ငြိမ်းဝေ- ဒုံသမိချောင်းပေါ်က ကြယ်နီ ၅
Art -Than Htay Maung
ဒုံသမိချောင်းပေါ်က ကြယ်နီ ၅
"မိဆိုင်းကျောက်တောင်ပေါ်က ဝေဇယန္တာရသနှင့် ဖြတ်လေးဖြတ်ကို အံတုကျော်လွှားခြင်း"
ငြိမ်းဝေ
(မိုးမခ) ဧပြီ ၅၊ ၂၀၂၆
၁။
မိဆိုင်းတောင်ခြေတောစပ်တွင် ပဒိုလာဘထံ ကျနော့်ကိုအပ်နှံကာ ဗိုလ်သိန်းစိုးနှင့် ဝှေ့စာတို့ ပြန်သွားကြ၏။
ပြီးခဲ့သည့်နေ့က ဗိုလ်သိန်းစိုးထံ ဘားအံမြို့နယ် KNU အတွင်းရေးမှူး ပဒိုလာဘက စက်ဖြင့်အကြောင်းကြားခဲ့သည်။ ဘားအံမြို့နယ်ဥက္ကဌ ပဒိုသာထူးကျော်နှင့်တွေ့ဆုံနိုင်ဖို့ သူရှိရာနေရာသို့ ကျနော့်ကိုခေါ်လာရန် ပဒိုလာဘက လမ်းလျှောက်စကားပြောစက်ဖြင့် အကြောင်းကြားခဲ့၏။ ထို့ကြောင့် ဗိုလ်သိန်းစိုးက ပဒိုလာဘရှိရာ မိဆိုင်းတောင်ခြေသို့အရောက် ကျနော့်ကို ပဒိုလာထံ လွှဲပေးခဲ့ခြင်းဖြစ်သည်။
ပဒိုလာဘနှင့်ကျနော်တို့ တွေ့ဆုံရသည့်နေရာမှာ မိဆိုင်းတောင် ကျောက်သားသက်သက်ဘက်အခြမ်း ဝါးတရိုက်သာသာ တောင်ခြေအမြင့် တနေရာတွင်ဖြစ်သည်။ ပဒိုလာဘမှာ သူ့အပြင် သူ့ဇနီးနှင့် သူ့လက်စွဲတော်ရဲဘော်တယောက်လည်း ပါ၏။ သူ့လက်စွဲတော် လူယုံရဲဘော်နှင့် သူ့ဇနီးကို ချောင်းတခုဘေး ပဒိုလာဘနှင့်တွေ့စဉ်က နှစ်ယောက်စလုံးကို မြင်ဖူးခဲ့ပြီးဖြစ်သည်။ ပဒိုလာ၏ဇနီးမှာ ပိန်ပိန်နွဲ့နွဲ့အမျိုးသမီးဖြစ်ပြီး လက်စွဲတော်လူယုံမှာ အသက် ငါးဆယ်ကျော်ဝန်းကျင် ဂင်တိုတို တုတ်တုတ်ခိုင်ရှိသူ ဖြစ်သည်။
အမှန်တကယ်တော့ KNU ဘားအံမြို့နယ်ဥက္ကဌ ကို ကျနော်ရော ပဒိုလာဘပါ နှစ်ဦးစလုံး တောင်ပေါ်တက် တွေကြမည်ဟု ကျနော်ထင်ခဲ့သော်လည်း ကျနော်တယောက်တည်းသာ တောင်ပေါ်တက်လာရမည်ဟု အကြောင်းကြားသဖြင့် တောင်ပေါ်ကို ကျနော်တယောက်တည်း တက်သွားရမည် ဖြစ်သည်။ ဥက္ကဌက ကျနော့်ကို တောင်ပေါခေါ်မည့်သူ ဆက်သား လွှတ်ပေးမည်ဟုဆိုသဖြင့် ကျနော်တို့အားလုံး တောင်ခြေတွင် စောင့်ကြရမည်ဖြစ်သည်။ သို့သော် ညနေနေစောင်းသည်အထိ ကျနော့်ကို လာခေါ်မည့်ဆက်သားက ရောက်မလာခဲ့။ နေက အချိန်နှင့်အမျှ စေါင်းသထက် စောင်းနေပြီဖြစ်သည်။
ဆက်သားကိုစေါင့်ရင် ပဒိုလာဘက ထမင်းစားကြဖို့ပြော၏။ သူတို့ယူလာသော ထမင်းထုပ်များကိုဖြေကာ တောင်ခြေမှာပင် ထမင်းကြ၏။ စားပြီးသောအခါ ဖက်များကို စနစ်တကျ ဖယ်ရှားဖျောက်ဖျက်ပစ်လိုက်ကြလေသည်။
ညနေနေဝင်ရီတရောအချိန်တွင် စက်သတင်းတခုဝင်လာခဲ့သည်။ နအဖစစ်တပ် စစ်သားဆယ်ေယာက် မိဆိုင်းတောင်ရှိရာဦးတည်ပြီး လက်နက်အပြည့်အစုံနှင့် ထွက်လာနေကြောင်း ပဒိုလာဘထံ စက်သတင်းဝင်လာခဲ့သည်။ ပဒိုလာဘက တောင်ပေါ်အမြန်တက်ရန် ဆုံးဖြတ်လိုက်သဖြင့် ကျနော်တို့အားလုံး ကြောပိုးအိပ်များလွယ်ကြ ခြေရာလက်ရာများမကျန်အောင် ကျနော်တို့ထိုင်နားခဲ့သောနေရာကို သစ်ရွက်သစ်ကိုင်းများဖြင့် ဖုံးကြဖိလိုက်ကြ၏။ သည်အတိုင်း တောင်ပေါ်တက်ရန် မြေလမ်းရှာချိန်မရှိ။ ပြီးတော့ သည်အတိုင်း ကျော်ကြိုကျောက်ကြားအတိုင်း တောင်ပေါ်တက်ရာလမ်းမှာ ရန်သူအဖို့ သည်အတိုင်း တက်လာနိုင်မည်လည်းမဟုတ်။ ထို့ကြောင့် သည်အတိုင်း ကျောက်တောင်ကြီးကိုမျက်နှာမူကာ တောင်ပေါ်တက်ကြရမည်သာဖြစ်သည်ဟု ပဒိုလာဘက ပြောလေသည်။ ပြောပြောဆိုဆို ပဒိုလာဘဦးဆောင်ကာ တောင်ပေါ်စတက်ကြ၏။
ကျနော်တို့တက်ရသည့်အခြမ်းမှာ ကျောက်သားသက်သက်ဘက်အခြမ်းဖြစ်သဖြင့် သစ်ပင်သစ်ကိုင်း မရှိသလောက်ဖြစ်သည်။ သစ်ပင်သစ်ကိုင်းများကိုဆွဲတက်ဖို့ရာ အခြေအနေမပေး။ ကျနော့်မှာ အပေါ်ကိုလည့်ကြည့်ရ ဘေးကိုလည်းကြည့်ရ အောက်ခြေကိုလည်း စိတ်မချ။ တော်တော့ကို အခက်အခဲဖြစ်ရသည်။ ဝါးတရိုက်ခန့်အရောက်တွင် ပဒိုလာဘက ကျနော့်ကို သတိပေးစကားလှမ်းပြောလိုက်သည်။
“ ဆရာငြိမ်း ဂရုစိုက်ပြီးတက်နော် ဖိနပ်ပြုတ်ကျရင် ဆင်းကောက်လို့ မရနိုင်ဘူး၊ ခင်ဗျားမြင်တဲ့အတိုင်း၊ ဖိနပ်မပါဘဲနဲ့လည်း မတက်နိုင်ဘူးနော်”
ကျနော်က အောက်ကိုငုံ့ကြည့်သည်။ ဘေးဘီကို ငဲ့ကြည့်သည်။ ကျနော့်အောက်တွင် ကျောက်ချွန်ကျောက်စောင်းများက ကျနော့်ကို မော့ကြည့်နေကြ၏။ ပဒိုလာဘ သတိပေးတာမှန်သည်။ ဖိနပ်ပြတ်ကျလို့ ပြန်ဆင်းကောက်ဖို့ကလည်း မလွယ်။ သည်လို ကျောက်ချွန်ကျောက်စောင်းများပေါ် ဖိနပ်မပါဘဲ မည်သူမျှ တက်နိုင်လိမ့်မည်လည်း မဟုတ်။ ထိုစဉ်မှာပင် ကျနော့်ထက် အနည်းငယ်အနိမ့်ဆီက တက်လာနေသည့် ပဒိုလာဘ၏ဇနီးကို ကျနော်စဉ်းစားသည်။ လူပုံက ပိန်ပိန်ပါးပါး။ တကယ့်ကို နွဲ့နွဲ့ယိုင်ယိုင်အမျိုးသမီး။ သူ့ခဗျာ မနည်းအားတင်းပြီးတက်နေရရှာမည်ဟုတွေးကာ စာနာမိသွား၏။
နောက်တော့ ကျနော်သည် ဘယ်ကိုမျှ အာရုံမပြားတော့။ ကိုယ်တက်ရမည့်နေရာများကိုသာ အသေအချာရွေးပြီး ကျောက်ချွန်ကျောက်စောင်းကို အအေချာ ဆွဲယူဆုပ်ကိုင်ကာ တရွေ့ရွေ့တက်နေမိတော့သည်။ ကျနော့်အထင် တက်လိုက်နားလိုက်ဖြင့်တနာရီမျှအကြာတွင် နေရောင်များ ဖျော့တော့လာေတာ့သည်။ အောက်ဖက် သစ်ပင်တောအုပ်ဆီက အိပ်တန်းတက်ငှက်သံများပင် ကြားရစပြုပြီဖြစ်သည်။
“ ဆရာငြိမ်းဝေ အဆင်ပြေရဲ့လား၊ နေဝင်တော့မယ် ကျနော်တို့ ဆက်မတက်တော့ဘူး၊ ရောက်တဲ့နေရာမှာဘဲ ညအိပ်ရမယ်၊ ဘေးဘီကိုကြည့်ပါ၊ အိပ်လို့ရမယ့်နေရာရှာပါ”
ပဒိုလာဘက ကျနော့်ကိုလှမ်းပြောပြီးပြီးချင်း သူ့လက်စွဲတော် ကရင်ကြီးဆီ ကရင်လို တစုံတရာလှမ်းပြော၏။ ချက်ချင်းဆိုသလို ကျနော့်အပေါ်ဘက်မှ လူတယောက်ဆင်းလာ၏။ ကျနော့်ကို အပေါ်ဆက်တက်ဖို့ လက်ဟန်ခြေဟန်ပြ၏။ ပြီးတော့ လက်ကိုခေါင်းအောက်အိပ်ပြ၏။ ကျနော်က သုံးလေးလှမ်းဆက်တက်တော့ လူတကိုယ်စာသာသာ ကျောက်ဖြာတခု အဆင်သင့်တွေ့လိုက်ရသည်။ ကံကောင်ချင်တော့ ကျောက်ဖြာဘေးတွင် ခါးဝက်မျှအမြင့် ကျောက်တုံးတခုက ကျောက်ဖြာကလေးကို ကာပေးထားသလို ရှိ၏။ ကျောက်ဖြာမှာ ကြမ်းပြင် သိတ်မညီပါ။ လူတကိုယ်စာအလျားလည်း မလုံလောက်ပါ။ ထို့ပြင် တဖက်က အောက်ဖက်သို့ နည်းနည်းတော့နိမ့်၏။ ကရင်ရဲဘော်ကြီးက သည်နေရာတွင်အိပ်ရန် အရိပ်အယောင်ပြပြီး ဘေးသို့တိုးသွားလေသည်။
“ ဆရာငြိမ်းဝေ အိပ်စရာနေရာအဆင်ပြေပြီလား၊ နေရာတွေ့ပြီလား”
ကျနော်က အဆင်ပြေပြီဖြစ်ကြောင်း ပဒိုလာဘကို အကြောင်းပြန်လိုက်သည်။ သုံးလေးမိနစ်ခန့်ရှိတော့ ကျနော့်ဆီကို ကရင်ရဲဘော်ကြီး ပြန်ရောက်လာပြီး ရေဘူးအသေးတဗူးပေးသွား၏။ ကျနော်က ကြောပိုးအိပ်ကို ခေါင်းအုံးလုပ်သည်။ ကြောအောက်ကကျောက်ဖြာမှာ ပူနွေးနေ၏။ နေရောင်များ အလျင်အမြန်ချုပ်ငြိမ်းနေစဉ် ကျနော့်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။
၂။
ရုတ်တရက် တစုံတရာက ကျနော့်ကိုလှပ်နှိုးလိုက်သလို ကျနော်လန့်နိုးလာခဲ့၏။ ချက်ချင်းဆိုသလို သတိထားကာ ပါတ်ဝန်းကျင်ကို အကဲခတ်သည်။ လရောင်လိုလို နေရောင်လိုလို အလင်းရောင် မှုန်ပြပြကို သတိထားမိသည်။ ညက မောမောနှင့် အိပ်ပျော်လိုက်သည်မှာ မိုးလင်းကာနီးမှ ကျနော်နိုးလာခြင်း ဖြစ်သည်။ နေရောင်များကမူ ရဲရဲတင်းတင်း ရောက်မလာသေး။ ပြန်အိပ်လျင် တမှေးလောက်တော့ ရနိုင်သေးသည့်တိုင် ပြန်မအိပ်ရန် စိတ်ကိုတင်းထားလိုက်၏။ ထို့နောက် နေရာင်ခြည်ထွက်ပေါ်လာမည်ထင်ရသည့်ဘက်သို့ အလျင်အမြန် လိုက်ရှာသည်။ မတွေ့။ ညက ပဒိုလာဘတို့လည်း ကျနော့်လိုပင် အဆင်ပြေသလို အိပ်ခဲ့ကြမည်ဟု ကျနော်တွေးသည်။ သူတို့ဆီကမူ ဘာသံမျှမကြားရသေး။
ရုတ်တရက်ချက်ချင်းဆိုသလို အောက်ဘက်အနိမ့်ပိုင်းမှ ငှက်မြည်သံကြားရသည်။ ဥဩမြည်သံ ကြားရသည်။ ကျနော့်ခန္ဓာကိုယ်မှာ သွေးများဆူပွက်လာသလို လန်းဆန်းလာရ၏။ ပြန်မအိပ်ဘဲ စိတ်ကိုတင်းခံထားလိုက်သည်မှာ တွက်ကိန်းမှန်သွားသည်။ ယခုအခါ ကျနော်သည် ကျောက်တောင်တခုပေါ်ပှတဆင့် နေထွက်လာသည့်မြင်ကွင်းကို မြင်ခွင့်ရတော့မည်ဖြစ်သည်။
ကံကောင်းချင်တော့ ကျနော့်ကြောဘက်သည် အနောက်ဘက်ဖြစ်သည်။ မျက်စေ့တဆုံး မျက်နှာမူရာသည် အရှေ့ဘက်။ ကျနော်သည် ကျောက်တောင်တခုပေါ်ကတဆင့် နေထွက်လာခြင်းကို စောင့်ကြည့်ခွင့် ရတော့မည်ဖြစ်သည်။
နေရောင်ခြည်များက အလျင်အမြန်ရှေ့တိုးလာနေကြပြီ။ မခန့်မှန်းနိုင်သောနေရာမှ ညိုပြာမှိုင်းမှိုင်းကြီးအတွင်း ကန့်လန့်ဖြတ်အလင်းတန်းတခု ခေါင်းပြူလာသည်။ အနီလိုလို ပန်းရောင်လိုလိုအလင်းတန်းသည် ကန့်ကန့်ကာကို ဆွဲဖြဲလိုက်သလို ကျယ်လာတိုးလာ၏။ ဆည်းဆာသည် သူ၏ အနီရောင်ဝတ်ရုံတော်ကြီးကို လောကဓါတ်တခွင်ပေါ် ဖြန့်တင်လိုက်၏။ အိပ်တန်းဆင်းငှက်သံများသည် တောင်အောက်တွင် အတိုင်းသားကြားနေရ၏။ နေရောင်ခြည်များ အားကောင်းလာတော့ ကျောက်တောင်အောက်က သစ်ပင်တောတန်းများ၊ ရွာငယ်ကလေးများ ကွင်းပြင်များမှာ အောက်ဖက်၌် နေရာအဝေးကြီးအထိ အလျားလိုက်အပြားလိုက် မြင်နေရ၏။ ကျနော့်မှာ ကြီးမားလှသည့် ရောင်စုံ သဘာဝပန်းချီကားချပ်ကြီးကိုကြည့်ကာ တအံ့တဩ ငေးမောချစ်မက်နေတော့၏။
၃။
မနေ့ညနေက ကျောက်တောင်ပေါ် အောင်မြင်စွာတက်လာပြီးကာမှ ပြန်ဆင်းရမည်ရှိသောအခါ ပြန်မဆင်းရဲအောင် ထိတ်လန့်ရပြန်သည်။ အတက်တုန်းက အဆင်ပြေသလောက် ပြန်ဆင်းဖို့ကြတော့ ကျနော့်မှာ ရင်တုန်ပန်းတုန်ဖြစ်ရသည်။ ကျောက်ခက်ကျောက်ချွန် ကျောက်တိုင်များကို ဖက်၍မှီ၍ တွန်း၍ကန်၍ တကယ်ကို ခက်ရာခဲဆစ် ဆင်းရသည်။ ကြောဘက်အမြင့်ဆီက အသံကြားသဖြင့် မော့ကြည့်တော့ ပဒိုလာဘ၏ဇနီးကို တွေ့ရသည်။ ထိုအခါကြမှ တအံ့တဩဖြစ်ရပြန်သည်။ သူက ပိန်ပိန်နွဲ့နွဲ့ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်သည်မို့ ကျနော်တို့နှင့် တန်းတူယှဉ်ပြီး ကျောက်တောင်ပေါ် သူ့ခဗျာ တက်မှတက်နိုင်ပါ့မလားဟု ထင်ခဲ့မိသေးသည်။ ခုတော့ မနေ့ညနေက ကိုယ့်ဇောနှင့်ကိုယ် တောင်ပေါ်တက်နေစဉ် ထိုပိန်ပိန်နွဲ့နွဲ့အမျိုးသမီးက ဘယ်အချိန်က ကျနော့်ကိုကျော်တက်သွားသည်မသိ။ ကျနော် တကယ့်ကို အံ့ဩရသည်မှာ အမှန်ပင်ဖြစ်သည်။
ကျနော်က တောင်ခြေကို နောက်ဆုံးကျမှ အောင်မြင်စွာရောက်လာခဲ့၏။ ခဏနေတော့ ပဒိုလာဘက စကားပြောစက်ဖြင့် စကားပြောကာ သူ့လူယုံတော် ကရင်ရဲဘော်ကြီးကို ကရင်လို တစုံတရာပြောလိုက်၏။ ကရင်ရဲဘော်ကြီးက တခွန်းမျှပြန်မပြောဘဲ သူ့လွယ်အိတ်ကြီးကိုလွယ်လျက် အမ် ၁၆ ရိုင်ဖယ်သေနတ်ကို ပေါ့ပါးစွာ ပခုံးပေါ်တင်ကာ တောလမ်းအတိုင်း ထွက်သွားလေသည်။ ကျနော်နှင့် ပဒိုလာဘတို့လင်မယားမှာ ညကလည်း ထမင်းမစားခဲ့ရသည့်အပြင် တောင်ဆင်းတောင်တက်လုပ်ခဲ့ရသဖြင့် စကားပင် သိတ်မပြောနိုင်ကြ။ အေးမြပြီး လတ်ဆတ်သည့်လေကြောင့် အလိုလို အသံတိတ်နေကြ၏။
နေ့လည် တနာရီခန့်တွင် လူယုံတော် ကရင်ရဲဘော်ကြီး ပြန်ရောက်လာ၏။ သူနှင့်အတူ ထမင်းထုပ်များ ပါလာ၏။ တောင်ခြေနှင့်သိတ်မဝေးသောတနေရာ ကရင်ရွာတရွာရွာမှ ထမင်းထုပ်များ စီစဉ်လာခဲ့ခြင်း ဖြစ်ဟန်တူပါသည်။ ပဒိုလာဘ၏လမ်းညွှန်မှုဖြင့် တောင်ကျစမ်းရေရှိရာတနေရာတွင် ထမင်းထုပ်များဖြေကာ ထမင်းစားကြ၏။ ဟင်းကတော့ နှမ်းငပိနှင့် ဟင်းရွက်ကြော်များ ဖြစ်၏။ ကျနော့်မှာ ဟင်းကိုမကြိုက်သော်ငြား ဆာလောင်လွန်းနေပြီဖြစ်ဖြင့် မြိန်ရေယှက်ရေ စားပစ်လိုက်၏။ ဗိုက်လည်း တော်တော်တင်းသွား၏။
ထမင်းထုပ်သွားယူပြီးပြန်လာသော ကရင်ရဲဘော်ကြီးနှင့်အတူ သတင်းတချို့လည်း ပါလာ၏။ မနေ့ညနေက မိဆိုင်းတောင်ဘက် ဦးတည်လာသော ရန်သူစစ်သားများမှာ လာရာလမ်းမှ ပြန်လာခြင်းမရှိသေးကြောင်း၊ သည်နားတဝိုက်က နေရာတနေရာရာ ဒါမှမဟုတ် ရွာတရွာတွင် ညအိပ်ခိုနေခြင်း ဖြစ်နိုင်သည်ဟူသောသတင်းပင်ဖြစ်သည်။ ထို့ကြောင့် ပဒိုလာဘမှာ ထမင်းကို ဖြောင့်အောင်ပင်မစား။ သူ့လူယုံတော်ကြီးနှင့် ကရင်လို ခဏခဏ စကားပြော၏။ လူယုံတော်ကြီးက တချိန်လုံး ကင်းစေါင့်၏။ သစ်ပင်တပင်ပေါ် တက်လိုက်ဆင်းလိုက် လုပ်၏။ တခါတော့ ကရင်လူယုံတော်ကြီး၏ တုတ်ခိုင်ကြီးမားသော ခြေထောက်များဆီ ကျနော်အကြ ည့်ရောက်၏။ ကိုယ့်မျက်စေ့ကို ကိုယ်မယုံချင်အောင်ဖြစ်ရသည်။ လူယုံတော် ကရင်ရဲဘော်ကြီ၏ခြေထောက်မှာ ဖိနပ်မရှိ။ သည်လို ဖိန်မပါသော ခြေဖဝါးတစုံဖြင့် သည်ပုဂ္ဂိုလ်မှာ ကျောက်တောင်ပေါ် မည်ကဲ့သို့များ အတက်အဆင်း လုပ်ခဲ့ပါလိမ်။
ညနေလေးနာရီခန့်တွင် ဥက္ကဌကြီးပဒိုသာထူးကျော်ထံမှ စက်သတင်းဝင်လာ၏။ သည်ကနေ့တော့ ကျနော့်ကို ဆက်သားလွှတ်၍ တောင်ပေါ်မခေါ်နိုင်ကြောင်း၊ မနက်ဖြန်မနက်ကြမှ ဆက်သားလွှတ်တော့မ ည်ဖြစ်သည်ဟူသော စက်သတင်းပင်ဖြစ်သည်။
ပဒိုလာဘက တောင်ခြေတွင်အိပ်ရန် လုံခြုံရေးစိတ်မချရသဖြင့် တောင်ပေါ်ပြန်တက်ပြီးအိပ်မှဖြစ်မည်ဟု ဆိုလေသည်။ သည်တခါတော့ ကျနော်က တောင်ပေါ် ပြန်မတက်နိုင်တော့သည့်အကြောင်း ပွန်းပဲ့လျက်ရှိသော ကျနော့်လက်ဖဝါးကိုပြကာ ပဒိုလာဘ၏စကားကို ငြင်းမိသည်။ တောင်ခြေမှာပင် သတိဝီရိယထားပြီး အိပ်မည့်အကြောင်း ကျနော်နှင့်အတူ ကရင်လူယုန်တော်ကြီးကို အဖေါ်အဖြစ် ထားပေးခဲ့ဖို့ ပဒိုလာဘကို တောင်းဆိုမိတော့သည်။ ပဒိုလာဘက ပြုံးစေ့စေ့မျက်နှာဖြင့် ကျနော့်ကိုကြည့်ကာ ကျနော့်တောင်းဆိုချက်ကို သဘောတူလေသည်။
ပဒိုလာတို့ဇနီးမောင်နှံ ရေဗူးများတွင် ရေဖြည့်ပြီးနောက် ကျောက်တောင်ပေါ်သို့ ပြန်တက်သွားကြသောအခါ ကျနော်နှင့် လူယုံတော်ကရင်ရဲဘော်ကြီးက နေရာထိုင်ခင်း နဂိုဟန်မပျက် ပြန်ထားကြပြီး ကျောက်ကြိုကြောကြားသို့ ဝင်လာခဲ့ကြ၏။ သည်နေရာကို ကရင်ရဲဘော်ကြီးက တစုံတရာ အကျွမ်းတဝင်တော့ ရှိဟန်တူပါသည်။ တနေရာအရောက်တွင် ခန္ဓာကိုယ်တစေါင်းဝင်မှရသည့် ကျောက်ကြားတခုထဲ ဝင်လိုက်သောအခါ လှည်းတစီးသာသာအကျယ်နေရာတခုသို့ ရောက်လာခဲ့ကြ၏။ ထိုနေရာတွင်ပင် ညအိပ်ကြရန် ကရင်ရဲဘော်ကြီးက မြန်မာစကားမပြောတတ်သဖြင့် ခြေဟန်လက်ဟန်ဖြင့်ပြော၏။ ကျနော်ကလည်း သဘောတူ၏။ ဘေးပတ်ဝန်းကျင်မှာ သစ်ပင်သစ်ဝါးများ ပိတ်ဆို့လျက် အောက်ခြေတွင် ချောက်ရှိနေဟန်တူ၏။ ထို့ပြင် ကျနော်တို့နေရာသို့တိုးးဝင်လာရန်မှာ လူတကိုယ်စာတင်းတင်း ဝင်ပေါက်မရှိဘဲ ကိုယ်တစောင်းတွန်းဝင်မှသာ ရမည်ဖြစ်ဖြင့် သဘာဝအခင်းအကျင်းက ကောင်း၏။
ညအမှောင်ထုမှာ လရောင်ကြောင့် ထင်သလောက်မင်းမူလို့မရ။ ကျနော်တို့နေရာလေးမှာ သစ်ပင်သစ်ကိုင်းများကြားမှ လရောင်က တိုးဝင်ကျရောက်နေ၏။ ညည့်နက်လာသောအခါ မ ည့်သည့်အသံမျှမကြားရတော့။ အသံများ ထူးခြားစွာ တိမ်ဝင်သွားကြ၏။ မလှမ်းမကမ်းမှ ဇီးကွက်မြည်သံကြားရ၏။ တောကောင်မြင်ဟန်တူ၍် ဆက်ကာဆက်ကာ အော်မြည်လိုက်သော တစ်တီတူးမြည်သံကြားရ၏။
မောမောနှင့် အိပ်ပျော်မည်ရှိစဉ်မှာပင် အမျိုးသမီးတယောက်၏ ကရင်သီချင်းဆီုသံ သဲ့သဲ့မျှ ကြားရ၏။ အအေချာနားထောင်တော့ ကျနော်တို့နှင့် နည်းနည်းတော့ ဝေး၏။ သီချင်းသံမှာ လွမ်းဖို့ကောင်း၏။ ထို့နောက် ကြောပိုးအိတ်ခေါင်းအုံးရင်း ကျနော့်မှာ အိပ်ပျော်ရလေသည်။
၅။
လာခေါ်သည့် ဆက်သားရဲဘော်နှင့်အတူ ပဒိုသာထူးကျော်၏စခန်းကိုရောက်တော့ မနက် ဆယ်နာရီခန့်သာ ရှိသေး၏။ ဥက္ကဌ ပဒိုသာထူးကျော်က မမျှော်လင့်ဘဲ အရေးပေါ်ကိစ္စတချို့ကြောင့် ကျနော့်ထံ ဆက်သားအမြန်မပို့နိုင်သည်ကို ခွင့်လွှတ်ဖို့ တောင်းပန်၏။ ထို့နောက် မျောက်တကောင်နှင့် ယုနိတကောင်ရထားဖြင့် ဧည့်သည်အတွက် အထူးဧည့်ခံနိုင်တော့မည်ဟူ၍လည်း ပြုံးကာရယ်ကာ ပြောလေသည်။
ပဒိုသာထူးကျော်က တောင်အောက်သို့ ကိစ္စရှိမှသာ ဆင်းလေ့ရှိ၏။ သူ၏တောင်ပေါ်စခန်းတွင် လူ ဆယ့်ငါးယောက်စာ စပါးစိုက်လို့ရ၏။ ဗူး၊ ငရုတ်၊ သခွါး၊ သီးနှံမျိုးစုံ စိုက်လို့ရ၏။ နောက်ဆုံး နှမ်းစိုက်ပြီး တောင်ပေါ်တွင်ပင် ဆီကြိတ်၏။ တောင်ပေါ်တွင်ပင် ဥယျာဉ်ငယ်တခုရှိသည်။ စိုက်ခင်း ရှိသည်။ ငှက်ပျောပင်များမှာ မျောက်တွေသောင်းကျန်းလွန်းသဖြင့် လူနှင့်မျောက် တဝက်စီစားရသည်ဟုဆို၏။
ရှစ်လေးလုံး အရေးတော်ပုံကြီးမတိုင်ခင် ဘိုနေဝင်းအစိုးရက ရိက္ခါဖြတ်၊ အဆက်အသွယ်ဖြတ်၊ ငွေကြေးဖြတ်၊ ….. တည်းဟူသော နိုင်ငံကျော် ဖြတ်လေးဖြတ်စစ်ဆင်ရေးကြီးလုပ်သောအခါ ပဒိုသာထူးကျော်က သည်တောင်ပေါ်စခန်းတွင် သုံးနှစ်တိတိ တောင်အောက်သို့မဆင်းဘဲ ကိုယ့်သဘာဝ ကိုယ့်ရိက္ခါနှင့်ကိုယ် ရဲဘော်နှစ်ဆယ်နှင့်အတူတူ ရန်သူ၏ “ဖြတ်လေးဖြတ်”ကို အောင်မြင်စွာ အံတုဖြတ်ကျော်နိုင်ခဲ့သည်ဟု ဆိုပါသည်။
ရောက်ရောက်ချင်း အနားယူရင်း ပဒိုသာထူးကျော်ပြောသမျှ နားထောင်ကောင်းကောင်းဖြင့် နားထောင်ရင်း ကျနော့်မှာ ပါတ်ဝန်ကျင်အနေအထားကိုပင် စိတ်မဝင်းစားနိုင်ခဲ့။ စကားစပြတ်တော့လည်း ပဒိုသာထူးကျော်နှင့်အတူ ထမင်းစား၏။ မျောက်သားဟင်းကိုတော့ ကျနော်မစား။ ယုန်သားဟင်းကိုပဲ စား၏။ ယုန်သားဟင်းချိုမှာ လက်ကုန်ကောင်းလှချိုလှ၏။ ထမင်းဝိုင်းပြင်ပေးရှာသော ရဲဘော်လေးနှစ်ယောက်မှာ ပြာယာခတ်မျှ ဧည့်ခံလေသည်။
ထမင်းစားပြီးနောက် အနားယူဖို့ ပဒိုသာထူးကျော်ကပြော၏။ သူ့တဲကလေးခြေရင်းက ရဲဘော်တယောက်၏တဲတွင် ကျနော်နေရန် နေရာချထားပေး၏။ ညကြမှ စကားဆက်ကြစို့ဟုပြော၏။
ကျနော်အိပ်စက်ရမည့်တဲမှာ ဘေးနှစ်တွင်သာ အင်ဖက်ဖြင့်ကာထား၏။ အင်ဖက်မိုးထားသော်လည်း ဖယိုဖရဲဖြစ်နေ၏။ ကြမ်းခင်းက ကွမ်းပင်ကိုခွဲပြီးခင်းထား၏။ လူနှစ်ယောက်စာပင် အိပ်ရန်နေရာ မကျယ်ချေ။
တောင်ထိပ်ပေါ်တွင် တဲကလေး လေးငါးဆယ်လုံး အဆင်ပြေသလို ထိုးထား၏။ သစ်ပင်သစ်ကိုင်းလွတ်ရာနေရာတွင် စစ်ပခက်သုံးလုံး ချိတ်ထား၏။ ကျနော်က ခတ်နိန့်နိမ့် ပခက်ပေါ် သွားအိပ်ကာ တောင်ပေါ်မြင်ကွင်းကို ကျကျနနငေးတော့သည်။
မိဆိုင်းတောင်ပေါ် အဝေးမြင်ကွင်းမှာ အမေရိကန်ပန်းချီဆရာကြီး “အင်ဒရူး ဝိုင်း ယက်” ရဲ့ပန်းချီကားကြီးလို အရာဝတ္ထုအားလုံး အပြားလိုက်အလျားလိုက် မြင်နေရသည်။ အစိမ်းတကန့် အညိုတကန့် အနီတစု အနက်တကြောင်း အဝါရေးရေး အဖြူနုနု။ တောင်တန်းနှင့် တောအုပ်များမှာ တဖြေးေဖြးနီးလာလိုက် ဝေးသွားလိုက်။ သစ်ပင်တောအုပ်များအောက်၌ ကျေးရွာငယ်များ ပုန်းအောင်ေနကြလိမ့်မည်ဟု တွေးမိသည်။
ညကြတော့ အအေးဓါတ် ပိုလာခဲ့သည်။ ပဒိုသာထူးကျော်နှင့်ကျနော် သူ့တဲကလေးရှေ့ ဝါးစားပွဲဘေး ထမင်းထိုင်စားကြသည်။ ထမင်းဝိုင်းမှာပင် နယ်မြေအခြေအနေများ ဒေသခံလူထု၏ လူ့အခွင့်အရေးချိုးဖေါက်ခံရမှုများ၊ ရန်သူ၏ စစ်ဆင်ရေးများ၊ ဖါပွန်ထောက်ပံ့ရေးလမ်းကြောင်းပေါ်က ရန်သူ၏စစ်ရေးလှုပ်ရှားမှုများ။ ကျနော့်မှာ စိတ်ဖြင့်လည်းမှတ် အသံဖမ်းစက်ဖြင့်လည်း ဖမ်းယူ။ ပဒိုသာထူးကျော် ပြောပြသမျှထဲ၌ ကျနော် အထူးသတိပြုမှတ်သားမိသောအချက်နှစ်ချက်။ တချက်က ဖါပွန်နွေရာသီသုံး ကားလမ်းတလျှောက် ကရင်လူထုကို “လူသားမိုင်းရှာကိရိယာမျာ”းအဖြစ် အဓမ္မခိုင်းစေနေသည်ဆိုသောအချက်နှင့် မြိုင်ကြီးငူဆရာတော်ဘုရားက ကော့ကရိတ်ဖါပွန်ကားလမ်းကို ရာသီမရွေးသွားလာနိုင်သောကားလမ်းအဖြစ် ဖေါက်လုပ်ချင်သည်ကို KNU အနေဖြင့် ခွင့်မပြုကြောင်း၊ တပ်မဟာ ၁ တပ်မဟာမှူး ဗိုလ်ချုပ်ကျော်လင်းကလည်း သဘောမတူ ဆိုသည့် သတင်းအချက်အလက်နှစ်ခု ကျနော်ရလိုက်၏။
ထို့နောက် ဘားအံမြို့နယ်အတွင်း ဒေသခံတာဝန်ရှိသူများထံ ကျနော်နှင့်ပါတ်သက်ပြီး လိုအပ်သလို အကူအညီေပးကြဖို့ အကြောင်းကြားထားပြီးဖြစ်ကြောင်းလည်း ကျနော်သိလိုက်ရလေသည်။
ငြိမ်းဝေ
( ဆောင်းပါး အမှတ်စဉ် ၆ သို့ ဆက်လက်ဖတ်ရှုကူညီပါရန်….)
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
