Breaking News

မောင်ဘဦး - ခုများတော့ မြို့ကြီးလို ဓာတ်မီးရောင်မထိန်


မောင်ဘဦး - ခုများတော့ မြို့ကြီးလို... ဓာတ်မီးရောင်မထိန်

မိုးမခ ၊ ဇွန် ၅ ၊ ၂၀၂၆


(က)


အချိန်သည်ကား... သန်းခေါင်ယံမက...၊ မိုးသောက်ယံလည်းမကျ... မနက် ၃ နာရီ...။

နေရာသည်ကား... ဟိုးယခင် ကျောက်ဆောင်ဆိပ်ခေါ် သလ္လာဝတီဇက်ဆိပ်ကမ်း တာရိုးဘောင် ကျောက်လမ်းပေါ်...။

အကြောင်းအရာသည်ကား... 'ငြိမ်း-စု-စီ' နှင့် ဖမ်းဆီးခြင်းမှ မလွတ်မဖြစ် ကင်းလွတ်ခြင်းခံကြရသော ကားနှင့် ဆိုင်ကယ်များ၊ အိုးဝေသုံးဘီး၊ ဆိုင်ကယ်ဘေးတွဲများ စက်သုံးဆီ တန်းစီကြခြင်း...။

ဟိုးယခင် ဤကျောက်ဆောင်ဆိပ်မှ မြစ်အနောက်ဘက် တည့်တည့်သို့ လှေဖြင့်လည်ကောင်း၊ ဇက်ဖြင့်လည်ကောင်း ကူးဖြတ်ကာ ညောင်ပင်ကြီးဆိပ် (ကမ်း)...၊ ထိုမှသည် ချင်းတွင်းအနောက်ဘက်ကမ်းရှိ 'အလောင်းတော်ကဿပ' တောင်၊ ဘေးမဲ့ကြိုးဝိုင်းနှင့် ဆင်စခန်းသို့ ၎င်း၊ 'ရွှေလသာ-ဝါဝါဝင်း' ဖိုးဝင်း(တောင်) ဘုရားပွဲသို့ လည်းကောင်း၊ မဟာလယ်တီ အမွေအနှစ်... အမျိုးသမီးယောဂီဆောင်အဖြစ်... ပဲစင်းငုံရိုးများကို စုစည်းကာ ကာရံထားသည့် 'လက်ပံတောင်း လယ်တီဝိပဿနာတရားစခန်း' သို့ လည်းကောင်း သွားရောက်ရန် အသုံးပြုခဲ့ကြ‌ငြား... ယခုအခါ၌မူ လယ်တီဝိပဿနာသည်လည်း မဘသ-မျိုးချစ်၊ ကြံ့ဖွတ်တို့၏ အချစ်တော် ဝမ်ပေါင်တရုတ် ကြေးနီထုတ်လုပ်ရေးအောက် ပြားပြားမှောက်ကာ ကွယ်ကာပျောက်...။ ကျောက်စိုင်ကျောက်သားများကို ထွင်းကာထုကာ သဘာဝအိမ်ရာအဖြစ် နေခဲ့ပါသော ဇော်ဂျီ 'ဦးဖိုးဝင်း' သည်လည်း စခတို့၏ ဟောင်ဝစ်ဇာနှင့် ရမ်းသမ်းပစ်ခြင်း၊ စက်တပ်လေထီး လေယာဉ်တို့ဖြင့် ဗုံးကြဲခြင်းကိုကြောက်... အရွယ်တင်နုပျို မသေဆေးကို သွေးသောက်ဖို့ ဆေးကိုပင် မကြိတ်နိုင်ရှာတော့ဘဲ... ဆေးကြိမ်လုံးတောင်ဝှေးလေးကို ရမ်းကာထောက်ကာ ဘယ်အရပ် ဘယ်ရွာသို့ ကြွမြန်းသွားရှာလေသည်မသိ...။ 'မေတ္တာရေတွင်း' တည်ရှိရာ အလောင်းတော်ကဿပ တောင်မဟာသို့ သွားဖို့ရာကလည်း... လယ်ငေါက်၊ ရင်ပေါင်တိုင်၊ ဆင်စွယ်၊ ကျတက်၊ လမ်းခရီးရွာတို့တွင် 'စခတို့၏ ဝမ်ပေါင်-စစ်ကြောင်း ဝင်တတ်တယ်' ဆိုခြင်းကြောင့် 'ကဿပ-လိုဏ်ဂူပေါက်' ပွင့်တတ်သည့် တပို့တွဲလပြည့်လည်း မသွားနိုင်၊ သင်္ကြန်တွင်းလည်း မရောက်နိုင်ကြတော့ချေ...။

ယခုမျက်မှောက်ခေတ်တွင်ကား... ဆုတောင်းပြည့်ဘုရား၏ ဟိုးတောင်ဘက်... အုန်းခြံရပ်ကွက်တွင် 'အိုးရှင်းဆိပ်' ခေါ် အောက်ထပ်၌ ကားပါကင်များပါ ပါဝင်သည့် အိုးရှင်းဈေးစင်တာကြီးဘက်သို့ ဇက်ဆိပ်ပါ ရွှေ့ကာပြောင်း၊ 'အိုးရှင်းဆိပ်ကမ်း' မှ မြစ်တစ်ဖက်ကမ်း 'အိုမ-ထန်းတောရွာ' ဘက်သို့ ဆိုက်ရောက်သွားပြီဆိုသည့်အကြောင်း...။ ဤကား စကားချပ်။

မှတ်ချက်အနေအားဖြင့်... ဝတ်သောက်ကား အများဆုံးရှိကြသည့် စခ၊ ရခ၊ ပခ ကားများ...၊ ဘုန်းကြီးကျောင်းတိုက် အမည်ခံ ကားများ...၊ ပြည်သူနှင့် စခ၊ ရခ၊ ပခ တို့ တပြိုင်တည်းအကူအညီတောင်းခံမည်ဆိုလျှင် မိမိရပ်ကွက်နေ ပြည်သူကိုပစ် စခ၊ ရခ၊ ပခ လက်နက်ကိုင်ကိုသာ ချစ်သည့်သဘော... 'ဝေါ' ခနဲ မဆိုင်းမတွ ဆောင်ရွက်ပေးတတ်ကြသည့် အချို့အချို့သော လူမှုကူညီရေးအမည်ခံ... ဖော်လံဖား အသင်းကားများသည်လည်း အထက်ပါ တန်းစီကြရာ၌ မပါဝင်...။

၎င်းတို့သည်ကား အထူးအခွင့်အရေးတရပ်အဖြစ် တန်းစီ ဆီတိုးရန်မလို...။ စက်ဆီ ထည့်လိုသည့် မည်သည့်အချိန်မဆို စက်သုံးဆီအရောင်းဆိုင်သို့သွား... ကြားဖြတ်၍ ထည့်ပေးပါမည်လေ။

မောင်ဘဦးသည်ပင် တလောက ဆီကုန်ခါနီး၍ စိတ်ပျက်လက်ပျက် ဟိုက်ဂျက်ကားလေးနှင့် ယောင်လည်လည် ထွက်၍အလာ... ခေတ္တခဏ ဒုလ္လဘဝတ်နေပါသော ရပ်ကွက်ထဲမှ အရက်သမားဒုလ္လဘရဟန်းနှင့် လမ်းမှာ ဆုံတွေ့လေ၏။ ထိုဒုလ္လဘပုဂ္ဂိုလ်၏ ဘယ်ညာလက်နှစ်ဖက်တွင်ကား စတီးချိုင့်ကြီးများကိုဆွဲလျက် မောင်ဘဦးကို ကားနှင့်လိုက်ပို့ရန် ပြောလေ၏။ ကားပေါ်တက်ပြီးလျှင် ဆီဂိတ်ကိုကြည့်ကာ စက်ဆီဆိုင်သို့ အရင်ဦးစွာ သွားခိုင်း၏။ "...ဆွမ်းချိုင့်ယူလား အရှင်ဘုရား..." ဟု ပြောဆိုရင်း တစ်ခါတည်း ဆီထည့်ပေးလိုက်လေ၏။ ကားတွင် ကျောင်းတိုက်အမည် စတစ်ကာ မပါသော်ငြား၊ သင်္ကန်းဝါဝါ ဒုလ္လဘအရှင်ဘုရားကြောင့် အိပ်ရေးအပျက်ခံ တန်းစီသမှု မပြုရဘဲ ဓာတ်ဆီ ရခဲ့ဖူးပါလေ၏။

စခ၊ ရခ၊ ပခ တို့၏ ဝတ်သောက်ကားများ၊ လူမှုကူညီရေး ဝတ်သောက်ကားများ၊ ဘုန်းကြီးကျောင်းအမည်ပါ အဝါရောင်နံပါတ်ပြား နံပါတ်အတု တပ်ထားသော ဝတ်သောက်ကားများချည်းသာလော...။

မဟုတ်ပါ... မကသေးပါ...။ ကျန်ပါသေးသည်။ ထိုသူတို့သည်ကား... ရုံးတံဆိပ်ရိုက်ထားသော တိုကင်လေးပြ၍ ဝင်လာသော...၊ ရုံးယူနီဖောင်းကို ရုံးရောက်မှသာ ပြောင်းလဲဝတ်ဆင်ရဲသော...၊ နမ်းသည်မနမ်းသည်ကိုတော့ဖြင့် မသိရပါသော...၊ စီဒီအမ်ကုဒ် ပိုင်ဆိုင်သူမပိုင်ဆိုင်သူဟူ၍ မသိနိုင်ပါလေသော...၊ ဌာနဆိုင်ရာလား မဆိုင်ရာလားတို့၏ ကားများ ဆိုင်ကယ်များ ပါပေတည်း။

အထက်ဖော်ပြပါ... အချိန်၊ နေရာ၊ အကြောင်းခြင်းရာတို့ဖြင့် အသီးသီး အသကအသက တန်းစီရပ်ပြီးသကာလ... ကားဆရာအချို့သည်ကား ကားခန်းထဲ၌ပင် ၎င်း၊ လိုက်ထရပ်၊ ခွေးဘီလူး၊ ဟိုက်ဂျက် စသည့် ကားဆရာတို့သည်ကား အသင့်ယူဆောင်လာသော ခြင်ထောင်ကို ကားနောက်ခန်းတွင် ထောင်၍ ၎င်း၊ တစ်မှေးနှစ်မှေး မှေးစက်ကြလေ၏။

အိုးဝေ၊ ဆိုက်တွဲ၊ သုံးဘီးဆိုင်ကယ်ဆရာများနှင့် အချို့သော ကားဆရာတို့သည်ကား မိမိတို့၏ တန်းစီထားသည့်နေရာ သူတစ်ပါးဝင်ရောက် ကြားထိုးမည်ကို စိုးရိမ်၍လား...၊ မနက် လင်းလာသည်နှင့် အခန့်သား ရောက်ရှိလာကြမည့် ၎င်းတို့၏ မိတ်ဆွေအတွက် နေရာမှတ်ထားသည်ကို ပျောက်မည်စိုး၍လားတော့ မသိ... အိပ်စက်သမှု မပြုကြပါလေ...။ သလ္လာဝတီမည်တွင် သတ်မှတ် ချင်းတွင်းမြစ်ဘက်သို့ ကပ်၍... 'မုံရွာမြို့' ၏ စည်ပင်နယ်နိမိတ်အဖြစ်ဖြင့် ၎င်း...၊ ကျန်းမာ စီးပွား ဘိုးဘွားမိဘ သားရေးသမီးရေးကိစ္စအဝဝ... လုံးဝလုံးဝ မပူမပင် မကြောင့်ကြရသော မြို့တော်နေ ပြည်သူများ အနားယူအပန်းဖြေ လတ်ဆတ်သန့်ရှင်း လေညင်းခံရန် ၎င်း... ခြံစည်းရိုးခတ် ပြုလုပ်ပေးထားဟန်တူသည့် မြစ်ကမ်းဗျူးပွိုင့် လက်ရန်းသံပိုက်လုံးပေါ်တွင် တက်ထိုင်၍ တစ်မျိုး၊ ကျောမှီမတ်တတ်ရပ်၍ တဖုံ... အချို့မှာ ပုဆိုးအပိုကို တဖတ်ဖတ် တဖျပ်ဖျပ် ခြင်ယပ်၍ တနည်း... အသီးသီး ရှိနေကြရင်းမှ... အကြောင်းအရာခေါင်းစဉ် အမျိုးအမည်ပေါင်း စုံစုံလင်လင် ရောက်တတ်ရာရာများကို ကျယ်လောင်ကျယ်လောင်ဖြင့် တမျိုး၊ တီးတိုးတီးတိုးဖြင့် တဖုံ ပြောဆိုလျက် ရှိနေကြလေ၏။

ယာဉ်နံပါတ် စုံဆိုလျှင် စုံ၊ မဆိုလျှင် မ၊ တရက်ခြား တခါ တွေ့ဆုံနေကျ ဒုက္ခခံနေကြရသူအချင်းချင်း ရင်းနှီးကျွမ်းဝင် ပြောဆိုနှီးနှော တိုင်ပင်နေကြသည်များထဲမှ... ရန်သူမျိုးငါးပါး အဝင်အပါ မဟုတ်ရှာလေသည့် 'မီး' ခေါ် 'လျှပ်စစ်မီး' အကြောင်းကို တစေ့တစောင်း တင်ပြလိုက်ရပါသတည်း...။

(ခ)

"...အခု မီးတွေ ပြန်မှန်နေပြန်ပြီဗျ...။"

"...ကျုပ်တို့အညာမှာ သားရှင်ပြုအလှူတွေမှာ ဆန်တွေ၊ ကြက်သွန်တွေ စင် (သင်) ကြတဲ့အခါ... ဆန်ထဲမှာပါတဲ့ မကောင်းတဲ့ ခဲတွေ၊ ဆန်သိမ်ဆန်ဖျင်း ပိုးထွေးဆန်တွေ၊ စုန်းပြူး‌တွေကို သေသေချာချာ ရွေးကောက်ပြီး လွှင့်ပစ်...။ အဲ... အဲ... 'ရွေးကောက်ပြီးပစ်သင့်တဲ့ ပွဲ' မတိုင်ခင်က မီးမှန်နေတာ။ 'ရွေး-တု' လည်းပြီးရော ပျက်သွားလိုက်တဲ့ မီးဗျာ...။ ဆယ်ရက်ကျော်တယ်။ ဟို ခရိုနီလား ဘာနီတုန်း... အလှူရှင်က မီးစက်ကြီးကို ၁၂ ဘီးကားကြီးနဲ့တင်ပြီး ရပ်ကွက်တွေကို လှည့်ပြီး အလှည့်ကျ နာရီနဲ့ မီးပေးသဗျ...။ အဲဒီနောက်... ပြန်လာပြန်ရော...။ တစ်လောက တစ်ခါ ပြန်ပျက်သွားပြန်ရော...။ ဟော... အခု မှန်နေပြန်ပြီ...။ ဘယ်နေ့ ပျက်မယ် မသိတာပဲ...။"

"...မီးလင်းကောင်... အဲ အဲ... လူကြီးတစ်ကောင်ကောင်... အဲ... ဟို ဟို... 'ဗွီအိုင်ပီ' ရောက်နေလို့ မီးလာတာနေမှာဗျ...။"

"...ဒါမှ 'အီး-ဗွီ' ဆိုလား...၊ 'လျှပ်စစ်ကား' တွေ တင်သွင်းသူအတွက် အဝယ်တွေ များလာမှာပေါ့...။ စကားမစပ်... လျှပ်စစ်ကား သွင်းတာက 'သူ့သား' ဆိုလား...။"

"...အမှန်တော့ လျှပ်စစ်မီးက ပေးနိုင်လောက်ပါတယ်ဗျာ...။ သက်သက်မဲ့ လုပ်နေကြတာ...။ ပေးတော့ သူတို့ ပိုက်ဆံ ရတာပေါ့။"

"...'ဆိုလာတွေ ရောင်းကောင်းအောင်' မီးဖြတ်တယ်လို့လည်း တချို့ ပြောကြသဗျ...။ ဆိုလာတင်သွင်းခွင့်ရတဲ့သူက 'သမ္မတတု' ရဲ့သားပဲလေ...။"

"...ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာတိ...၊ ငါ့ကိုယ်-ငါ့ဟာ-ငါ့ဥစ္စာကို စွဲလမ်းမှုမှာ အတော်အတ္တအားကြီးတဲ့ ဒေါ်စိန်အေး သားတွေပါလားနော်...။"

"...ကျုပ်တို့ရွာတွေဘက်ဆီဖြင့် မီတာခ မရလို့ မီးဖြတ်ပစ်သတဲ့။ မီးဖြတ်တာ နှစ်ပတ်တောင် ကျော်ပြီဗျ...။ 'ဖုန်းအား' ကိုတောင် ဘုန်းကြီးကျောင်း ရေတင်တဲ့အချိန် သွားသွားသွင်းရသဗျ...။ ပုဂ္ဂလိက မီးစက်တွေနဲ့တော့ အငှားလိုက်ပြီး ရေတင်ကြတာ ရှိသဗျ၊ စက်ဆီဈေးက ခေါင်ခိုက်နေတော့ ဖုန်းတစ်လုံးသွင်း ၄၀၀ ဆိုလား ၅၀၀ ဆိုလား...။"

"...မီတာခက သူတို့ လာမကောက်ရဲလို့ မရတာလေ...။"

"...မီတာခ လာမကောက်ရဲတာက ထားတော့...။ မီးရှို့ခံရလို့ မီတာဘောက်စ်တွေ မီးထဲ ပါသွားတာ တက်တက်စင်...။ ဘာသွားဖတ်မလဲဗျာ...။"

"...ဒါနဲ့ ဒီလ မီတာခ ဘယ်လောက်ကျလဲဗျ...။"

"...တသောင်းအောက်ပါပဲ...။"

"...ကျွန်တော်ဖြင့် မီတာဘောက်စ် မလည်လို့ 'လာစစ်ကြည့်ပေးပါဦး' လေး ပြောမိလို့ လာကြည့်ပြီးတော့ ၄ သိန်းကျော် ကျသတဲ့ဗျာ...။ အခုတော့ ပုံမှန် တစ်သောင်းလောက်ပါပဲ...။"

"...ကျွန်တော်လည်း မထူးဘူး၊ သွားဆောင်လိုက်ရတယ်...။"

"...ဘယ်လောက်ကျလဲ...။"

"...အမယ်လေး... အားလုံး စောစောက စပြီးဆောင်လိုက်ရတာ သိန်း ၂၀ ကျော်တယ်ဗျို့။ ဖေဖော်ဝါရီလက ကြွေးကျန် ယူနစ် ခုနစ်ထောင် အကြွေး။ အဲဒါအားလုံး သိန်း ၂၀ ကျော်တယ်။ ခုကျတော့ လေး ငါးထောင်... တသောင်းလောက်တော့ ကျတယ်...။ နောက်မှ ဘယ်လိုကောက်... အဲ... လာတော့ မကောက်ဘူးဗျ၊ ကိုယ်လည်း အသုံးနည်းသွားတာပေါ့။ အရင်ကတော့ သားသမီးတွေကစ မီးလာ လာသလို အဲယားကွန်းတွေဖွင့်... အခုတော့ အထာပေါက်ကုန်ကြပြီ၊ ယပ်တောင်ပဲ ခတ်နေလိုက်တော့တယ်."

"...စဆောင်ခါစက ၃ သိန်းအောက်...။ သက်သာတာဟာ... ၄-၅ နှစ်အတွင်း ဘာမှမကျပါလားလို့တောင် အောက်မေ့မိသေး။ အဲဒီနောက် ကျန်တဲ့လ ၈ ထောင် - တစ်သောင်း... အဲလိုလေး...။ နောက် ယူနစ် ခုနစ်ထောင် အကြွေးကျန်ဆိုပြီး ထွက်လာပါရောဗျာ...။ အဲဒါကိုမှ တစ်လချင်း ယူနစ်တစ်ထောင်၊ ယူနစ်တစ်ထောင်... သိန်းခြောက်သောင်း၊ သိန်းခြောက်သောင်း ၂ ခါ ဆောင်ပြီးတော့... နောက် ဖေဖော်ဝါရီလ ဆိုပြီးတော့၊ နောက်ဟာတွေ မဆောင်ရင် တစ်ယူနစ် ၃၀၀ ကောက်မှာ... ပုဂ္ဂလိက လွှဲသလိုလိုနဲ့ ဆောင်လိုက်ရတာ ၁၅ သိန်း...။"

"...အဲဒါတွေဆောင်ပြီးတဲ့နောက်ပိုင်း ခုတော့ သိပ်တော့မကျလှဘူးဗျ၊ သိပ်လည်း မသုံးရဲတော့ဘူးလေ။ သားသမီးတွေလည်း အဝေး ရောက်ကုန်ပြီ...။"

"...ကျွန်တော်ဖြင့် သွားဆောင်ခါစက အပုံတွေထဲ ရှာလိုက်ရတာဗျာ...။ အရင်ရက်က လျှပ်စစ်မူရင်းကို မိတ္တူကူးပြီးတင်ခဲ့ရတာ၊ ဘယ်နေ့မှ လာကြည့် ဆိုပြီးမှာလိုက်တာ...။ သူ့ရပ်ကွက်နဲ့သူ ပုံထားတာတဲ့၊ ရှာလိုက်ရတာလေ။"

"...ဒီနေ့ ဆူးလေကုန်းရပ်ကွက် ဗဟိုမီးသတ်နားတဝိုက် မီတာတွေ လိုက်ဖတ်နေသဗျ၊ ရုပ်တွေကြည့်ရတာ ပျူတွေနေမှာ...။"

"...မီတာခက ထားပါတော့။ မီးပျက်တာကြာရင် ဆားဗစ်ကြိုးတွေ ဖြတ်ခိုးခံရတာ ဆိုးသဗျာ...။ ဖြတ်အခိုးခံရတဲ့ အိမ်နီးချင်း လေး ငါးအိမ် စုပြီး ဆားဗစ်ကြိုးအသစ် ဝယ်တပ်ရတာ တစ်အိမ် ၄-၅ သိန်းလောက် ပြုတ်သွားကြရသဗျို့။ ဒါ... မြို့ထဲမှာနော်။ သူခိုးလက်သင့်ခံတွေကလည်း ဝယ်ရက်လိုက်ကြတာဗျာ"

"...ကျုပ်တို့ မြစ်အနောက်ဘက်ကမ်းမှာတော့ စစ်ကြောင်းထိုးလို့ ထွက်ပြေးနေကြတုန်း အိမ်ထဲထိ ဖျက်ဝင်ပြီး ပစ္စည်းတွေ ယူရုံနဲ့ အားမရ... မီးကြိုးပါ ခိုးသဗျ...။ ခိုးတာမှ ဆားဗစ်ကြိုးတင်မကဘူးဗျ...။ အိမ်မှာရိုက်ထားတဲ့ မီးကြိုးတွေပါ ခွာခိုးသဗျား...။ အမယ်...၊ ခိုးပုံက ဝါယာတွေကို စိမ်ပြေနပြေ နွှာယူသွားသဗျ...။ ကြေးကြိုးချည်း နွှာယူပြီး အပြင်ဘက်က ဝါယာအခွံတွေကျတော့ အိမ်ဝင်းထဲတင် ပစ်ထား‌လိုက်သေးဗျား"

"...ကျုပ်တို့ ရွာတွေဘက်မယ် မီတာခ မရလို့ မီးဖြတ်လိုက်တာ အတော် 'အထိနာ' သဗျာ...။ အစတော့ မီးပြန်ပေးနိုး ပြန်ပေးနိုးနဲ့ လက်ကျန် ရေကျန်ရှိတာလေးတွေနဲ့ ဖြစ်သလို နေကြသေးတယ်...။ နောက်တော့ ‌သောက်ရေပါ ပြတ်လာတယ်လေ။ တတ်နိုင်တဲ့သူတွေက ဆိုလာတွေ ဝယ်တပ်ကြသဗျ။ ဆိုလာကလည်း ရေတင်-မီးထွန်းဆို ၈ ချပ်လောက် လိုသတဲ့။ သိန်းတစ်ရာ၊ တစ်ရာ့ငါးဆယ်လောက်ပေါ့ဗျာ။ ဘက်ထရီမပါ ရေတင်ဖို့သက်သက်အတွက် ဆိုလာတောင် ငါးဆယ်-ခြောက်ဆယ်လောက် ကျတယ်ဆိုပဲ...။"

"...တချို့ရွာတွေမယ် ဘုန်းကြီးတွေ...၊ စခ၊ စရ တို့နဲ့ ပလဲပနံသင့်တဲ့သူတွေကတော့ သွားညှိကြတယ် ကြားတယ်...။"

"...ဘာညှိတာလဲဗျ...။"

"...မီးပြန်တပ်ပေးအောင်ပေါ့ဗျာ...။ ပိုက်ပိုက်နဲ့ ညှိကြမှာပေါ့လေ...။"


(ဂ)

'အာဘန်' ခေါ် မြို့နေလူတန်းစား...၊ မီတာခ မဆောင်လျှင် မီးဖြတ်မည့် လေသံကိုကြား... သိန်းလေး ငါး ခြောက်ဆယ် တစ်ရာနှစ်ရာ... ရှာကြံ ငွေသွင်း...။ မီးလင်းဖို့ အားထုတ်...။ ၎င်းတို့ထုတ်‌သော 'အား' တွေအကုန် စစ်အုပ်စု အသက်ဆက်ဖို့... စစ်အာဏာရှင်မျိုးဆက် မပြုတ်ဖို့အတွက်သာ...။

'ရူရယ်' ခေါ်  တောနေလူတန်းစား...၊ မဲဆန္ဒရှင်အားလုံး၏ ၇၀% သည်ကား... စစ်အုပ်စုကို ကြံ့ကြံ့ခံအန်တု...၊ ပြာပုံဘဝအထိ မမှု...။ သည်လို ဒုနဲ့ဒယ်နဲ့ အုံနဲ့ကျင်းနဲ့ အားကောင်းတဲ့ရွာတွေ... အညာ နေပူကြီးထဲလည်း ပြေး...။ သဲကြီးမဲကြီး အညာမိုးထဲလည်း ပြေး...။ အဖြူစောင် ခေါက်ထည်ကြမ်းလေးပင် မယူနိုင်အောင် မေးခိုက်ခိုက်တုန် အညာဆောင်းတွင်းကြီးထဲ၌လည်း ပြေး...။ မီးရှို့လိုက်သေး...၊ ဗုံးကြဲလိုက်သေး...။ သည်ကြားထဲ မီတာခ မရ... မီးဖြတ်ပြ...။

စစ်အုပ်စု၏ 'ရန်-ငါ' ပြတ်သားမှုသည်ကား 'ပိုက်ဆံမရ-မီးဖြတ်တယ်'...။ 'ရန်သူ ဖမ်းမိ - စစ်ကြောရင်း သေဆုံးတယ်'...။

မိမိတို့ဘက် 'ရန်-ငါ' ပြတ်သားမှုကတော့... တာဝါတိုင်ဖြိုလှဲဖို့ကိုပင် ရွာနာမှာလား ဘာလား... အကြိတ်အနယ်... အော်ကြီးဟစ်ကျယ် ခွန်းကြီးခွန်းငယ်...။ ဓာတ်တိုင်လှဲဖို့ကိုပင် အထက်စာတင်၊ အောက်ပြန်တင်... အကြိတ်အနယ် ဆွေးနွေးတိုင်ပင်...။ တောင်းပန်ကြရတာကပင် ပိုသေးတော့။

ယခု ကျေးလက်လျှပ်စစ်မီးကိစ္စ...။ ယော(ဘုန်းကြီး) တချို့ ကပ်ဖားတချို့... လိုက်၍ ညှိနှိုင်းနေလေသည်ဆိုတော့...။

အမှိုက်ကစ ပြာသာဒ်တော့ 'မီး' မလောင်စေချင်။ စစ်အုပ်စု ဒေါက်တိုင် စီးပွားရေးပစ်မှတ်ဟူသမျှကို ပိတ်ဆို့နိုင်ဖို့... စစ်တပ် ထုတ်ကုန် အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကားအသင်း စသည်တို့ကို ပိတ်ကြဆို့ကြငြား 'လျှပ်စစ်မီး' ကိုမူကား... သူ့ဘက်-ကိုယ့်ဘက် မသုံးစွဲရလျှင် မနေနိုင်...။ လျှပ်စစ်ထမင်းအိုး အားအလွန်ကိုး...။ ထင်းမီးဖိုလေးကိုပင် မီးမမွှေးတတ်ချင်တော့...။

သုခိတာ ဟောထ၊ နွေဦးသူရဲကောင်းအပေါင်း ကျန်းမာချမ်းသာကြပါစေ...။

မောင်ဘဦး 

(၁၃၈၈ - ယုန်ဆန်း ၄)



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar