Breaking News

ပဋိပက္ခ ရန်ဘက်တွေအကြား သီးခြားစီ တွေ့ဆုံနေတဲ့ အာဆီယံအဖွဲ့ကိုယ်စားလှယ်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၁၃ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၂၆

ပဋိပက္ခ ရန်ဘက်တွေအကြား သီးခြားစီ တွေ့ဆုံနေတဲ့ အာဆီယံအဖွဲ့ကိုယ်စားလှယ်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး 

မြန်မာနိုင်ငံအရေးဟာ မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့ အင်အားစုတွေ အနေနဲ့ပဲ ဦးဆောင်ဖြေရှင်းရမယ့် အရာဖြစ်တယ်လို့ အာဆီယံအဖွဲ့အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ ဖြစ်တဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့က ပြောပါတယ်။ ဒီပြောဆိုချက်ဟာ ထူးခြားတဲ့ ပြောဆိုမှုမဟုတ်သလို မြန်မာနိုင်ငံက နိုင်ငံရေး အင်အားစုတွေ ဖြစ်တဲ့ အာဏာသိမ်းစစ်တပ်၊ အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ၊ ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေ ဘယ်အင်အားစုကမှ ငြင်းခုံကြမှာ မဟုတ်ပေမဲ့ လက်တွေ့အခြေအနေမှာတော့ မြန်မာနိုင်ငံထဲက တိုက်ရိုက်အကျိုးသက်ရောက်မှုရှိမယ့် နိုင်ငံရေး၊ စစ်ရေး အင်အားစုတွေ အနေနဲ့ တခုနဲ့တခု အကြား ဆက်သွယ်ပြောဆိုနိုင်ကြတဲ့ အနေအထားတော့ ဟုတ်မနေပါဘူး။ တချို့အဖွဲ့တွေ အချင်းချင်းအကြား ဆက်သွယ်ပြောဆိုနိုင်တာရှိသလို မဟာမိတ်အဖြစ်နဲ့ စစ်ရေး နိုင်ငံရေး ပူးပေါင်းလုပ်ဆောင်နေတာတွေ ရှိသည့်တိုင် ရန်သူသဖွယ် ဆန့်ကျင်ဘက်ဖြစ်ပြီး ဆက်သွယ် စကားမပြောနိုင်တဲ့ အဖွဲ့တွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။ ဥပမာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်နဲ့ အမျိုးသားညီညွတ်ရေး အစိုးရအကြား တကြိမ်တခါမျှ ဆက်သွယ်ပြောဆိုနိုင်တဲ့ အနေအထားမျိုး မရှိတာတွေ့ရမှာ ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ်က အမျိုးသားညီညွတ်ရေး အစိုးရကို အကြမ်းဖက်အဖွဲ့အဖြစ် ခေါ်ဝေါ်ပြောဆိုသလို အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့လည်း အာဏာသိမ်းစစ်တပ်ကို တရားဝင် ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်၊ အစိုးရတွေကို ဖမ်းဆီး ထိန်းသိမ်းပြီး အာဏာကို မတရားရယူထားတဲ့ အာဏာရှင် အစုအဖွဲ့အဖြစ်သာ မှတ်ယူပြီး စစ်တပ်နဲ့ညှိနှိုင်းဆွေးနွေးမှု လုပ်ဖို့ အခြေခံ သတ်မှတ်ချက်မှာ စစ်တပ်ဟာ နိုင်ငံရေးနယ်ပယ်က ထွက်ခွာဖို့ သဘောတူမှသာ ဆွေးနွေးပြောဆိုနိုင်မယ်လို့ ထုတ်ဖော်ပြောဆိုထားတာ ဖြစ်ပါတယ်။ 

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုတော့ အာဏာသိမ်းစစ်တပ်ဘက်က ဗဟိုအာဏာလို့ ခေါ်ဆိုနိုင်တဲ့ နေပြည်တော်က နိုင်ငံရေးအာဏာကို ထိပါးမဲ့ အင်အားစုမဟုတ်တာကြောင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်မယ်လို့ ယေဘုယျအားဖြင့် အများသိအောင် ပြောဆိုထားပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ လက်တွေ့ကျကျ ဆွေးနွေးနိုင်တဲ့ အခင်းအကျင်း သဘောထားမျိုး မရှိတာတွေ့ကြရမှာ ဖြစ်ပါတယ်။ 

စစ်အာဏာမသိမ်းမီ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်းမှာတော့ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခပြဿနာ အများစုကို စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးနိုင်ခဲ့ကြပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းတဲ့ အဖြစ်အပျက်က ဆွေးနွေးပွဲကနေ အဖြေရှာနိုင်မယ်ဆိုတဲ့ ယုံကြည်မှုတွေကို ပျက်စီးစေခဲ့တာ ဖြစ်ပါတယ်။ 

အခု ၂၀၂၆ ခုနှစ်မှာ အာဆီယံ အဖွဲ့က နိုင်ငံခြားရေးဝန်ကြီးအချို့က မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားလက်နက်ကိုင် အင်အားစု အချို့နဲ့ တွေ့ဆုံတာ၊ နောက်တဖန် အာဏာသိမ်းပြီး အစိုးရဖြစ်လာတဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့အစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီဆိုတဲ့ NSPNC က ကိုယ်စားလှယ်နဲ့ တွေ့ဆုံတာတွေ ဇူလိုင်လ ၁၃ ရက်နေ့က ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ လုပ်ဆောင်ခဲ့ကြပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေလို့ ဆိုပေမယ့် ထိုင်းနိုင်ငံနဲ့ နယ်စပ်ဒေသတွေမှာ အခြေစိုက်ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ အိန္ဒိယနယ်စပ်အခြေစိုက် CNF တို့သာ ပါဝင်တာ ဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီ၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီက KNPP၊ ရှမ်းပြည်က RCSS တို့သာ ပါဝင်တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က AA လို၊ ရှမ်းမြောက်ဒေသက တရုတ်နယ်စပ်မှာ အခြေစိုက်ကြတဲ့ TNLA, MNDAA, SSPP/SSA, KIA တို့လို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ မပါဝင်ကြပါဘူး။ တရုတ်နယ်စပ် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ တရုတ်နိင်ငံရဲ့ သြဇာကိုပိုမို အလေးထားကြရတဲ့ အဖွဲ့တွေ ဖြစ်ပြီး အခုလို နှစ်ဖက်အင်အားစုတွေအကြား ပေါင်းကူး ဆက်သွယ် ပေးတဲ့ အာဆီယံ လုပ်ဆောင်မှုတွေနဲ့ လွတ်ကင်းနေတဲ့ သဘောမျိုးလည်း တွေ့မြင်နေရတာပါ။ 

ပတ္တရားမှာ ကျင်းပတဲ့ ဆွေးနွေးပွဲတွေအပြီး ဖိလစ်ပိုင် အာဆီယံ အလှည့်ကျ ဥက္ကဌ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ကောင်းမွန်တဲ့အစပြုမှု တခုလို့ ယေဘုယျခြုံငုံတဲ့ မှတ်ချက်မျိုး ဖိလစ်ပိုင် ရုပ်သံသတင်းဌာနတခုကို ဖြေကြားရာမှာ ပြောဆိုခဲ့ပါတယ်။ သူက အထူးသံတမန်တဦးအနေနဲ့ အဆင့်မြင့်ကိုယ်စားလှယ်တွေကို ပထမဆုံးအကြိမ်တွေ့ဆုံခွင့် ရတာဖြစ်တယ်လို့ အလေးအနက်ထားပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပေါင်း တဒါဇင်ကျော် အနက် မြန်မာနိုင်ငံ တောင်ပိုင်းနဲ့ အနောက်ပိုင်းက စုစုပေါင်း ၅ ဖွဲ့နဲ့ တွေ့ဆုံခဲ့ရတာဖြစ်ပါတယ်။ 

ချင်းအမျိုးသား တပ်ဦးကလွဲရင် ကျန် ၄ ဖွဲ့ဟာ ထိုင်းနယ်စပ်နဲ့ ထိစပ်တဲ့ဒေသတွေမှာ အခြေစိုက် လှုပ်ရှားကြတာ ဖြစ်တာကြောင့် ထိုင်းနိုင်ငံနဲ့ အာဆီယံက ကမကထ လုပ်တဲ့ အစည်းအဝေးကို တက်ရောက်ကြတာလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ အရှေ့မြောက်ဒေသနဲ့ အနောက်ဘက် ရခိုင်ပြည်နယ်တို့မှာ အခြေစိုက်ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက အခု ဆွေးနွေးပွဲတွေနဲ့ ကင်းကင်းရှင်းရှင်း ဖြစ်နေကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

အရှေ့မြောက်ဒေသရဲ့ အပစ်ရပ်ရေးနဲ့ တည်ငြိမ်ရေးက တရုတ်နိုင်ငံက အတိုင်းအတာတခုထိ သြဇာရှိနေတာဖြစ်ပြီး ၂၀၂၅ ခုနှစ်ထဲမှာ ကိုးကန့်လက်နက်ကိုင် အဖွဲ့နဲ့ တအာင်းလက်နက်ကိုင် အဖွဲ့တို့ကို စစ်ကောင်စီနဲ့ အပစ်ရပ်သဘောတူဖို့ တရုတ်နိုင်ငံက ကြားဝင်လုပ်ဆောင်ခဲ့တာကို တွေ့ခဲ့ကြရပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအရှေ့မြောက်နဲ့ အရှေ့ခြမ်းမှာ အင်အားကောင်းတဲ့ အမြဲတမ်းတပ်မတော် နဲ့ ပြည်ပဆက်ဆံရေးကိစ္စကလွဲရင် ကိုယ်ပိုင်အုပ်ချုပ်မှု အပြည့်အဝနဲ့ အုပ်ချုပ်နေတဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော် လို အဖွဲ့သည်ပင်လျင် တရုတ်နိုင်ငံရဲ့ သြဇာကို အလေးထား လိုက်နာရတဲ့ အနေအထားဖြစ်ပါတယ်။ 

ဒီအချက်တွေကို ချုံငုံသုံးသပ်ကြည့်ရင် အခု အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေဟာ အကျိုးသက်ရောက်မှုရှိခဲ့ရင်တောင် မြန်မာနိုင်ငံရဲ့ ဒေသအချို့ ဖြစ်တဲ့ တောင်ပိုင်းအရှေ့ပိုင်းနဲ့ ချင်းပြည်နယ်ဒေသအချို့တို့မှာသာ ဖြစ်မယ်လို့ ဆိုနိုင်မှာ ဖြစ်ပြီး ကျန်လက်နက်ကိုင် ပဋိပက္ခဒေသတွေဖြစ်တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း၊ အညာ၊ အရှေ့မြောက်ဒေသ၊ မြန်မာနိုင်ငံ မြောက်ပိုင်း စတဲ့ဒေသတွေက ပဋိပက္ခတွေနဲ့ ပတ်သက်ရင် အခြားသော ပါဝင်ပတ်သက်သူ၊ သြဇာရှိတဲ့ နိုင်ငံအဖွဲ့အစည်းတွေ ရှိနေကြတဲ့ အချက်ကို မေ့လျော့ထားလို့ မရတာကိုလည်း သတိပြုကြရမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar