Breaking News

မန္တလေး-မြစ်ကြီးနား ကချင်ပြည်နယ် အစပ်ထိ ကားလမ်းပိုင်းကို အာဏာသိမ်းစစ်တပ်က ထိန်းချုပ်

မြန်မာနွေဦးခရိုနီကယ် - မေ ၆ မြင်ကွင်း

(မိုးမခ) မေ ၇ ၊ ၂၀၂၆


မန္တလေး-မြစ်ကြီးနား ကချင်ပြည်နယ် အစပ်ထိ ကားလမ်းပိုင်းကို အာဏာသိမ်းစစ်တပ်က ထိန်းချုပ်

ကသာမြို့ကနေ ထွက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းဟာ အင်းတော်ကို သိမ်းပြီး ရက်အနည်းငယ်အကြာမှာပဲ အင်းတော်မြောက်ဘက် စစ်ကိုင်းတိုင်း အထက်ပိုင်း ကချင်ပြည်နယ် အစပ်က မော်လူးမြို့ကို မေလ ၅ ရက်နေ့မှာ သိမ်းယူခဲ့ပါတယ်။ 

အာဏာသိမ်းစစ်တပ်နဲ့ NUG လက်အောက်က PDF တပ်တွေ ကသာမြို့မှာ လနဲ့ချီ အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေခဲ့ကြရာက မကြာသေးတဲ့ သီတင်းပတ်တွေအတွင်း ကသာမြို့ကို စစ်တပ်က တမြို့လုံးပြန်ထိန်းချုပ်နိုင်ပြီးနောက်မှာ ဆက်တိုက်ဆိုသလို အင်းတော်၊ မော်လူး တို့ကို သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ 

မော်လူးကို သိမ်းယူပြီးနောက်မှာတော့ အာဏာသိမ်းစစ်တပ်က မန္တလေး-မတ္တရာ-သပိတ်ကျဥ်း- တကောင်း-ထီးချိုင့်-အင်းတော်-မော်လူး တို့ကနေ မြစ်ကြီးနားအထိ ကားလမ်းလမ်းပိုင်းကို ၁ နှစ်ကျော် အကြာ ထိုးစစ်ဆင်ပြီး သိမ်းယူရရှိခဲ့ကြောင်း သတင်းထုတ်ပြန်လာတာတွေ့ရပါတယ်။ 

မန္တလေး- မြစ်ကြီးနားကားလမ်းမှာ ရွှေဘိုဘက်ကနေ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းကနေ အဆိုပါ အင်းတော်ဘက်ကို သွားဆုံတဲ့ကားလမ်းလည်း ရှိနေသေးပြီး ယခုလမ်းက မန္တလေး-မတ္တရာကနေ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းကနေ မြောက်ဘက် ဦးတည်တက်သွားတဲ့ လမ်းဖြစ်ပါတယ်။ 

အခုလို ကားလမ်းတွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ထုတ်ပြန်ကြေညာခြင်းက အဆိုပါဒေသတွေမှာ နေထိုင်ကြသူတွေနဲ့ ကချင်ပြည်နယ် မှာ နေထိုင်ကြပြီး ဒီကားလမ်းကြောင်းကို အသုံးပြုနေကြရတဲ့ လူထုကို စည်းရုံးလိုတဲ့ ရည်ရွယ်ချက်က အဓိကဖြစ်တာတွေ့ရမှာ ဖြစ်ပါတယ်။ 

ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ သူတွေ အနေနဲ့ စစ်ကိုင်းတိုင်းကို ဖြတ်ပြီး ကချင်ပြည်နယ်နဲ့ ဆက်သွယ်ထားတဲ့ ကားလမ်းပိုင်းကို စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါးနဲ့ လောင်စာဆီတွေ ဝယ်ယူရရှိဖို့ အားကိုးအားထား ပြုနေခဲ့ကြရတာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်က ကျောက်စိမ်း သယံဇာတထွက်ရှိတဲ့ ဖားကန့်ဒေသတခုလုံးအတွက် လိုအပ်တဲ့ လူသုံးကုန်၊ စားသောက်ကုန်နဲ့ လောင်စာဆီတွေကိုလည်း ဒီကားလမ်းကနေ သယ်ယူနေကြတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နှစ်ကာလတွေမှာ စစ်ကိုင်းတိုင်း နဲ့ ကချင်ပြည်နယ် အစပ်တွေမှာ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာကြောင့် ဒီ မန္တလေး-မြစ်ကြီးနား ကားလမ်းက ပိတ်ဆို့နေတဲ့ သဘောမဟုတ်သည့်တိုင် လွယ်လွယ်ကူကူသွားလို့ရတဲ့ လမ်းပိုင်းတွေကို လက်နက်ကိုင် အဖွဲ့တွေက ပိတ်ထားပြီး ရှောင်ကွင်းလမ်း လို့ ခေါ်ဆိုတဲ့ ကျေးရွာတွေကိုဖြတ်ပြီး မြေသားလမ်းတွေက တဆင့် ရှောင်ကွင်းသွားကြရတာကြောင့် အချိန်လင့်တာ၊ လောင်စာဆီ၊ ကားပျက်စီးမှု နဲ့ အခွန်အကောက် ဂိတ်ကြေး ပေးဆောင်ရတာတွေကြောင့် ဒီဒေသကို ဖြတ်သန်းသွားလာရတဲ့ ပြည်သူလူထု အနေနဲ့ လက်နက်ကိုင် တိုက်ပွဲတွေ၊ ကားလမ်းက အတားအဆီး ရှောင်ကွင်းလမ်းတွေကို စိတ်ပျက်နေကြတာလည်း ဖြစ်ပါတယ်။ 

သတင်းဆောင်းပါး ဖေါ်ပြမှုတခုမှာဆိုရင် တော်လှန်ရေးကို ထောက်ခံမှု လျော့နည်းစေတဲ့ PDF တပ်ဖွဲ့ ထိန်းချုပ်ဒေသက ကွင်းလမ်းတွေ အကြောင်း ဆောင်းပါး အနေနဲ့ ရေးသားဖေါ်ပြခဲ့တဲ့ အထိ တွေ့ရှိရတာလည်း ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေလည်း ၄င်းတို့ ထိန်းချုပ်တဲ့ ဒေသတွေမှာ လုံခြုံရေးဂိတ်တွေ နဲ့ အခွန်အကောက် ကောက်ခံတာတွေ လုပ်ဆောင်ကြတာရှိပေမယ့် တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့ ထိန်းချုပ်နယ်မြေတွေက အခွန်အကောက်နဲ့ ဂိတ်ကြေးကောက်ခံမှုက ပိုများနေတဲ့ အနေအထားမျိုးလည်း ဖြစ်နေတာပါ။ 

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်တို့မှာ နေထိုင်တဲ့ လူထုတွေရဲ့ စားဝတ်နေရေး နဲ့ လူသုံးကုန်၊ စားသောက်ကုန် ပစ္စည်းတွေ ပုံမှန်စျေးနှုန်းမျိုးနဲ့ ဝယ်ယူသုံးစွဲနိုင်ရေးကိုလည်း တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေ အနေနဲ့ သတိပြုသင့်တာ ဖြစ်ပါတယ်။ 

စစ်အာဏာရှင် တပ်ကို အနိုင်ရအောင် တိုက်နိုင်ဖို့ လိုအပ်တဲ့ စစ်စရိတ်ရံပုံငွေ ရဖို့ အရေးကြီးတာ မှန်ပေမယ့် တဖက်မှာလည်း ဒီဝန်ထုပ်ဝန်ပိုးကို ကုန်စည်သယ်ယူမှုတွေ အပေါ် စုပုံကာ အခွန်ကောက်ခံတဲ့ အဖြစ်ကလည်း အချိန်ကြာလာတာနဲ့ အမျှ ပြည်သူလူထု ထမ်းပိုးရတဲ့ ဝန်ထုပ်ဝန်ပိုးက ပိုမိုလေးလံလာတဲ့ သဘောလည်း ဖြစ်ပါတယ်။ စစ်ပွဲတွေ ဖြစ်ပွားနေတာနဲ့ အမျှ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပျက်စီးသွားတာ၊ ပိုင်ဆိုင်မှု၊ စုဆောင်းထားတဲ့ ရှိစုမဲ့စု ငွေကြေးတွေ စစ်ဘေးရှောင်ဖို့ နဲ့ အရေးပေါ် စားသောက်ဖို့ အတွက် သုံးစွဲလိုက်ကြရတဲ့ အခြေအနေတွေကြောင့် လူထုရဲ့ ထမ်းနိုင်စွမ်းတွေကလည်း လျော့ကျလာနေတာပါ။ 

ဒီလို အခြေအနေတွေကို ရန်သူ အာဏာသိမ်းစစ်တပ်ဘက်က သဘောပေါက် သိရှိထားတာကြောင့် အခုလို PDF ထိန်းချုပ်မြို့တွေ ကားလမ်းတွေကို ၄င်းတို့ စစ်ဆင်ရာမှာ ကားလမ်းပြန်လည် ဖွင့်လှစ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေကို အသုံးချ ဝါဒဖြန့် လာကြတာ ထင်ရှားပါတယ်။ 

ကားလမ်းတွေကို ထိန်းချုပ်ခြင်းဟာ ရန်သူရဲ့ စစ်လက်နက်နဲ့ ရန်သူ့တပ် ရိက္ခာ ထောက်ပံ့ရေးကို ဖြတ်တောက်ဖို့ ရည်ရွယ်ချက်သာ ဖြစ်သင့်ပြီး လူထုရဲ့ ရိက္ခာနဲ့ အသုံးအဆောင်၊ ကုန်စည် ဖလှယ်မှုတွေကိုပါ ထိန်းချုပ်ပြီး အခွန်အကောက် အလွန်အကျွံ ကောက်ခံတာမျိုး မဖြစ်သင့်ပါဘူး။ 

ဒါ့အပြင် မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲဖို့ ဆုံးဖြတ်ရာမှာလည်း လက်တွေ့အနေအထားအရ သိမ်းယူနိုင်တဲ့ အလားအလာနဲ့ ရေရှည် ထိန်းသိမ်းထားနိုင်မယ့် ဖြစ်နိုင်ခြေတွေကိုပါ ထည့်သွင်းတွက်ချက် ကြဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။ ကသာမြို့ သိမ်းတိုက်ပွဲက တော်လှန်ရေးကို ထောက်ခံတဲ့ မြို့ခံလူထုအချို့ကို စိတ်ပျက်စေခဲ့တဲ့ သာဓကတွေလည်း တွေ့မြင်နေကြရပါတယ်။ တခြားသော စစ်မျက်နှာတခုအတွက် စစ်မြူတဲ့အနေနဲ့ ကသာမြို့ သိမ်းတိုက်ပွဲကို တိုက်တာလား ဆိုတဲ့ သံသယ အမြင်အချို့လည်း ပေါ်ထွက်ခဲ့တာတွေ့ကြရပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးရဲ့ အရှိန်အဟုန်မျိုး ရှိမနေတဲ့အနေအထားမှာ မြို့သိမ်းတိုက်ပွဲတွေ ဆုံးဖြတ်လုပ်ဆောင်ရာမှာ ပိုမိုသတိကြီးစွာနဲ့ ဆုံးဖြတ်ကြဖို့လည်း အရေးကြီးလာနေတဲ့ အနေအထားဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar