အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ လွှတ်တော်ကော်မတီမှာ ပြောဆိုမှုကို ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၄ မြင်ကွင်း
(မိုးမခ) ဇွန် ၅ ၊ ၂၀၂၆
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ လွှတ်တော်ကော်မတီမှာ ပြောဆိုမှုကို ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ
ခုရက်ပိုင်းအတွင်း အမေရိကန်ပြည်ထောင်စု လွှတ်တော်ကော်မတီကြားနာပွဲကို လာရောက်တဲ့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကို အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနယ်လ်က မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ ရီပတ်ဗလစ်ကန်ပါတီက အထက်လွှတ်တော် ကိုယ်စားလှယ် မစ်ချ်မက်ကောနဲလ်ဟာ ၁၉၉၀ ကျော် ခုနှစ်တွေကတည်းက မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရတွေကို အရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့ ဒီမိုကရေစီအရေးကို ထောက်ခံတဲ့ ဆုံးဖြတ်ချက်တွေ၊ လုပ်ဆောင်မှုတွေအတွက် အစဥ်တစိုက် လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။
အခု လွှတ်တော်ကြားနာမှု အစီအစဥ်မှာ အထက်လွှတ်တော်အမတ်ဖြစ်သူ မစ်ချ်မက်ကောနယ်လ်က မြန်မာ့အရေးနဲ့ပတ်သက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒကို မေးခွန်းထုတ်ခဲ့ပြီး မြန်မာစစ်အစိုးရနဲ့ ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံတွေ ကြားနေတဲ့ ရပ်တည်ချက်မျိုး ဖြစ်နေသလားဆိုတဲ့ မေးခွန်းကိုမေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ပေါ်ထွန်းရေးအတွက် ရည်ရွယ်ကာ ပြဋ္ဌာန်းအတည်ပြုထားတဲ့ ငွေကြေးအကူအညီတွေ သုံးစွဲမှု နှောင့်နှေးနေတဲ့ အကြောင်းကိုလည်း မေးမြန်းခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံ အတိုက်အခံအင်အားစုရဲ့ မိတ်ဆွေလို့ တင်စားခေါ်ဆိုကြတဲ့ မစ်ချ်မက်ကောနယ်လ်ဟာ အထက်လွှတ်တော်မှာ သြဇာရှိတဲ့ အုပ်စုရဲ့ ခေါင်းဆောင်တဦးဖြစ်ခဲ့ပြီး မကြာသေးခင် နှစ်ပိုင်းတွေက အသက်အရွယ်နဲ့ ကျန်းမာရေးမှာ အားနည်းမှုရှိလာပြီးနောက် အမေရိကန် လွှတ်တော်မှာ အရင်ကလောက် သြဇာမရှိတော့တဲ့ အနေအထား မူဝါဒတွေပေါ်ထွက်လာအောင် တွန်းအားပေးနိုင်တဲ့ သြဇာ အနည်းငယ်ကျဆင်းလာတာ တွေ့ရပါတယ်။
သို့ပေမဲ့ သူ့အနေနဲ့ ဆယ်စုနှစ် ၃ ခုလောက် တစိုက်မတ်မတ် လုပ်ဆောင်လာတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး၊ စစ်တပ်ရဲ့ အာဏာသုံးဖိနှိပ်အုပ်ချုပ်မှုတွေကို တုံ့ပြန်လုပ်ဆောင်ရေးကိုတော့ ဆက်လက်ပြောဆို လုပ်ကိုင်နေဆဲ ဖြစ်တာ တွေ့ရပါတယ်။
မစ်ချ်မက်ကောနယ်လ် ရဲ့ မေးခွန်းကို ထရန့်အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ မာကိုရူဘီယိုက ဖြေကြားရာမှာတော့ တရုတ်နိုင်ငံရဲ့ ထောက်ခံမှုကို ရထားတဲ့ စစ်ဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ အစိုးရထက် အရပ်သားဒီမိုကရေစီ အစိုးရတရပ် အာဏာရလာဖို့ကို ပိုမိုလိုလားကြောင်း ပြောဆိုခဲ့ပါတယ်။ ဒီအင်အားစု ၂ ခု၊ ဒီရွေးချယ်မှု ၂ ခုအကြား ကြားနေတဲ့ သဘောထား မရှိကြောင်းလည်း ပြောဆိုသွားပြီး တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုကြောင့် ကိုင်တွယ်ရ ခက်ခဲကြောင်း ဖြေကြားခဲ့ပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးအတွက် ငွေကြေးအကူအညီတွေ သုံးစွဲမှု နှောင့်နှေးရခြင်းနဲ့ပတ်သက်လို့လည်း အမေရိကန်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို အခြေပြုပြီး စနစ်တကျလေ့လာပြီး ငွေကြေးသုံးစွဲရေးမူဝါဒတွေ ပြောင်းလဲ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
မြန်မာ့နိုင်ငံနဲ့ ပတ်သက်ပြီး မေးမြန်းချက်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုရဲ့ ဖြေကြားချက်ကို ကြည့်ရင် သံတမန်ဆန်တဲ့ စကားလုံး အသုံးအနှုန်းတွေနဲ့ နားထောင်ကောင်းအောင် ဖြေကြားသွားတာလို့ ဆိုနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တရုတ်ကြောင့် လုပ်ကိုင်ရ ခက်ခဲတယ်ဆိုတဲ့ ပြောဆိုမှုဟာ ဘာကြောင့် ဆင်ခြေပေးတာလို့ အဓိပ္ပာယ်ကောက်ယူရသလဲဆိုရင် မကြာသေးခင်က အမေရိကန် သမ္မတနဲ့ ဝန်ကြီးတွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံခရီးစဥ်အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေ ရှိမနေခဲ့တာက သက်သေအဖြစ်ဆိုရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အရှေ့အာရှမှာ ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ နေရာမှာရှိတယ်လို့ ဆိုပေမဲ့ အမေရိကန်နဲ့ တရုတ် ဆက်ဆံရေးအကြား မြန်မာနိုင်ငံ အကြောင်း တလုံးတပါဒမျှ ရည်ညွှန်းပြောဆိုခြင်း မရှိခဲ့တာက ထရန့် အစိုးရရဲ့ မြန်မာနဲ့ ပတ်သက်တဲ့ ပေါ်လစီလည်း ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာ့အရေးကို အလေးထားမှုဟာ ယခင် ဘိုင်ဒင် အစိုးရလက်ထက်ကရှိတဲ့ အဆင့်ကနေ လျော့ကျသွားတာ အားလုံး သိရှိကြပါလိမ့်မယ်။ အမေရိကန်မှာ လာရောက် နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ယာယီနေထိုင်ခွင့် ပယ်ဖျက်တာ၊ မြန်မာနိုင်ငံသားတွေ အမေရိကန်နိုင်ငံ သွားရောက်ဖို့ ဗီဇာလျှောက်ထားခွင့် ရပ်ဆိုင်းတာတွေ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကာလအတွင်း ထရန့် အစိုးရက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့ ဒီမိုကရေစီလှုပ်ရှားမှု နဲ့ လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို အကူအညီပေးမဲ့ Burma Act ကို လွှတ်တော်က အတည်ပြုပေးခဲ့ပေမဲ့ အတည်ပြုထားတဲ့ ကူညီငွေတွေ လက်တွေ့ အကောင်အထည်ဖော်ဖို့ မူဝါဒ၊ လုပ်ထုံးလုပ်နည်းတွေအထိ ပေါ်ထွက်လာဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ဖိဖိစီးစီး မလုပ်ဆောင်တဲ့ သဘောလည်း ဖြစ်ပါတယ်။ ထရန့်အစိုးရ တက်ကတည်းက နိုင်ငံတကာကိုပေးတဲ့ အကူအညီတွေကို အများအပြား ဖြတ်တောက်တာ၊ နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ USAID ကို ဖျက်သိမ်းတာတွေ လုပ်ဆောင်ခဲ့ပြီး အမေရိကန် အကျိုးစီးပွားသာလျှင် ပထမ၊ ဒုတိယ၊ တတိယ အနေနဲ့ မူထားပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်အခြေစိုက် အမေရိကန် သံရုံးအနေနဲ့လည်း မကြာခင် လပိုင်းတွေအတွင်းက အမေရိကန်နိုင်ငံက ထွက်ရှိတဲ့ ပဲပိစပ် ထုတ်ကုန် မြန်မာနိုင်ငံက ဝယ်ယူရေး၊ အမေရိကန် နိုင်ငံထုတ် Ford ကား ရောင်းချတာတွေနဲ့ ပတ်သက်တဲ့ အကြောင်းတွေ သံရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြလာခဲ့တာက အမေရိကန် အစိုးရအနေနဲ့ မြန်မာစစ်အစိုးရနဲ့ ကင်းအောင်မနေတဲ့ သဘော၊ အရိပ်လက္ခဏာအဖြစ် အချို့က ရှုမြင်လာကြတာ ဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီ ပေါ်ထွန်းရေး၊ လက်ရှိ နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွေမှာ အမေရိကန်ပြည်ထောင်စုရဲ့ အကူအညီကို အင်တိုက်အားတိုက် ရဖို့ မျှော်လင့်နေဖို့ မသင့်ဘဲ မိမိတို့ အင်အားနဲ့ မိမိတို့ရဲ့ မဟာဗျူဟာနဲ့ ဆက်လက်လုပ်ဆောင် ချီတက်ကြဖို့ကို ပိုမိုအားစိုက်သင့်ကြပါတယ်။
ထရန့် အစိုးရ လက်ထက်မှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ တရုတ်နဲ့ အပေးအယူ၊ ညှိနှိုင်းမှုတွေ လုပ်ဆောင်သည် ဖြစ်စေ တရုတ်နဲ့ စီးပွားရေးအရ၊ သံတမန်ရေးအရ နဲ့ စစ်အင်အားနဲ့ ဝိုင်းရံထိန်းထားမယ်ဆိုတဲ့ မူဝါဒတွေ ချမှတ်သည် ဖြစ်စေ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အပိုင်းက လျစ်လျူရှုခံထားရမဲ့ အခြေအနေ ဖြစ်တယ်ဆိုတာ ရိပ်စားမိသင့်ပြီ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar