မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က ရေနံမှော်ဒေသ ပဋိပက္ခဖြစ်ပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းက တိုက်ခိုက်
မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၄ မြင်ကွင်း
(မိုးမခ) ဧပြီ ၅ ၊ ၂၀၂၆
မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က ရေနံမှော်ဒေသ ပဋိပက္ခဖြစ်ပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းက တိုက်ခိုက်
ခုသီတင်းပတ်အတွင်း မကွေးဖက်ဒရယ်ယူနစ် အစိုးရက ကြီးကြပ်အခွန်ကောက်ခံနေတဲ့ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ် အစပ်က ရေနံမှော်တွေ နဲ့ ပတ်သက်လို့ NUG အစိုးရ နဲ့ မကွေးတိုင်းဖယ်ဒရယ်ယူနစ် အစိုးရတို့အကြား ရေနံမှော်တွေကရရှိတဲ့ အခွန်အကောက်နဲ့ ပတ်သက်ပြီး ခွဲဝေလုပ်ကိုင်ဖို့ သဘောတူညီချက် ရရှိသွားကြောင်း သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီသတင်းတွေနဲ့ ဆက်တိုက်ဆိုသလိုပဲ ဧပြီလ ၄ ရက်နေ့မွန်းလွဲပိုင်းမှာ အဆိုပါ ရေနံမှော်ဒေသမှာ တပ်စွဲထားတဲ့ အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်က PDF တပ်ဖွဲ့တွေကို အာဏာသိမ်းစစ်တပ်က တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။
မကွေးတိုင်း မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ် အစပ်က ရေနံမှော်လို့ ဒေသအခေါ် အားဖြင့် ခေါ်ဆိုကြတဲ့ ဒေသဟာ လက်လုပ်ရေနံတွင်းတွေ အများအပြားရှိကြတဲ့နေရာတွေ ဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ဒေသခံတွေနဲ့ အခြားနယ်တွေက စီးပွားရေးလုပ်ကိုင်သူတွေက တူးဖေါ်ပြီး သက်ဆိုင်ရာကို အခွန်အကောက် ပေးဆောင်နေကြတဲ့ ဒေသဖြစ်ပါတယ်။
၂၀၁၁ ကနေ ၂၀၁၅ ဦးသိန်းစိန် အစိုးရလက်ထက်မှာ မကွေးတိုင်း အစိုးရ ဝန်ကြီးချုပ် ဘုန်းမော်ရွှေလက်ထက်မှာ ရေနံမှော်က ရရှိတဲ့အခွန်အကောက်တွေကို အလွဲသုံးစားလုပ်ခဲ့တာကြောင့် ၄င်းတို့အစိုးရသက်တမ်းကာလအလွန်မှာ အလွဲသုံးစားမှုတွေ ပေါ်ထွက်ခဲ့ပြီး ကျပ်သိန်းသောင်းနဲ့ချီတဲ့ငွေတွေကို အစိုးရထံပြန်လည် ပေးသွင်းဖို့ အမိန့်ထုတ်ခဲ့တဲ့ အဖြစ်အပျက်တွေ ရှိခဲ့ပါတယ်။ လက်ယက်တွင်းလို့လည်း ဒေသက ခေါ်ဆိုတဲ့ ဒီရေနံတွင်းတွေက ထွက်တဲ့ ရေနံစိမ်းတွေကို မကွေးတိုင်းကနေ စစ်ကိုင်းတိုင်း မုံရွာဘက်ဆီ ပို့ဆောင်ပြီး ဆီချက်လုပ်ကြတာ ဖြစ်ပါတယ်။ ခေတ်မှီနည်းပညာနဲ့ ရေနံ သန့်စင်ချက်လုပ်တာမဟုတ်ဘဲ အိမ်တွင်းမှုလုပ်ငန်းသဖွယ် ချက်လုပ်ရာက ရရှိတဲ့ ဒီဇယ်ဆီလိုမျိုးကို စိုက်ပျိုးရေးနဲ့ သယ်ယူပို့ဆောင်ရေးနယ်ပယ်မှာ သုံးစွဲကြတာ ဖြစ်ပါတယ်။
လက်ယက်တွင်းထွက် ရေနံတွင်းတွေ နဲ့ သယ်ယူပို့ဆောင်တဲ့ လမ်းမှာ ကောက်ခံတဲ့ အခွန်အကောက်ရရှိငွေက မနည်းတဲ့ ငွေကြေးပမာဏဖြစ်ပြီး ဒီဒေသဟာ ဖားကန့်တို့လို ကျောက်စိမ်းသယံဇာတထွက်ရှိတဲ့ ဒေသနဲ့ မနှိုင်းယှဥ်နိုင်ပေမယ့် စိုက်ပျိုးရေးနဲ့ အသက်မွေးကြတဲ့ အညာဒေသမှာတော့ ငွေရှာရလွယ်ကူတဲ့ နေရာအဖြစ် သိရှိထားကြပြီး နွေဦးတော်လှန်ရေးကာလ အတွင်း ပြီးခဲ့တဲ့နှစ်တွေမှာ အညာဒူဘိုင်း လို့ တင်စားပြောဆိုကြတဲ့အထိ ဖြစ်လာခဲ့တာပါ။
ဒီရေနံမှော်တွေကို စီမံအုပ်ချုပ်နေတဲ့ ဒေသတော်လှန်ရေး လက်နက်ကိုင်တပ်တွေ နဲ့ ရေနံမှော်ကို လုံခြုံရေးတာဝန်ယူထားသူ ဗိုလ်လက်ယာအနေနဲ့ ငွေကြေးနဲ့ အာဏာ အလွဲသုံးစားမှုတွေ ရှိနေကြောင်း ပြောဆိုမှုတွေ၊ သတင်းရေးသားဖေါ်ပြမှုတွေလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်းက ပေါ်ထွက်ခဲ့တာပါ။
မကြာသေးတဲ့ သီတင်းပတ်တွေအတွင်း မကွေးတိုင်းဖက်ဒရယ်ယူနစ် အစိုးရ အဖွဲ့ ဖွဲ့စည်းခဲ့ကြရာမှာ ရေနံမှော်ကို စီမံအုပ်ချုပ်နေသူ ဗိုလ်လက်ယာက မကွေးတိုင်း ဖယ်ဒရယ်ယူနစ်အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီး အဖြစ် တာဝန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ရက်အနည်းငယ်အကြာမှာ NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က တပ်ရင်းအချို့က ဗိုလ်လက်ယာကို ဖမ်းဆီးဖို့ ရေနံမှော်ဒေသကို အင်အားအလုံးအရင်းနဲ့ ဝိုင်းခဲ့ပြီး ဒေသခံ တော်လှန်ရေးလက်နက်ကိုင် နဲ့ NUG ရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်က PDF တပ်ရင်းတွေအကြား အခြေအနေ တင်းမာနေခဲ့တာ ဖြစ်ပါတယ်။ NUG အစိုးရဘက်က ဗိုလ်လက်ယာနဲ့ ပတ်သက်လို့ လူသတ်မှု၊ အလောင်းဖျောက်မှု နဲ့ ငွေကြေးအလွဲသုံးစားမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ယခင်နှစ်တွေ ကတည်းက ပေါ်ထွက်ခဲ့ပေမယ့် သက်ဆိုင်တဲ့ အဖွဲ့အစည်းအဆင့်ဆင့်က စုံစမ်းမေးမြန်းမှု အရေးယူမှုတွေ မရှိခဲ့ပါဘူး။
မကြာသေးခင်က မကွေး ဖက်ဒရယ်ယူနစ်အစိုးရ အဖွဲ့ဖွဲ့စည်းပြီး ဗိုလ်လက်ယာက အစိုးရအဖွဲ့ထဲ ကာကွယ်ရေးဝန်ကြီး ဖြစ်လာတဲ့နောက် အခုလို NUG အစိုးရရဲ့ PDF တပ်ရင်းတွေက ရေနံမှော်ကို ဝိုင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
ဒီနေရာမှာ ဒေသန္တရအစိုးရ နဲ့ NUG အစိုးရတို့အကြား ညှိနှိုင်းမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာသလို NUG အနေနဲ့လည်း ဗိုလ်လက်ယာနဲ့ ပတ်သက်လို့ ငွေကြေးနဲ့ အာဏာအလွဲသုံးမှု သတင်းတွေ ယခင်နှစ်တွေ ကတည်းက ပေါ်ထွက်ခဲ့ပေမယ့် ခုလိုမကွေးဖက်ဒရယ်ယူနစ် အစိုးရဖွဲ့ထဲ တာဝန်ပေးတဲ့ အချိန်ကျမှဘာကြောင့် အရေးယူ စုံစမ်းမယ်ဆိုတာမျိုး ဖြစ်လာရသလဲ ဆိုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။
ဒါ့အပြင် တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေအချင်းချင်း အကြားမှာ ဖြစ်ပေါ်လာတဲ့ ကိစ္စ၊ တာဝန်ခံဖြေရှင်းရမယ့် ကိစ္စလိုမျိုးကို လက်နက်ကိုင်တပ်အင်အား ရာချီသုံးပြီး ဝိုင်းတာမျိုး ဘာကြောင့်လုပ်ဆောင်ရသလဲဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာပြီး ဗိုလ်နဂါးရဲ့ BNRA တပ်တွေကို မကြာသေးခင်က သွားဝိုင်းခဲ့တဲ့ အဖြစ်အပျက်ပြီးနောက် အခု ဖြစ်ရပ်က ဒုတိယမြောက် လက်နက်ကိုင်တပ်နဲ့ ဝိုင်းတဲ့ အဖြစ်အပျက်လည်း ဖြစ်ပါတယ်။ အခုလို ဖြေရှင်းပုံ ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့လည်း ဝေဖန်စရာ အနေအထားမျိုးဖြစ်လာနေပါတယ်။
ဒီလို တော်လှန်ရေးအင်အားစုတွေအချင်းချင်း အကြား ပဋိပက္ခ ဖြစ်ပွားနေခြင်းက အာဏာသိမ်းစစ်တပ်ကို အာရုံစိုက်မှုရအောင် ဖိတ်ခေါ်သလို ဖြစ်စေပြီး ဧပြီ ၄ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုကို ဖြစ်လာစေခဲ့တာလို့ ကောက်ချက်ချ ရမှာ ဖြစ်ပါတယ်။
မကွေးဖက်ဒရယ် ယူနစ်က ကာကွယ်ရေးဝန်ကြီး ခန့်အပ်ခံရသူ ဗိုလ်လက်ယာ ရဲ့ ရေနံမှော်တွေကို NUG လက်အောက်က PDF တပ်ရင်းတွေ လာဝိုင်းတယ်ဆိုတဲ့ သတင်းတွေ လူသိရှင်ကြားဖြစ်လာချိန်မှာ အာဏာသိမ်းစစ်တပ်က ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာတာ ဖြစ်ပါတယ်။
မိမိတို့ တော်လှန်ရေး အင်အားစုအချင်းချင်း အကြားမှာ ဖြစ်ပွားတဲ့ ပြဿနာတွေကို အချိန်မှီ မဖြေရှင်းနိုင်ခဲ့ရင် ရန်သူဘက်က အဲဒီအခြေအနေတွေကို အခွင့်အလမ်းအဖြစ် အသုံးချပြီး ပြိုကွဲအောင်၊ နယ်မြေဆုံးရှုံးအောင် လုပ်ဆောင်လိမ့်မယ်ဆိုတဲ့ သင်္ခန်းစာကို ဗိုလ်နဂါးရဲ့ BNRA တပ်နဲ့ NUG အကြား ဖြစ်တဲ့ ကိစ္စ၊ အခု မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးဝန်ကြီး နဲ့ NUG အကြားဖြစ်တဲ့ ကိစ္စတွေက သက်သေပြခဲ့ပြီဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar