ဖလော်ဒါဟန် - မီးအိမ်ရှင်များနှင့် ငွေသော်တာ မိခင်များသို့
ဖလော်ဒါဟန် - မီးအိမ်ရှင်များနှင့် ငွေသော်တာ မိခင်များသို့
မိုးမခ ၊ ဧပြီ ၅ ၊ ၂၀၂၆
မမိုးရင်တစ်ယောက် စိတ်မအား လူမအားနဲ့ ဘဝရဲ့ လှပသည့်အချိန်ဆိုသည်ကို အလုပ်လုပ်ခြင်းဖြင့် ဖြတ်သန်းနေခဲ့သည်။
တစ်နေ့ကတော့ မမိုးရင် စာသင်နေတဲ့ရွာကို အရင်းနှီးဆုံး မိတ်ဆွေတစ်ယောက် ရောက်လာသည်။ ဆီရှားပါးနေတဲ့ ခေတ်ကြီးမှာ တစ်နေရာနဲ့ တစ်နေရာ သွားဖို့ဆိုတာ ယခင်က သောင်းဂဏန်းဆို အခု သိန်းဂဏန်းကပ်လို့ပါပဲ။
အထက်က အကြောင်းလေးကို ဆက်ရရင် မိုးရင် စာသင်နေချိန်လေးမှာ မိတ်ဆွေအစ်မကြီးတစ်ယောက် မီနီအိုးဝေလေးနဲ့ ရောက်လာသည်။ အစ်မကြီးကို မြင်လိုက်ရချိန် မိုးရင် စိတ်မကောင်းမိတာ အမှန်ပါ။ ဘယ်သောအခါကမှ အခုလို တစ်ယောက်တည်း မြို့ပြင်ထွက်ဖို့ကို တစ်စိမ်းတရံ တက္ကစီစီးလာဖို့ မပြောပါနှင့်၊ တစ်ယောက်တည်း ဘယ်မှမသွားခဲ့သည့် အထက်တန်းအဆင့် ဆရာမကြီးပါ။
အခုတော့ နွေရဲ့အပူအောက်မှာ ဟိုယခင်အချိန်များမှ ရှိတာလေး ထုခွဲရောင်းချဖို့ မိုးရင်ရဲ့ မိတ်ဆွေရှိရာ ရွာလေးကို ရောက်လာခြင်းပါပဲ။ မိုးရင်လည်း ကလေးတွေကို စာသင်သည့်အလုပ်ကို ရပ်လို့ အစ်မအတွက် အားအင်ဖြစ်စေမည့် နှုတ်၏ဆောင်မခြင်းဖြင့် အားပေးနေမိပါတယ်။
အချိန်ကာလအလျောက် မိုးရင်တို့ အစုအဖွဲ့လေးတွေမှာ အခက်အခဲတွေဆိုတာ အနည်းအများ ရှိနေကြတာပါပဲ။ ဒါပေမဲ့ မိမိရဲ့ ဆုံးဖြတ်ချက်နဲ့ ဦးတည်ချက်အပေါ်မှာ နောင်တတရားဆိုတာ မရှိကြပါဘူး။
အဆင်မပြေခြင်းသည်လည်း ဘဝရဲ့တိုက်ပွဲပါ။ အောင်မြင်ခြင်းသည်လည်း ဘဝရဲ့တိုက်ပွဲပါ။ တိုက်ပွဲတိုင်းကတော့ မိုးရင်တို့အတွက် မှုစရာမလိုတဲ့ အတွေ့အကြုံနဲ့ သင်ခန်းစာတွေလို့ပဲ ခံယူထားကြပါတယ်။
ဒါက မိုးရင်တစ်ယောက်တည်းရဲ့ စိတ်ဓာတ်နဲ့ ခံယူချက် မဟုတ်ပါ။ မိုးရင်တို့ အသိုင်းအဝန်းတစ်ခုလုံးရဲ့ သံမဏိစိတ်ဓာတ်ပါ။ အစ်မကြီးအတွက် မိုးရင် ငွေအားနဲ့ ဆောင်မခြင်း မပြုနိုင်တောင် နှုတ်အားဖြင့် မိုးရင်ရဲ့ အသိမိတ်ဆွေတွေနဲ့ ချိတ်ဆက်ပေးနိုင်ဖို့ ကြိုးစားမှာပါ။
မိတ်ဆွေအစ်မကြီးကို ကြည့်ပြီး အရင်အချိန်များကို ပြန်လည်မြင်မိတာတော့ အမှန်ပါ။ မိမိတို့ လုပ်ဖော်ကိုင်ဖက်များရဲ့ နှုတ်ဖျားမှာ အမည်နာမတစ်ခုဖြင့် လေးစားခံခဲ့ရသူ၊ အလုပ်မှာ ကျွမ်းကျင်သူ၊ စေတနာ မေတ္တာအပြည့်ဖြင့် လူနာတွေအပေါ်မှာ စောင့်ရှောက်ခဲ့သူပါ။
မိုးရင်တို့မှာ မီးအိမ်ရှင်တွေ၊ ငွေသော်တာ ရောင်ခြည်ပမာ ထွန်းလင်းခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေအကြောင်းကို ပြန်လည်တွေးမိတိုင်း တကယ် နှမြောတသ ဖြစ်ရပါတယ်။
မိုးရင်တို့ဆိုတာ ငယ်စဉ်ကတည်းက ကိုယ့်ဒူးကိုယ်ချွန်ဘဝမှာ ပညာဆိုတာ ဘဝအတွက် ရွှေအိုးကြီးလို့ မိဘများရဲ့ သွန်သင်ဆုံးမမှုအောက် ကြီးလာရတော့၊ အခုလို ပညာတတ်တွေ မှေးမှိန်စွာနဲ့ပဲ ဘဝကို ပေးဆပ်မှုအမျိုးစုံအောက်မှာ နေထိုင်နေကြတာကို တွေ့မြင်ရချိန်တိုင်း အချိန်တစ်ခုကို မျှော်လင့်မိတာ အမှန်ပါ။
မိုးရင်တို့တွေ လွတ်မြောက်ရမယ်။ လွတ်လပ်ရမယ်။
မိုးရင်တို့အတွက် ဝမ်းနည်းစရာတွေကိုလည်း အတိတ်မှာ ချန်ထားခဲ့ကြသလို၊ အနာဂတ်မှာ လူသားအားလုံး ပြုံးပျော်နိုင်ဖို့တော့ ကြိုးစားဖို့ လိုပါလိမ့်မယ်။ မိုးရင်တို့ဆိုတာ မိမိတို့ ရွေးချယ်မှုကို မိမိရဲ့ စံနှုန်းအလိုက် ဘဝနဲ့ အသက်ကိုရင်းလို့ ထိန်းသိမ်းခဲ့ကြသူတွေပါ။
မိုးရင်မှာ အစ်မကြီးလို မိတ်ဆွေတွေ အများကြီးပါ။ အပြုံးရဲ့ နောက်ကွယ်က ဝမ်းနည်းအားငယ်မှုတွေကို သူတို့တွေ တိတ်ဆိတ်စွာ ဖြတ်သန်းကြပါတယ်။
ယနေ့အချိန်အထိ ပြည်သူတွေနဲ့ ထပ်တူနေထိုင်ခြင်းဖြင့် အခက်အမျိုးစုံ၊ ဖိနှိပ်မှုအမျိုးမျိုးအောက်မှာ ဘဝတွေ ရှင်သန်နေကြဆဲဆိုတာလေးကို မိုးရင် မှတ်တမ်းတင်ရင်း... အသက်အရွယ်ရလာသည့် ပင်စင်အရွယ် အစ်မကြီးများကို စိတ်ချမ်းသာ ကိုယ်ကျန်းမာ နေထိုင်ခွင့်ရကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။
ဖလော်ဒါဟန်
4.4.2026
19:30 PM
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar