Breaking News

ခေတ်ပြောင်းတော်လှန်ရေးအတွက် လူထုအတွက် အခြေခံရပ်တည်ချက်တွေက ဘာလဲ

မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၁၈ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၉ ၊ ၂၀၂၆


ခေတ်ပြောင်းတော်လှန်ရေးအတွက် လူထုအတွက် အခြေခံရပ်တည်ချက်တွေက ဘာလဲ

သမ္မတကြီး ဦးဝင်းမြင့် လွတ်မြောက်လာချိန်မှာ ဆိုရှယ်မီဒီယာပေါ်တွင် “သမ္မတကြီး ဦးဝင်းမြင့်” လို့ ခေါ်ရမလား၊ “ဦးဝင်းမြင့်” လို့ပဲ သုံးရမလားဆိုပြီး ရေးကြပြောကြ၊ ကိုယ်စားပြုမှုနဲ့ အသိအမှတ်ပြုမှုဆိုင်ရာ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။ နွေဦးတော်လှန်ရေးကို ဦးဆောင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပေါ်လည်း “သမ္မတတွေ များနေပြီလား”၊ ယာယီသမ္မတ ဒူဝါလရှီးလနှင့် သမ္မတကြီး ဦးဝင်းမြင့်ကို ဘယ်လို ဆက်လက် သတ်မှတ်မလဲဆိုတဲ့ ဝေဖန်ချက်တွေ တွေ့နေရပါတယ်။

လက်ရှိ စာရေးနေတဲ့အချိန်အထိ အကျဉ်းကျနေဆဲ လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ “အတိုင်ပင်ခံကောင်စီ” ဖွဲ့စည်းမှုအရ လက်ရှိရာထူးသတ်မှတ်ချက်ကနေ ပြောင်းလဲဖော်ပြကြတော့မှာလားဆိုတဲ့ မေးခွန်းတွေကို တော်လှန်ရေးအဖွဲ့အစည်းတွေဆီ ပစ်ထုတ်လာတာလည်း တွေ့ရပါတယ်။

ဒါပေမဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲရလဒ်နဲ့ အာဏာအပြောင်းအလဲ ဟန်ပြလုပ်ဆောင်ချက်တွေကို နိုင်ငံတကာအသိုက်အဝန်းက ယနေ့ထိ တရားဝင် အသိအမှတ်ပြုခြင်း မရှိသေးပါဘူး။ ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံများ၊ အာရှနိုင်ငံများဘက်ကလည်း အဲဒီလို အသိအမှတ်ပြုမှု ထုတ်ဖော်ပြသခြင်း မတွေ့ရသေးပါဘူး။ နိုင်ငံတကာသတင်းဌာနအချို့ကလည်း မြန်မာနိုင်ငံ၏ ၂၀၁၅ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာခဲ့တဲ့ တရားဝင်အခြေအနေအတိုင်း သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အသုံးအနှုန်းတွေကို ဆက်လက်သုံးစွဲနေကြတာ တွေ့ရပါတယ်။ ကုလသမဂ္ဂဘက်ကလည်း ထိုအတိုင်း ဆက်လက်ထားရှိတယ်လို့ ဆိုကြသလို၊ ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိနေခြင်းကလည်း အဲဒီအနေအထားကို ထင်ဟပ်စေပါတယ်။

တစ်ဖက်မှာတော့ မြန်မာပြည်တွင်းစစ်ဟာ ရပ်စဲသွားခြင်း မရှိသေးပါဘူး။ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲရလဒ်ကြောင့် မြန်မာစစ်တပ်က အပစ်အခတ်ရပ်စဲလိုက်တယ်၊ တိုက်ခိုက်မှုတွေ ရပ်တန့်လိုက်တယ်ဆိုတဲ့ ပြောင်းလဲမှုမျိုးလည်း မပေါ်ထွက်သေးပါဘူး။ လူထုနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အာမခံမပေးနိုင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်၊ အသစ်ရေးဆွဲမယ်ဆိုတဲ့ ကတိကဝတ်မျိုးကိုလည်း ထုတ်မပြနိုင်သေးပါဘူး။

တကယ်တမ်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေက တိုင်းပြည်ကို ပြည်တွင်းစစ်ထဲ ပိုမိုနက်ရှိုင်းစေခြင်း၊ ၂၀၂၀ ရွေးကောက်ပွဲကို ဖျက်သိမ်းခံရခြင်းနဲ့ စစ်အုပ်စု စိတ်တိုင်းကျ အတုအယောင်ရွေးကောက်ပွဲတစ်ခု ထပ်မံ အဖတ်တင်လာခြင်းပဲ ဖြစ်ပါတယ်။ ဒီအချက်တွေက စစ်အုပ်စုရဲ့ ဆောင်ရွက်မှုတွေမှာ တိုင်းပြည်အနာဂတ်အတွက် အာမခံချက် မရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။

ဒီလိုအခြေအနေမှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ကြိုဆိုကြောင်း၊ အသိအမှတ်ပြုကြောင်း၊ သမ္မတအသွင်ပြောင်းလာတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို “ဦးမင်းအောင်လှိုင်” အဖြစ် ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းအချို့က ကြေညာချက်ထုတ်ပြန်ကြတာဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အနာဂတ် မြန်မာပြည်သူတွေအတွက် အာမခံချက်တစ်ရပ် ဆောင်ကျဉ်းလာမယ်လို့ ယူဆလို့ မရပါဘူး။ အဲဒီလို အသိအမှတ်ပြုမှုတွေက အများပြည်သူအကျိုးထက် ကိုယ်ကျိုးစီးပွား၊ နိုင်ငံရေးဟန်ချက်၊ မဟာမိတ်ဆက်ဆံရေး စတဲ့ အကြောင်းအရာတွေကို ပိုမိုထင်ဟပ်စေတာသာ ဖြစ်ပြီး၊ ထိုထက်ပိုတဲ့ အဓိပ္ပာယ်နက်နဲမှု မရှိသေးဘူးလို့ပဲ ဆိုရပါမယ်။

အဲဒီလိုအချိန်မှာ ပြည်သူလူထုအတွက် ဘယ်လိုသဘောထားနဲ့ ရပ်တည်နေသလဲဆိုတာကို နွေဦးတော်လှန်ရေးတွင် ပါဝင်နေတဲ့ အဖွဲ့အစည်းတိုင်းက ပိုမိုရှင်းလင်းစွာ ထုတ်ဖော်ဖို့ တာဝန်ရှိလာပါတယ်။ အဓိကမေးခွန်းကတော့ ခေတ်ပြောင်းတော်လှန်ရေးအတွက် အခြေခံလူထုပေါ်လစီက ဘာလဲ ဆိုတာပါပဲ။ စစ်အုပ်စုက အသာစီးရလာတယ်လို့ ယူဆကြတဲ့အခြေအနေအောက်မှာ နိုင်ငံရေး၊ စစ်ရေး ခြေလှမ်းတွေကို ပြင်ဆင်ပြောင်းလဲဖို့ ခေါင်းဆောင်များ စဉ်းစားနေကြပြီလား။ အဲဒီလို စဉ်းစားနေတယ်ဆိုရင် ပြည်သူလူထုကို ဘယ်လို အသိပေးကြမလဲ။ အပေါ်ယံအလွှာတွေမှာ အပြောင်းအလဲဖြစ်လာမယ်ဆိုရင် အောက်ခြေလူထုက ဘယ်လို ပြင်ဆင်ရမလဲဆိုတဲ့ အတွေးတွေ လူထုထဲ ဝင်လာတာ သဘာဝပါပဲ။

ယခင်က မဟာမိတ်ဖြစ်ခဲ့ကြပြီး ယခုအချိန်မှာ စစ်အုပ်စုရွေးကောက်ပွဲနဲ့ မင်းအောင်လှိုင်ကို အသိအမှတ်ပြုကြောင်း ထုတ်ဖော်လာကြတဲ့ အဖွဲ့အစည်းတွေ ရှိနေသလို၊ တစ်ချိန်က သူတို့ပေးခဲ့ကြတဲ့ “ဖက်ဒရယ်ပြည်ထောင်စုကို တော်လှန်ရေးအင်အားစုများ၊ မြန်မာပြည်သူများနဲ့အတူ ဖော်ဆောင်သွားမယ်” ဆိုတဲ့ ကတိကဝတ်တွေကိုလည်း ပြန်လည် သတိရမိကြပါတယ်။ အဲဒီအခါမှာ အခြားတော်လှန်ရေးအဖွဲ့အစည်းတွေကလည်း ယခင်ကတည်းက ပြည်သူလူထုကို ဘာသဘောထားတွေ၊ ဘာအခြေခံရပ်တည်ချက်တွေ ပေးထားခဲ့သလဲဆိုတာကို ပြန်လည်ဆန်းစစ်ဖို့ လိုလာပါတယ်။

ဒီလိုအချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရက မိမိတို့ မဟာမိတ်များနှင့်အတူ ဘုံသဘောထားရပ်တည်ချက်အတိုင်း ဆက်လက် ရပ်တည်နေဆဲဖြစ်ကြောင်း ထပ်လောင်း ထုတ်ပြန်လာတာဟာ နွေဦးတော်လှန်ရေးထဲက ပြည်သူတွေအတွက် တစုံတရာ စိတ်ကျေနပ်ဖွယ်ရာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ယမန်နေ့က ထုတ်ပြန်ချက်တွင်—

နွေဦးတော်လှန်ရေး၏ အန္တိမပန်းတိုင်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးသာမက၊ စစ်အာဏာရှင်တစ်စုက ပြည်သူကို ဖိနှိပ်အနိုင်ကျင့်နေသော အဆိုးသံသရာမှ အပြီးတိုင် လွတ်မြောက်ရေးလည်း ဖြစ်သည် ဟု ဖော်ပြထားပါတယ်။

ထို့ပြင် တော်လှန်ရေး၏ ရည်မှန်းချက်များကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း မဟာမိတ်များနှင့်အတူ ထုတ်ပြန်ခဲ့သည့် ဘုံသဘောထား (၆) ရပ် နှင့် ၂၀၂၆ ခုနှစ် မတ် ၃၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ထုတ်ပြန်ချက်များအတိုင်း ခိုင်ခိုင်မာမာ ဆက်လက်ကိုင်စွဲသွားမယ်လို့လည်း ဆိုထားပါတယ်။

အဆိုပါ ဘုံသဘောထား (၆) ရပ်တွင် စစ်တပ်၏ နိုင်ငံရေးပါဝင်မှုကို အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်အားလုံးကို အရပ်သားအစိုးရအောက်ထားရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအသစ်ရေးဆွဲရန်၊ ပြည်ထောင်စုသစ်တည်ဆောက်ရန်နှင့် တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရန် တို့ ပါဝင်ပါတယ်။

အထူးသဖြင့် အကြမ်းဖက်စစ်အုပ်စုကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေချိုးဖောက်မှုများအတွက် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice) ကို ဆောင်ကြဉ်းပေးနိုင်မှသာ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး အောင်မြင်တယ်လို့ မှတ်ယူမည်ဖြစ်ပြီး၊ ထိုရည်မှန်းချက်ပန်းတိုင်ရောက်သည်အထိ မမှိတ်မသုန် ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမယ်လို့ NUG က အဓိဋ္ဌာန်ပြုထားပါတယ်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကလည်း စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်သူတစ်ရပ်လုံး၊ တော်လှန်ရေးအင်အားစုအားလုံးနှင့် လက်တွဲပြီး နွေဦးတော်လှန်ရေး အောင်ပွဲရသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။

တကယ်တော့ ပြည်သူလူထုအတွက် အဓိကကျတဲ့ အခြေခံရပ်တည်ချက်နဲ့ သဘောထားတွေကို တော်လှန်ရေးအဖွဲ့အစည်းတွေက အမြဲတမ်း ထုတ်ဖော်ပြောဆို၊ ကတိပေး၊ အသိပေးနေဖို့ လိုအပ်ပါတယ်။ အခုလို အချိန်မှာ အဲဒီလို ထပ်ခါထပ်ခါ အတည်ပြုပြောဆိုဖို့ လိုအပ်ချက်က ပိုပြီး ထင်ရှားလာပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် လုံခြုံရေး၊ အခြေခံစားဝတ်နေရေးနဲ့ ကာကွယ်စောင့်ရှောက်မှု ရရှိအောင် တော်လှန်ရေးအဖွဲ့တွေက အမြဲ ဖော်ဆောင်ရုန်းကန်နေဖို့ လိုပါတယ်။ တော်လှန်ရေးဒေသအသီးသီးမှာ ကျရာတာဝန် ထမ်းဆောင်နေကြတဲ့ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ CDM ရဲဘော်များနှင့် ပြည်သူ့ဝန်ထမ်းများ၏ အခန်းကဏ္ဍကို ဆက်လက် အသိအမှတ်ပြုဖို့၊ သူတို့အတွက် လိုအပ်ချက်တွေကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးဖို့လည်း အမြဲ လိုအပ်နေပါတယ်။

ထို့အပြင် လူထုအလွှာအသီးသီးထဲမှ အားနည်းပြီး ခြိမ်းခြောက်မှု ခံနေရသူများ—ကလေးသူငယ်များ၊ မိန်းကလေးများ၊ မိခင်များ၊ လူနာများ၊ သက်ကြီးရွယ်အိုများ၊ ဘာသာစကားမတူညီသူများ၊ လိင်စိတ် ခံယူမှုကွဲပြားသူများ၊ အသားအရောင်မတူသူများ—အားလုံးကို ကာကွယ်ပေးမယ်၊ တန်ဖိုးထားလေးစားမယ်ဆိုတဲ့ အခြေခံရပ်တည်ချက်ကို တော်လှန်ရေးနယ်ပယ်တိုင်းမှာ ပြသနေဖို့ လိုအပ်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်ရေးပန်းတိုင်ကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်မှသာ မြန်မာပြည်သူတိုင်းအတွက် အေးချမ်းသာယာမှုနဲ့ အနာဂတ်အာမခံချက်ကို ရရှိနိုင်မယ်ဆိုတာကို အကြိမ်ကြိမ် သတိပေးနေဖို့ လိုသလို၊ အပြောကနေ လက်တွေ့ဆောင်ရွက်မှုဆီ ပြောင်းနိုင်ဖို့လည်း တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဦးဆောင်သူများအပေါ် တာဝန် ရှိနေတယ်လို့ ဆိုချင်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar