သင်းယသော် - တိမ်ထက်ပေါ့သူများ
တိမ်ထက်ပေါ့သူများ
သင်းယသော်
(မိုးးမခ) ဇွန် ၅၊ ၂၀၂၆
တနေ့က မတွေ့ရကြာပြီဖြစ်တဲ့အသိတယောက်နဲ့ စကားပြောခဲ့ရပါတယ်။ သူကတော့ စစ်ဘေး ဒဏ်အနည်းဆုံးခံရတဲ့နေရာသို့ ပြောင်းရွေ့ခဲ့တာကြာပြီမို့ အဆင်ပြေနေသူတစ်ယောက်ပါ။ သူနဲ့ရောက် တတ်ရာရာ လေပန်းရင်း ကျွန်မတို့ဒေသရဲ့အခက်အခဲတွေကိုပြောပြမိပါတယ်။ အဲဒီမှာ သူက ကျွန်မကို အခက်အခဲအကျပ်အတည်းကျော်လွှားနိုင်ဖို့ နည်းလမ်းပေးပါတယ်။ သူ့စကားက ကျွန်မအနေနဲ့ သုံးလေးလ အဓိဋ္ဌာန်ဝင်ပြီး နေ့စဉ်ရက်မပျက်ဝတ်ပြုဆုတောင်းမယ်ဆို ဆန္ဒတွေဖြစ်လာမယ်လို့ ဆိုပါတယ်။ သူ့စကားကို ကျွန်မ အင်းလည်းမလုပ်သလို အင်လည်းမလုပ်ခဲ့ဘူး။ စိတ်ထဲမှာတော့ သူဟာ ဗုဒ္ဓထံနေ့တိုင်းရောက်ပေမယ့် ဗုဒ္ဓနဲ့ဝေးနေသူပါလားလို့ တွေးမိခဲ့ပါတယ်။ ဒီမှာတင် ဆရာမောင်ပြည့် လှိုင်း(သံတွဲ)ရဲ့ ဤမြေဝသုန် ဆိုတဲ့ကဗျာထဲက နေမင်းကြီးကိုသတိ ရသွားမိတယ်။ ဤမြေဝသုန် ကဗျာထဲမှာ လူ့ဘုံလောကကို သစ်ပင်ပန်းမန်တွေနဲ့အလှဆင်ထားပေမယ့် အလင်းရှင်နေမင်းကြီးက သူရဲ့ရောင်ခြည်ကွန်ယက်ဖြန့်ကြည့်လိုက်တဲ့အခါ မာယာလူ့ဘုံမှန်းသိသွားပြီး ပြုံးစိစိ ဖြစ်သွားရပါတယ်တဲ့။ ဒီလိုပဲ ကျွန်မလည်း လူ့သဘာဝတစ်ခုတွေးမိပြီး ပြုံးစိစိဖြစ်သွားရပါတယ်။ တဆက်တည်းမှာပဲ ကျွန်မဟာ သိဖူးကြားဖူးတဲ့အရာသုံးခုကိုဆက်စပ်တွေးတောမိသွားရပါတယ်။
ကျွန်မတွေးမိသွားတဲ့အရာထဲကတစ်ခုက စာရေးဆရာမကြီးဒေါ်ခင်နှင်းယုရဲ့စကားပါ။ " ကိုယ့်နေရာလေးကွက်အေးရုံနဲ့ နွေကိုပူတယ်လို့ မထင်ဘူးလား" ဆိုတာပါပဲ။ ဒီစကားကိုအနှစ်ချုပ်ရင် ကိုယ်ချင်းစာတရားလို့ ဆိုရလိမ့်မယ်။ အဲကွန်းအခန်းမှာနေတာကြာရင် ပြင်ပအပူရှိန်ကိုမေ့သွားတတ်တာ ဖြစ်နိုင်ပါတယ်။ အရိပ်ထဲနေဖန်များရင် နွေနေပူကို မေ့သွားတတ်တာလည်း ဖြစ်တတ်တဲ့သဘာဝတခုပါ။ ကျွန်မတို့လူသားတွေဟာ ကောင်းတဲ့အရာနဲ့ဆိုနေသားတကျဖြစ်လွယ်တတ်ကြတယ်မဟုတ်လား။ နေရိပ်အလာ နေပူကစောင့်ဆိုပေမယ့် တကယ့်တကယ်တော့ ဘယ်သူမှ နေပူမှာ အပူခံပြီးနေချင်ကြမယ်မထင်ပါဘူး။ အခြေခံလိုအပ်ချက်ပြည့်စုံပြီး ဘေးကင်းလုံခြုံနေသူအဖို့ တစုံတရာကို မျှော်လင့်ပြီး ဝတ်ပြုဆုတောင်းဖို့ ယုံကြည်စိတ်ရှိကောင်းရှိနိုင်ပါတယ်။ ဒီလိုလူတွေကတော့ ထိပ်ပိုင်းမှာ လက်တစ်ဆုပ်စာရှိပြီး အခြေအနေမပျက်သေးသမျှ ယုံကြည်ရာကိုမျှော်လင့်ဖို့ စိတ်ကူးနိုင်ပါလိမ့်မယ်။
ကျွန်မတို့ အောက်ခြေ (basement )မှာရှိနေသူတွေအဖို့ အဆင်မပြေမှုတွေနဲ့ အိပ်ရာကထပြီး သက်ပြင်းတွေချပြီး အိပ်ယာဝင်ရတာမို့ တခါတရံ ဗုဒ္ဓကိုတောင်မေ့လျော့သွားပါတယ်။ ဒါဟာ နားဝင်မချိုတဲ့ဘဝထဲက အမှန်တရားတခုပါ။ လုပ်ကိုင်စရာရှားပါးခြင်း၊ ရှိနေတဲ့အလုပ်ရဲ့ လုပ်ခလစာက ကုန်ဈေးနှုန်းတစ်ဝက်လောက်သာမီခြင်း၊ ရလာမယ့်လုပ်ခမျှော်ရင်း နေ့စဉ်ရက်လိုအပ်ချက်အတွက် အကြွေးတက်ခြင်း၊ ရုန်းကန်လှုပ်ရှားနေရပေမယ့် ဘေးကင်းလုံခြုံမှုမရှိလို့ စိုးရိမ်နေရခြင်း စတဲ့ များလှစွာသော သံသရာဝဲဩဃထဲမှာ ဆုတောင်းအဓိဋ္ဌာန်လို့သာဖြစ်လာမယ်ဆို လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ဒီစစ်ပွဲကြီးနဲ့ စစ်ပွဲဘေးထွက်ဆိုးကျိုးတွေအပြီးသတ်ဖို့ ဆုတောင်းပွဲကြီးလုပ်ကြရမှာပါ။ ဒီနေရာမှာ ကျွန်မအနေနဲ့ ဘာ သာရေးကို ကရော်ကမည်လုပ်တာမဟုတ်ပါဘူး။ ဗုဒ္ဓကိုယ် တိုင်သက်ရှိထင်ရှားရှိတုန်းကလည်း ရောဟီနီမြစ်ကမ်းထိသွားပြီး စစ်ပွဲမဖြစ်အောင် တားခဲ့ဖူးတယ်မဟုတ်လား။ ဗုဒ္ဓရဲ့ ဓမ္မဟာ လက်တွေ့ကျပါတယ်။ ဒုက္ခမရချင်ရင် မစွဲလမ်းနဲ့၊မလိုချင်နဲ့ တဲ့။ စွဲလမ်းရင်၊ လိုချင်ရင် ဒုက္ခရမှာပဲ။ ဒုက္ခကိုအမြစ်ဖြတ်ဖို့ ဆုတောင်းလို့ရတယ်လို့ မဆိုဖူးပါဘူး။ တောင်ထိပ်ရောက်နေသူဟာ သူမြင်ရတဲ့အရာတွေ တောင်ခြေကလူလည်းမြင်ရမယ်လို့ တွေးထင်လို့မရပါဘူး။ ဆန်အိုးမှာဆန်မရှိသူတယောက်အတွက် ဆန်ရဖို့ လက်တွေ့အကျဆုံးနည်းက ရတဲ့အလုပ်လုပ်ရုံပါပဲ။ ဒီကနေ့ ကျွန်မတို့ဒေသမှာ စားဝတ်နေရေးတစ်ခုတည်းမဟုတ်ဘဲ ကလေးတွေရဲ့ပညာရေးဟာလည်း မျှော်လင့်ရာမဲ့နေတုန်းပဲ။ ကိုယ်ထူကိုယ်ထ စနစ်နဲ့ လခကောက်ပြီး စာသင်ကြပေမယ့် ကျောင်းလခအနည်းငယ်ကိုတောင် မှန်မှန်မသွင်းနိုင်သူတွေ အများကြီးပါပဲ။ စာသင်ပေးတဲ့ဆရာ၊ဆရာမတွေက လုပ်ခလစာအနည်းငယ်ကိုမျှော်၊ ကျောင်းသားမိဘတွေကလည်း လခသွင်းနိုင်ဖို့ အလုပ်အကိုင်ကောင်းဖို့မျှော် ၊ ကျောင်းသားတွေကလည်း သူတို့အတွက် တိကျတဲ့ပညာသင်စနစ်ရှိဖို့မျှော် ဒီလို
အမျှော်သံသရာဟာ တဝဲလည် လည်ရင်း ရာသီတွေသာရွေ့သွားခဲ့ပါတယ်။ ကျွန်မတို့ အောက်ခြေ လူထုဟာ ဘာကိုမျှော်လင့်ပြီး ဆုပ်ကိုင်ထားရမှန်းမသိဘူး။ ဘာကိုမကျေနပ်လို့ ဟစ်အော်ရမှန်းမသိတော့ပါဘူး။ မိတ်ဆွေရဲ့စကားကိုပြန်ကောက်ရရင် ကျွန်မကတော့ ဒုက္ခတွေကို ရင်ဆိုင်ဖို့ လက်တွေ့ကျတဲ့ကာယကံမေတ္တာကိုသာ လုပ်ဆောင်မှာဖြစ်ပြီး ဝတ်ပြုဆုတောင်းမှုကိုတော့ အရိပ်ထဲကလူတွေသာလုပ်ကြပါစေလို့။
ကျွန်မသတိရသွားမိတဲ့ ဒုတိယတစ်ခုကတော့ ပြင်သစ်ပြည်က ဘုရင့်မိဖုရား မာရီအင်တွိုင်းနက်ပါပဲ။ ပြင်သစ်ပြည်သူတွေ စားစရာမရှိလို့ ဆူကြပူကြတာကိုမြင်တဲ့ မိဖုရား မာရီအင်တွိုင်းနက်က ဘာဖြစ်လို့ဆူနေကြတာလဲလို့မေးသတဲ့။ မှန်လှပါ၊ ကျွန်တော်မျိုးတို့ စားစရာပေါင်မုန့်မရှိလို့ပါဆိုတော့ တယ်မိုက်တဲ့လူတွေပဲ၊ ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပါလား လို့ ပြောဖူးသတဲ့။ ဒါဟာ တဆင့်စကား (hearsay ) တခုသာ ဖြစ်တယ်လို့ ပြင်သစ်မှာနေသူတယောက်က ကျွန်မကိုပြောဖူးတယ်။ ဒါပေမယ့် ဒီအကြောင်းလေးဟာ အတော်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဆီးသီးသည်မ မဗျိုင်းတောင် သူ့ဘဝမေ့သွားသေးတာပဲ။ မာရီအင်တွိုင်းနက်လိုအရာရာပြည့်စုံနေသူတယောက်အဖို့ ပြည်သူလူထုဘဝကို ဘယ်သိနားလည်ပါ့မလဲ။ ပြင်ပအစွန်းအဖျားမှာ ရုန်းကန်နေကြရတဲ့ လူတွေဘဝကို အိမ်ကြီးရခိုင်မှာနေ စားဖွယ်သောက်ရာအစုံစားနေကျလူတစ်ယောက်က ဘယ်လိုကိုယ်ချင်းစာတတ်ပါ့မလဲ။ ဒါပေမယ့် တိုင်းသူပြည်သားရဲ့ ဖခင်မိခင်လုပ်တဲ့ ဘုရင်၊မိဖုရားတွေဟာ ပြည်သူလူထုကိုရင်ဝယ်သားလိုမစောင့်ရှောက်နိုင်ဘဲ ပြာသာဒ်ဘုံပျံမှာ ဇိမ်ခံဖို့တခုတည်းသာ လုပ်နေရင် သူတို့ရဲ့တည်ရှိမှုဟာ အသံသာရှိ အဆန်မရှိ ဆိုသလိုဖြစ်နေမှာမဟုတ်လား။ အဲကွန်းခန်းထဲက လူတယောက်ဟာ မိုးမရွာလို့ နယုန်လနေပူပြင်ထဲ ထွန်ထယ်ရုန်းဖို့ ပြင်ဆင်နေရသူ လယ်သမားတယောက်ရဲ့ ရင်ထဲ ဝင်ကြည့်ဖူးမယ်မထင်ဘူး။ မိဘတွေရဲ့ ဆန်အိုး ဆီအိုး မပြည့်လို့ ရရာအလုပ်ဝင်ပြီး လုပ်နေရတဲ့ အထက်တန်းအရွယ်ကလေးတစ်ယောက်ကိုအဆင့်မြင့်ပညာရေးအကြောင်းဟောပြောနေတာထက် ကျောင်းတက်နိုင်အောင်ကူညီပေးတာကမှ လက်တွေ့ကျပါဦးမယ်။ ကျွန်မတို့မှာ မေတ္တာလို့ဆိုလိုက်ရင် ကာယကံမေတ္တာ၊ဝစီကံမေတ္တာ၊မနောကံမေတ္တာရှိတယ်မဟုတ်လား။ ဒုက္ခအကျပ်အတည်းတွေ့ သူကို စိတ်ခွန်အားဖြေသာစရာစကား ပြောပေးတာဟာ ဝစီကံမေတ္တာပါ။ ဆန်မရှိသူကို ဆန်ရဖို့အလုပ်အကိုင်ဖန်တီးပေးတာ ကာယကံမေတ္တာပါ။ မေတ္တာဆိုတာ သူတပါးအကျိုးလိုလားတဲ့ မိတ်ဆွေစိတ်ဓာတ်ပါပဲ။ အဲဒီစိတ်ဓာတ်ဟာလည်း ပုံသေမကျဘဲ အချိန်အခါနဲ့ဆီလျော်အောင် လက်တွေ့ဆန်မှသာ တစ်ဦးကိုတစ်ဦး ကူညီရာရောက်မှာပါ။ အစမှာပြောခဲ့သလို ပေါင်မုန့်မရှိသူကို ကိတ်မုန့်စားပါလားလို့ ကိုယ့်နေရာကနေ မတွေးဘဲ သူ့နေမှာ ငါသာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်အစစ်အမှန်ထားနိုင်ဖို့ ကျွန်မတို့ တစ်ဦးချင်း တစ်ယောက်ချင်း ကြိုးစားရမှာပါ။ ဒါမှသာ ဒီစစ်ပွဲဘေးထွက်ဆိုးကျိုးတွေကို ရင်ဆိုင်ရာမှာ အနည်း လောက်ဖြစ်ဖြစ် ဖြေသာစရာ အင်အားရမှာ သေချာပါတယ်။
ကျွန်မတွေးမိတဲ့နောက်ဆုံးအကြောင်းအရာလေးကတော့ အင်္ဂလိပ်စာအသုံးအနှုန်းတစ်ခုဖြစ်တဲ့
"pie in the sky " ဆိုတဲ့ usage ရဲ့ သမိုင်းအကျဉ်းလေးပါပဲ။ Pie in the sky ဆိုတာ တိုက်ရိုက်ပြန်ရရင် ကောင်းကင်ပေါ်က အစာသွပ်မုန့်ပေါ့။ သူ့ရဲ့ဆိုလ်ုရင်းကတော့ ဘယ်လိုမှဖြစ်နိုင်ခြေမရှိတဲ့ စိတ်ကူးတခုကိုဆိုလိုတာပါ။ ဒီအသုံးလေးဟာ သီချင်းတစ်ပုဒ်ကဆင်းသက်လာတယ်လို့ ဝေါဟာရရင်းမြစ်ဗေဒ မှာဖော်ပြထားပါတယ်။
"တရားဟောဆရာနဲ့ ကျေးကျွန်"( The Preacher and the Slave) ဆိုတဲ့သီချင်းကို ဆွီဒင်-အမေရိကန်၊ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူနဲ့ သီချင်းရေးဆရာဖြစ်တဲ့ ဂျိုးဟဲလ်( Joe Hill ) ကရေးခဲ့တာဖြစ်ပြီး ကယ်တင်ခြင်းတပ်တော်ကိုဝေဖန်ထားတဲ့သီချင်းတပုဒ်ပါ။ လူတွေ့ရဲ့လိုအပ်ချက်ဖြည့်ပေးဖို့ထက် ဆုတောင်းပြီးကယ်တင်ခိုင်းတဲ့အကြောင်းကို သီချင်းရေးဆရာက ပြောလိုတာလို့ ဖတ်ဖူးပါတယ်။ သူရဲ့သီချင်းတစ်ပိုင်းတစ်စကတော့ ဒီလိုပါ။
" မကြာမီ မင်းတို့ စားစရာရမှာပါ၊
ဒီကောင်းကင်အထက် မွန်မြတ်တဲ့မြေမှာ၊
အလုပ် လုပ်ပြီး ဆုတောင်းကွယ်
မြက်ခြောက်ပေါ်မှာနေ
မင်းတို့သေဆုံးသွားတဲ့အခါ
ကောင်းကင်ပေါ်က အစာသွပ်မုန့်ကိုသာရမှာ"
ကျွန်မတို့ကတော့ ဘယ်ဆီမှာမသိတဲ့ ပျားရည်တွေ၊ နွားနို့တွေကို မတမ်းတပါဘူး။ ကျွန်မတို့အောက်ခြေထုလိုချင်တာဟာ ခမ်းနားတဲ့ဘဝလည်းမဟုတ်ပါဘူး။ နေ့စဉ်အမျှရင်ဆိုင်နေကြရတဲ့ အခြေခံလိုအင်တွေရဖို့ ဘေးကင်လုံခြုံစွာ အလုပ်အကိုင်လုပ်ခွင့်ရရေးပါပဲ။ လက်လှုပ်မှ ပါးစပ်လှုပ်နေကြရသူအဖို့ လုပ်စရာအလုပ်အကိုင်ဖန်တီးပေးရုံနဲ့ပဲ အသက်ရှုရတစ်ဝက်ချောင်သွားပါပြီ။ ခုချိန်မှာ အဓိဋ္ဌာန်ဝင်ဝတ်ပြုနေရင်း ကျွန်မတို့ရဲ့ ဆန်အိုး ဆီအိုးတွေ ပိုးချည်မျှင်တန်းသွားနိုင်ပါတယ်။ ကယ်တင်မယ့်လူကို ကျွန်မတို့မမျှော်ပါဘူး။ လက်တွေ့ကျတဲ့ ကာယကံမေတ္တာနဲ့သာ တဦးကိုတဦး ပြဿနာဖြေရှင်းရာမှ ကူညီပေးကြရမှာပါ။
ကျွန်မရဲ့မိတ်ဆွေကို ကြားဖူးခဲ့တဲ့ပုံပြင်လေးတပုဒ်ကိုပြောရင်း ဒီအကြောင်းကို နိဂုံးချုပ်ချင်ပါတယ်။ တိုတိုနဲ့လိုရင်းပြောရရင် တခါက အရပ်ပုသူတယောက်နဲ့ အရပ်ရှည်သူတယောက်ခရီးသွားကြပါတယ်။ အရပ်ရှည်သူက အရပ်ပုသူထက်သန်မာတယ်။ သူတို့နှစ်ယောက် ကန္တာရတစ်ခုကိုဖြတ်ချိန်မှာ ရေငတ်လွန်းလို့ ကိုပု က ဆက်မသွားနိုင်ဘူး။ ကိုရှည်က ရှေ့မှာသစ်ပင်တွေမြင်ရပြီမို့ သစ်သီးရှိရင် သစ်သီးထဲကရေကို စုပ်ယူနိုင်ကြောင်း အားပေးစကားပြောရင်းတွဲခေါ်လာပါတယ်။ ကိုရှည်ထင်တဲ့အတိုင်း မက်မန်းနွယ်ဝင်အသီးပင်တွေဖြစ်နေတယ်။ အရည်ရွှမ်းသစ်သီးမို့ သူ့မိတ်ဆွေအတွက်ခူးဖို့ သစ်ပင်ပေါ်တက်လိုက်ပါတယ်။ ဒါပေမယ့် သစ်ကိုင်းတွေဟာဆူးတွေပြည့်ပြီးကြွပ်ဆတ်ပါတယ်။ ဒါကြောင့် အလွယ်ခူးမရလို့ ခဏရပ် နေရပါတယ်။ ဒါကို အောက်ကနေသူ ကိုပုက "သောက်သုံးမကျဘူး၊ ဒါလေးခူးတာတောင်မရဘူးလားလို့ " အော်ဟစ်ပါသတဲ့။ အပေါ်မှာဘာဖြစ်နေမှန်းမသိဘဲ မြေပြင်ကနေဝေဖန်နေသူကိုပုလို ကျွန်မတို့ အောက်ခြေကလူတွေ နေ့စဉ်ဘာတွေကြုံနေရတယ်မသိဘဲ အပေါ်ကနေ ဆုတောင်းနေဖို့ ပြောလို့မရဘူးဆိုတာ သိစေချင်ပါတယ်။
သင်းယသော်
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
