင်စုကြီးတခုလုံး ညီညွတ်ရာ ညီညွတ်ကြောင်းအတွက် တကယ်ဆောင်ရွက်ပြကြပါကုန်လော့။
... ဟူ၍သာ တိုက်တွန်းနှိုးဆော်လိုပါသတည်း။ ။ ’ လို့ ရေးသားထားပါတယ်။
အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်းရဲ့ ခေါင်းကြီးပိုင်းဟာ အဲဒီ စာစောင် / မဂ္ဂဇင်းရဲ့ မူဝါဒ၊ အာဘော်ဖြစ်တယ်။ ခေါင်းကြီးပိုင်းရဲ့ အရေးအသားတွေဟာ အဲဒီခေတ်ကာလရဲ့ ကာလဒေသတိုင်းမှာ မြည်ဟိန်းနေတဲ့ ဆိုရှယ်လစ်သဘောတရားတွေ တွေ့ရပါတယ်။ ‘ ပြည်သူ၊ လယ်သမား လူတန်းစား၊ အလုပ်သမား လူတန်းစား ’ ဆိုတဲ့ အသုံးအနှူန်းတွေကို တွေ့မြင်ရတာလည်း မဆန်းပါဘူး။ ‘ ပြည်သူကို အလုပ်ကျွေးပြုရမည်၊ စာပေသည် ပြည်သူအတွက်၊ သရုပ်ဖော်စာပေ၊ သရုပ်မှန်ဝါဒ ’ ဆိုတဲ့ ကြွေးကြော်သံတွေလည်း ခေါင်းကြီးပိုင်းမှာ မြည်ဟိန်းလို့နေပါတယ်။ အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်းမှာ ခိုင်မာယုံကြည်တဲ့ သဘောထားမူ တစ်ခုရှိတယ်ဆိုတာ ခေါင်းကြီးပိုင်းတွေက မီးမောင်းထိုးပြလို့နေပါတယ်။ ဒုတိယကမ္ဘာစစ် ပြီးခါစကနေ ၁၉၉၀ တဝိုက်အထိ လက်ဝဲဝါဒဟာ စာရေးဆရာတွေ၊ နိုင်ငံရေးသမားတွေ တော်တော်များများအပေါ်မှာ ဩဇာညောင်းပါတယ်။ အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်းမှာ လက်ဝဲဝါဒကို ကိုင်စွဲတယ်လို့ နာမည်ကြီးတဲ့ ဆရာသိန်းဖေမြင့်က ပင်တိုင်ကလောင်ရှင်အဖြစ် တွေ့ရပါတယ်။
အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်းမှာ ကလောင်အင်အားများစွာ ဝင်ရောက်ရေးသားတာလည်း တွေ့ရပါတယ်။ သိန်းဖေမြင့်၊ မောင်သာရ၊ ဓနုဖြူကျော်မင်း၊ သခင်ကျော်စိန်၊ မောင်ထင်၊ မင်းသုဝဏ်၊ မြန်မာအလင်းစိန်ဝင်း၊ တက္ကသိုလ် ခင်မောင်အေးနဲ့ တခြား စာရေးဆရာတွေပါ ဝင်ရောက်ရေးသားကြပါတယ်။
ကျွန်တော် လက်လှမ်းမီတဲ့ အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်း ( ၆ ) အုပ်ထဲက ပထမဆုံးဖြစ်တဲ့ ၁၉၆၆ ဇန်နဝါရီ ၄ ရက်နေ့ထုတ် စာစောင် / မဂ္ဂဇင်းထဲကနေ တချို့ကို ကူးယူဖော်ပြပါ့မယ်။ ဆရာ ကိုကိုမောင်က ‘ စာရေးဆရာ၏ စိတ်နေသဘာဝ ’ ဆိုတဲ့ ဆောင်းပါးရေးပါတယ်။ စာစောင် / မဂ္ဂဇင်းရဲ့ မူဝါဒနဲ့ စာရေးဆရာ လက်ခံယုံကြည်ထားတဲ့ သဘောတရားတို့နဲ့ အညီ ဆောင်းပါးထဲမှာ ဆိုရှယ်လစ်အသံတွေ မြည်ဟိန်းလို့နေပါတယ်။ အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်းရဲ့ ပင်တိုင်ကလောင်ရှင်လို့ ဆိုရနိုင်တဲ့ ဆရာသိန်းဖေမြင့်က ‘စာပေဗိမာန်ဆုနှင့် ဝတ္ထုများ ’
ဆိုပြီး ရေးပါတယ်။ ဆရာသိန်းဖေမြင့်က ၁၉၆၄ ခုနှစ် စာပေဗိမာန်ဆုရတဲ့ သရုပ်ဖော်ဝတ္ထုတွေအကြောင်းကို ရေးဖွဲ့ထားတာပါ။ ၁၉၆၄ ခုနှစ် စာပေဗိမာန်ဆုရတဲ့ (၁) တောင်ပေါ်မြေနှင့် မြေပြန့်ပန်း၊ (၂) အရေးတော်ပုံ ဝတ္ထု၊ (၃) သွေးချောင်းကလျှံ၊ (၄) မေတ္တာရေစင် ဝတ္ထုတွေရဲ့ သရုပ်ဖော်ပုံတွေကို လက်ဝဲအမြင်ကနေ ချည်းကပ်ရေးသားသွားတာပါ။ ဆရာမောင်သာရကလည်း “ တခုတည်းသော စာပေအဖွဲ့အစည်း တည်ဆောက်ရေး ” ဆိုပြီး စာပေညီညွတ်ရေး အကြောင်းအရာတွေကို ကျယ်ကျယ်ပြန့်ပြန့်ရေးထားတာ တွေ့ရပါတယ်။
ဆရာမောင်ထင် ကတော့ ‘ စာရေးလိုသော် ’ နာမည်နဲ့ စာပေရေးရာအကြောင်း၊ အရေးအသားကြောင်းတွေကို ရေးထားပါတယ်။ ဆရာမောင်ထင်ရဲ့ အရေးအသားကို အနည်းအကျဉ်း ကူးယူဖော်ပြပါ့မယ်။
ဝေါဟာရဟူသည်မှာ စေခိုင်းသမျှကို တိတိကျကျ လုပ်ပေးနိုင်စွမ်းရှိသော လုပ်သားဖြစ်၏။ စာရေးသူကား ထိုလုပ်သား၏ အလုပ်ကို စီစဉ်နေရာချထားပေးရသော ခန့်ခွဲသူဖြစ်၏။ ခန့်ခွဲသူသည် မိမိ၏ လုပ်သားကျွမ်းကျင်သောအရာကို စနစ်တကျ နေခိုင်းပေးရ၏။ လက်သမားကို လယ်လုပ်ခိုင်းလျှင် စပါးရချင်မှရမည်။ စပါးရသည် ဆိုရစေကာမူ စပါးထွက်ကိုက်လိမ့်မည် မဟုတ်။ စပါးထွက် ကိုက်သည့်တိုင်အောင် သီးနှံတို့မှာ အောင်မြင်ချင်မှ အောင်မြင်မည်။ ထို့နည်းတူစွာ လယ်သမားကို အိမ်ဆောက်ခိုင်းသော် အိမ်ကလေး မခိုင့်တခိုင် ဆင်တိုးလို့ ယိုင်လျှင်တော်သေး၏။ ကြောင်ခုန်ချယုံနှင့် ယိုင်ပြီဆိုလျှင် ကြည့်ကောင်းတော့မည်မဟုတ်ချေ။
( ၁၉၆၆ ဇန်နဝါရီ ၄ ရက်ထုတ် အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်း စာမျက်နှာ - ၉၅ မှ )
ဆရာမောင်ထင်က ‘ ဝေါဟာရဟူသည်မှာ စေခိုင်းသမျှကို တိတိကျကျ လုပ်ပေးနိုင်စွမ်းရှိသော လုပ်သားဖြစ်၏ ’ လို့ ရေးသားထားတော့
“ လုပ်သား ” ဆိုတဲ့ အသုံးအနှူန်းကို ဖတ်ပြီး ဆိုရှယ်လစ်သဘောတရားတွေ လာတော့မယ် ထင်ခဲ့မိပါတယ်။ ဆက်ဖတ်ကြည့်တော့မှ ဆရာမောင်ထင်က ဆိုရှယ်လစ်ခေတ်တုန်းက လူမှန်နေရာမှန် မဟုတ်ခဲ့တာတွေကို ပါးပါးနပ်နပ်နဲ့ ထေ့ငေါ့ပြီး သရော်ပြသွားတာပါ။ ဆရာမောင်ထင်ရဲ့ စာအရေးအသားတွေ၊ အသုံးအနှူန်းတွေ၊ ဝေါဟာရတွေ၊သရော်စာတွေကလည်း စာရေးချင်သူတွေအဖို့ သေချာပေါက်ကို လေ့လာရမယ့် အရေးအသားတွေပါလို့ ကျိန်းသေပြောရဲပါတယ်။
ဆရာမောင်ထင်က သူ့ဆောင်းပါး အဆုံးသတ်မှာ
‘ စင်စစ်သော်ကား တကယ်စာရေးကောင်းသော ပုဂ္ဂိုလ်တို့သည် ကျွန်တော်တို့ ဆယ်လုံးရေးမှသာ အဓိပ္ပာယ် ရေးရေးထင်သောအရာကို စာတလုံးတည်းဖြင့် ထင်းကနဲ အဓိပ္ပာယ်ပေါ်အောင် ရေးတတ်ကြသည်သာဖြစ်၏ ’ ဆိုပြီး စာရေးရာမှာ ဝေါဟာရနိုင်နင်းပုံက ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ရေးပြသွားပါတယ်။
ဆရာမင်းသုဝဏ်က “ မြန်မာနိုင်ငံ ရှေးခေတ်ဘာသာပြန် သမိုင်းအချုပ် ” ဆိုပြီး ရှေးခေတ်ဘာသာပြန်အကြောင်းတွေ ရေးသားထာတာ ဖတ်ရပါတယ်။ ဆရာမင်းသုဝဏ်က ....
“ မြန်မာတို့သည် ‘ ဘာသာပြန်သည် ’ ဆိုသော ဝေါဟာရ တခုတည်းကိုသာ သုံးသည်မဟုတ်။ ‘ အနက်မြန်မာပြန်သည်၊ အနက်ယောဇနသည်၊ အနက်သမ္ဗန်သည် ’ စသည်ဖြင့် အလဲအလှယ် သုံးသည်ကိုလည်း တွေ့ရသည် ” ( ၁၉၆၆ ဇန်နဝါရီ ၄ ရက်ထုတ် အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်း စာမျက်နှာ - ၁၀၉ မှ ) လို့ ရေးသားထားပါတယ်။
ဆရာမင်းသုဝဏ်က ‘ နံကျယ်၊ နံကျဉ်း၊ နံပျောက် ’ ( ၃ ) မျိုးအကြောင်းကိုလည်း ရှင်းပြထားသေးတယ်။
ဆရာမင်းသုဝဏ်က ဆောင်းပါးအဆုံးသတ်မှာ ....
‘ ဤသို့ဖြင့် ပါဠိသက္ကတကျမ်းများကို ပညာရှိ အဆက်ဆက် ဘာသာပြန်ခဲ့သည်မှာ ပုဂံခေတ်မှ စ၍ ယနေ့တိုင်အောင်ပင်ဖြစ်သည်။ နိဂုံးချုပ်အနေဖြင့် ပြောရလျှင် ပါဠိသက္ကတ လယ်မြေတွင် ဘာသာပြန်မိုး ရွာသွန်းသဖြင့် မြန်မာ့ယဉ်ကျေးမှု ကောက်ပင်တို့ ပေါက်ရောက်တိုးပွားစည်ပင်သည်မှာ ယခုမြင်တွေ့နေရသည့်အတိုင်းဖြစ်ပါတော့သည် ’ ဆိုပြီး ရေးသားထားပါတယ်။ မြန်မာနိုင်ငံမှာ ဘာသာရေးရဲ့ အရေးပါပုံနဲ့ လယ်ယာစိုက်ပျိုးရေးကို အခြေခံထားတဲ့ နိုင်ငံဆိုတာကို ဆရာမင်းသုဝဏ်ရဲ့ ‘ ပါဠိသက္ကတ လယ်မြေ ’ဆိုတဲ့ အသုံးအနှူန်းမှာ အထင်အရှားတွေ့မြင်ရနိုင်ပါတယ်။
၁၉၆၆ မတ်လ ၂ ရက်နေ့ထုတ် အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်းမှာ ပါတဲ့ သခင်ကျော်စိန်ရဲ့ “ စာအုပ်ကုန်သွယ်ရေး ” ဆိုတဲ့ ဆောင်းပါးလေးဟာလည်း ဖတ်လို့ကောင်းပါရဲ့။ ဖတ်ပြီးတော့လည်း ကြည်နူးမိပါတယ်။ သခင်ကျော်စိန်ရဲ့ ဆောင်းပါးကို အနည်းအကျဉ်းကူးယူဖော်ပြပါ့မယ်။
စာအုပ်ဈေးချိုချို တအုပ်လောက်ဝယ်ရန်လာသူတဦးသည် စပ်ဆိုင်ရာစာအုပ်များကို တွေ့ရသဖြင့် ကျေကျေနပ်နပ် အားပါးတရဝယ်ယူသွားပါက စာအုပ်ရောင်းသူသည် အောင်မြင်သော စာအုပ်ရောင်းသူဘဝသို့ ရောက်ရှိရခြင်းအတွက် ကျေနပ်မှုကြီးရရှိသလို ဝယ်သူအဘို့မှာလည်း တချိန်တည်း၌ လို အပ်သမျှ စာအုပ်များကို ဝယ်ယူရရှိသွားသဖြင့် ကျေးဇူးတင်မဆုံး ဖြစ်တတ်ပါသည်။ ဤသို့အားဖြင့် စာအုပ်ရောင်းသူနှင့် ဝယ်သူတို့သည် ခင်မင်ရင်းနှီးသော မိတ်ဆွေများဘဝသို့ ရောက်သွားရပါသည်။
ထို့ကြောင့် စာအုပ်ကုန်သွယ်ရေး လုပ်ငန်းမှာ မိတ်ဆွေတိုးပွားရေးအတွက် အကြောင်းပြုနေသော ကုန်သွယ်ရေးလုပ်ငန်းဖြစ်သည်ဟူသောအချက်ကို စာအုပ်ကုန်သွယ်ရေး၌ လုပ်နေသူတိုင်း အမြဲနှလုံးပိုက်ထားအပ်ပါသည်။
( ၁၉၆၆ မတ် ၂ ရက်ထုတ် အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်း စာမျက်နှာ - ၂၇ မှ )
အခုခေတ်မှာ ‘ တစ် ’ နဲ့ ‘ တ ’ ဘယ်ရေးထုံးနဲ့ ရေးကြမလဲလို့ အငြင်းပွားနေကြတာလည်း အများအသိပါ။ အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်းတွေထဲမှာ တစ်ကို ‘ တ ’ လို့ပဲ တညီတညွတ်တည်း သုံးထားတာတွေ့ရပါတယ်။ ကျွန်တော့်ရဲ့ အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်း လေ့လာမှုဟာ လက် လှမ်းမီတဲ့စာစောင် ( ၆ ) အုပ်လောက်ကို အခြေခံထားတာ မဟုတ်တဲ့အတွက် ပြီးပြည့်စုံတဲ့လေ့လာမှုတော့မဟုတ်ပါဘူး။ အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်းအကြောင်း ရည်ညွှန်းရေးသားတာကလည်း စနစ်တကျ ရေးသားထားတဲ့ ရည်ညွှန်းအရေးအသား မဖြစ်နိုင်ပါဘူး။
အခုခေတ်မှာ အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်း အကြောင်းကို အများကြီး မတွေ့ရ၊ မကြားရပါဘူး။ အဲဒါကြောင့်မလို့လည်း အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်းအကြောင်းကို ရေးကောင်းစရာအဖြစ်သဘောထားပြီး ရေးသားပါတယ်။ အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်းသက်တမ်းဟာလည်း ဆယ်စုနှစ်တွေ အများကြီး ရှိလာခဲ့ပြီ။ စာသမား တစ်ယောက်အနေနဲ့ ပြန်လည်ဖော်ထုတ် ရေးသားသင့်တယ်လို့လည်း ထင်ပါတယ်။ အဲဒါကြောင့်မလို့လည်း အတွေးနှင့်အရေး စာစောင် / မဂ္ဂဇင်းလမ်းမပေါ်မှာ စမ်းတဝါးဝါးနဲ့ ကျွန်တော်လမ်းလျှောက်ခဲ့ပါတယ်။
နန္ဒအောင်
၁၇. ၂. ၂၀၂၆
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
