ခိုင်ခိုင်စောလွင် - အချစ်တွေ တိုးစေ
ခိုင်ခိုင်စောလွင် - အချစ်တွေ တိုးစေ
မိုးမခ ၊ ဇွန် ၅ ၊ ၂၀၂၆
စာပေ၊ သဘင်၊ ဂီတ၊ ရုပ်ရှင် အနုပညာမှာ ဖန်တီးထားတဲ့ အနုပညာကို ချစ်ခင်နှစ်သက်ကြသလို အနုပညာရှင်တွေအပေါ်မှာပါ လူပုဂ္ဂိုလ်အရ ချစ်ခင်လေ့ရှိကြတယ်။ ဖန်တီးထားတဲ့ အနုပညာကို ချစ်ကြသလို အနုပညာရှင်ကို ချစ်ကြရတာ ပုံစံမတူကြ။ တချို့က ရုပ်ရည်ချောမောတဲ့အတွက်၊ တချို့ကျတော့ ရုပ်ရည်မလို စတိုင်ကို ကြိုက်ကြတာ၊ ယခုကာလမှာတော့ အနုပညာရှင်ရဲ့ ရပ်တည်မှုပေါ် မူတည်ပြီး အချစ်တွေ ဖြစ်တည်တတ်ကြတယ်။ ဘယ်လောက်ပင် ကြိုက်ခဲ့ ကြိုက်ခဲ့ ဓမ္မနဲ့ အဓမ္မမှာ အဓမ္မ ဘက်လိုက်သူတွေကို ပြည်သူတွေ စွန့်ပယ်လိုက်ကြတယ်၊ ဘွိုင်ကော့ (BC) ကြတယ်။ ဘယ်ခေတ်ဘယ် ကာလမှာမှ မကြုံဖူး၊ မကြားဖူးတဲ့ ရက်စက်မှုအပေါင်း ပြည့်နေတဲ့ ခေတ်ကာလ၊ အင်္ဂလိပ် အုပ်စိုးတဲ့ခေတ်၊ အင်မတန် ရက်စက်ကြမ်းတမ်းပါတယ် ဆိုတဲ့ ဂျပန်ခေတ်၊ တိုင်းပြည်ကမောက်ကမ ဖြစ်စေတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် (မဆလ - နေဝင်းခေတ်)၊ နိုင်ငံရေး လှုပ်ရှားဆောင်ရွက်သူနဲ့ မိသားစုဝင်တွေကို စောင့်ကြည့်၊ ဖမ်းဆီး၊ နှိပ်စက်တဲ့ ထလရခေတ် (ခင်ညွန့်ခေတ်) စတဲ့ ဖြတ်သန်းခဲ့ရတဲ့ ရက်စက်မှုတွေအားလုံး စုပေါင်းထားတဲ့ မအလအာဏာလုကာလမှာ ဘယ်သူက ယုတ်မာကောက်ကျစ်တယ်ဆိုတာ ထင်ရှားပါလျက်နဲ့ မသိသလို လိုက်ပါဆောင်ရွက် ပူးပေါင်းကျင့်ကြံနေကြသူတွေ ဆိုတာ ပြောစရာစကားလုံးပင် ရှာမရတဲ့အဖြစ်။
အာဏာလုပြီးကတည်းက ခုချိန်ထိ ကျူးလွန်တဲ့ အမှုမျိုးစုံ မကြားဝံ့မနာသာတွေကို ဘယ်တော့မှ မေ့နိုင်စရာ မရှိ၊ မနေ့တနေ့ကပဲ မြစ်ခြေမြို့ကို နေ့ရော ညပါ မီးရှို့နေတာ မီးတောက်တွေ မနည်းမနော၊ ရွာသူရွာသား သောင်းဂဏန်း ပြေးနေရတယ်။ မပြေးနိုင်တဲ့ မီးဖွားပြီးစ မိခင်ကို ပစ်သတ်ပြီး ကလေးကို မီးထဲ ပစ်ထည့်လိုက်သတဲ့။ ဒီလို လူလို့ မခေါ်ထိုက်တဲ့ အဖွဲ့အစည်းကို ရွံရှာမုန်းတီးကြတာ၊ သူတို့ကို လော်ဘီလုပ်နေသူအပေါင်းဆို အော့နှလုံးနာကြတာ မဆန်း။
အထူးသဖြင့် စစ်တပ်အတွက် လော်ဘီလုပ်နေကြတဲ့ အနုပညာရှင်တွေကို ပြည်သူအပေါင်းက လူ့အသိုင်းအဝန်းကနေ ဖယ်ကြဉ်ပြီး သူတို့အနုပညာကို လက်မခံကြတော့ပေ။ ပြည်သူနဲ့ တစ်သားတည်းရှိပြီး ပြည်သူ့ဘက်က ရပ်တည်ကြတဲ့ အနုပညာရှင်တွေကိုတော့ ဘယ်နေရာရောက်ရောက်၊ ဘယ်ကနေ ဖန်တီးပြပြ အချိန်မရွေး တအုံတခဲ အားပေးဝန်းရံကြကာ အချစ်တွေ ပိုကြတာ ဖြစ်တယ်။
ဒီရက်ပိုင်းမှာ နွေဦးတော်လှန်ရေးကာလ ပြည်သူနဲ့ တသားတည်း ရပ်တည်တဲ့ အနုပညာရှင်တွေထဲကမှ အဆိုတော်နှစ်ယောက်ရဲ့ ဖျော်ဖြေမှုကို ဆက်တိုက်ဆိုသလို ကြည့်လိုက်မိတယ်။ တစ်ယောက်က ဆောင်းဦးလှိုင်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ချင်းမိုင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပတဲ့ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်တဲ့ အခမ်းအနားမှာ လာရောက်သီဆိုတာ ဖြစ်တယ်။ သူ့သီချင်းတွေကို အခုလို ပြည်သူနဲ့ တသားတည်း အမှန်တရားဘက်က ရပ်တည်ကြတဲ့ လူတွေအတွက်ပဲ ဆိုပေးတာ ဖြစ်သတဲ့။ ဒီလိုလူတွေအတွက်ဆိုရင် အချိန်ရရင် ရသလို အပုဒ် ၄၀ လောက် ဆိုပေးဆိုလည်း ဆိုပေးနိုင်တယ်၊ မတရားတဲ့ဘက်မှာ ရပ်တည်နေတဲ့သူတွေ နားထောင်ဖို့အတွက် မဆိုနိုင်ဘူး၊ သူဆိုနေတဲ့အချိန် တိုက်ရိုက် (Live) မလွှင့်ကြဖို့ မေတ္တာရပ်ခံတယ်။ ကိုယ့်မိတ်ဆွေ၊ သူငယ်ချင်းတွေ ကြည့်စေချင်၊ နားထောင်စေချင်လို့ လူမှုကွန်ရက်မှာ တင်ချင်ရင် တစ်မိနစ်၊ နှစ်မိနစ်စာ အတိုလေး တင်ချင်တင်ပေါ့လို့ ဆိုတယ်။ အဲဒီပွဲမှာ သီချင်း ၈ ပုဒ်နီးပါး ဆိုပေးသွားတယ်၊ ပရိသတ်ကလည်း တီးလုံးအင်ထရို စဝင်တာနဲ့ သီချင်းအမည် တန်းသိပြီး လိုက်ဆိုကြတာ ကြည်နူးစရာ၊ ခန်းမတစ်ခုလုံး စိတ်အားတက်ကြွဖွယ်ရာ သီချင်းသံ၊ အတွေးအခေါ် အယူအဆဆိုင်ရာ သီချင်းသံ၊ ငယ်ဘဝလွမ်းဆွတ်ဖွယ်ရာ သီချင်းသံ၊ နိုင်ငံရေးနိုးကြားဖွယ်ရာ သီချင်းသံတွေ လွှမ်းနေပါရော။
“လောကသစ္စာ အမှန်ဆိုတာ ငုပ်လျှိုးလည်း ခဏ၊ ယုံကြည်ရာဆီ အပြုံးမပျက်သွား… စာနာစိတ်ကလေးထား… အခက်အခဲကြားမှာ မသောက်ဘူး မိုးခါးရေများ”
အဆိုတော်က မသောက်ဘူး… ဆိုကာ ပရိသတ်ကို လက်ပြလိုက်တာနဲ့ မိုးခါးရေများ… သံပြိုင်အော်လိုက်ကြတာ ဟာမိုနီကို ကိုက်လို့။ အသက် ၅၅ နှစ်ရှိပြီလို့ ပြောသွားပြီး ပရိသတ်ထဲက လူငယ်တွေအတွက် သူ့ရဲ့ နိုင်ငံရေးခံယူချက်ကို သီချင်းတစ်ပုဒ်ပြီးတိုင်း ပါးပါးလှပ်လှပ် လှစ်ပြလေရဲ့။ အင်မတန်မှ ချစ်စရာကောင်းလှတဲ့ အနုပညာနဲ့ နိုင်ငံရေး ဆေးခြယ်တဲ့ မြင်ကွင်းပါလား ကြည်နူးမိခဲ့ရတယ်။
နောက်တစ်ယောက်ကတော့ “ဖြူဖြူကျော်သိန်း”၊ မလေးရှားနိုင်ငံ၊ မလေးရှား ချင်းဒုက္ခသည်များကော်မတီ (CRC) ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားမှာ ဖျော်ဖြေနေတာကို ဗီဒီယိုလင့်ခ်တွေကနေ ကြည့်ရတာ ဖြစ်တယ်။ အဆိုပါပွဲမှာ ချင်းဒုက္ခသည်အဖြစ်ကနေ အာရှပထမဆုံး UFC ချန်ပီယံဖြစ်လာတဲ့ ချင်းတိုင်းရင်းသား Joshua Van လည်း တက်ရောက်စကားပြောတယ်။ ဖြူဖြူကျော်သိန်းက ချင်းတိုင်းရင်းသားရိုးရာဝတ်စုံကို အမြင်တစ်မျိုးဆန်းတဲ့ အဖြူရောင်ဝတ်စုံလေး ဝတ်ထားတာ အင်မတန်မှ လှပပနံရကာ ချစ်စရာကောင်းနေတော့တယ်။
Joshua Van က အဆိုတော် ဖြူဖြူကျော်သိန်းကို လှေကားအတက် လက်ကလေး ဖေးမပေးကာ စင်မြင့်ပေါ်ကို တက်လာတာကြည့်ရတာ သွေးချင်းမောင်နှမတွေအဖြစ် ပီတိဖြစ်စရာ မြင်ကွင်းပေါ့။
“ရခိုင်ရိုးမတောင်တန်းနဲ့
ဆက်နေတဲ့ ချင်းတောင်တန်း
ကုလားတန်မြစ်
မဏိပူရမြစ် စီးဆင်းရာ
ရောင်စုံပန်းများ ပွင့်ဖူးသည်
ထင်းရှူးချယ်ရီ တောင်ဇလပ်တွေ
သဘာဝ အလှဂုဏ်ဖော်
ထုတ်လျက်နေ”
ပရိသတ်တွေက “ဟေး” ခနဲ၊ ချင်းတိုင်းရင်းသားတွေရဲ့ အသည်းနှလုံးကို လှုပ်ခါလိုက်သလိုပေါ့။ ကိုယ်တိုင်လည်း အင်မတန်ကြိုက်ရတဲ့ သီချင်း၊ တေးရေး - ဆလိုင်းသောနရဲ့ “ချင်းတောင်တန်းမှ ကြိုဆိုလျက်” သီချင်း။
သီချင်းသံ ကြားသူ မှန်သမျှ မရောက်ဖူးသူကိုတောင်မှ ချင်းတောင်တန်းရဲ့ အလှတွေ ပြေးမြင်လာမိစေတာ၊ ချင်းပြည်မှာ မွေး၊ ချင်းပြည်နယ်မှာ ကြီးပြင်းခဲ့ရပြီး စနစ်ဆိုးတွေကြောင့် တစ်နေရာစီ ဝေးကာ ရောက်ကြသူတွေအဖို့ ကိုယ့်မွေးရပ်မြေကို အပြင်းအထန် လွမ်းဆွတ်သွားစေတာပေါ့။ အဆိုတော် ဖြူဖြူကျော်သိန်း သီဆိုနေတဲ့အချိန်မှာ စင်မြင့်နောက်ခံကို ချင်းတောင်တန်း၊ တောင်ဇလပ်ပန်းတွေရယ်၊ ဖြူဖြူကျော်သိန်း အသက် ၈ နှစ်အရွယ်တုန်းက ချင်းပြည်နယ် ဟားခါးမြို့ကို အလည်အပတ်ရောက်ခဲ့စဉ်မှာ ချင်းရိုးရာဝတ်စုံနဲ့ ရိုက်ကူးထားတဲ့ ဖြူဖြူ့ပုံလေးတွေရယ်ကို ပရိုဂျက်တာနဲ့ ထိုးပြီးပြတဲ့အခါ အင်မတန်မှ ချစ်စရာကောင်းလိုက်တဲ့ ပန်းချီကားတစ်ချပ်ကဲ့သို့ ထင်ဟတ်မိလေရဲ့။ ပြည်သူချစ်တဲ့ အနုပညာရှင်များနဲ့ ပြည်သူဘက်က မားမားမတ်မတ် ရပ်တည်ကြတဲ့ အနုပညာရှင်များ ဆုံကြတဲ့အခါ အချစ်တွေ ဆထက်တိုးကြတာပေါ့။
“မတရားတာကို မတရားဘူးလို့ မပြောရဲရင် ပါးစပ်ပိတ်ထားပါ။ တရားပါတယ်လို့တော့ မပြောပါနဲ့”
လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံ၊ ပြည်သူ့မိခင် ဒေါ်အောင်ဆန်းစုကြည် ပြောစကားပါ။ ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေ၊ ခေါင်းဆောင်တွေကို မတရားဖမ်းဆီးပြီး ပြည်သူ့လက်ထဲက အာဏာကို လုယူထားတဲ့ တိုင်းပြည်သစ္စာဖောက်တွေရဲ့ လုပ်ရပ်ကို မပြောရဲရင် အသာနေပါ။ တော်လှန်ရေးရဲဘော်တွေကို အပြစ်ဖို့ပြီး တိုင်းပြည်ကို ပုန်ကန်တဲ့ စစ်အုပ်စုကိုတော့ ကယ်တင်ရှင် သူရဲကောင်းလို ချီးမြှောက်ကာ ခစားနေပြီး တရားမျှတဟန် လိုက်ပါနေကြသူတွေ ကြည့်တတ်၊ မြင်တတ်၊ ခံစားတတ်ရင် ရှက်စရာပါ။
မတရားတာကို မတရားဘူးလို့ ဖွင့်ဟထုတ်ဖော်သလို တရားတဲ့ဘက်မှာ ရပ်တည်သူတွေအဖို့ အနုပညာတွေ ရှင်သန်မြဲရှင်သန်ကာ ပြည်သူတွေထံက အချစ်တွေ တိုးစေ၊ တိုးလေ၊ တိုးနေမှာပါ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar