Breaking News

မန်းဖိုးအေး(ဝါးခယ်မ) - မြစ်ဆုံဆည် တကျော့ပြန်ဆောက်လုပ်ရေးကို ကန့်ကွက်ခြင်း အပိုင်း(၃)


မြစ်ဆုံဆည် တကျော့ပြန်ဆောက်လုပ်ရေးကို ကန့်ကွက်ခြင်း အပိုင်း(၃) 
မင်းကတရုတ် မြန်မာ့နိုင်ငံရေးနှင့် ဘာဆိုင်သလဲ(၁)
မန်းဖိုးအေး(ဝါးခယ်မ)
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၂၆

၁၉၆၂ခုနှစ် မတ်လ ၂ ရက်မှာ ဗိုလ်နေဝင်းက"တိုင်းပြည်ချောက်ထဲကျဖို့လက်နှစ်လုံးအလိုမှာ သူဟာ စစ်တပ်အာဏာသိမ်းပြီး ကယ်တင်လိုက်ရတယ်" ဆိုပြီး ကယ်တင်ရှင်အဖြစ် ကြွားလုံးထုတ်လိုက်တယ်။ တော်လှန်ရေးကောင်စီအစိုးရအဖြစ် စိုးမိုးအုပ်ချုပ်ပါတယ်။ ၁၉၆၃ ခုနှစ်မှာ တက္ကသိုလ်ရဲ့ စည်းမျဉ်းစည်းကမ်းချက်တို့ကို သူ့အလိုကျပြင်ဆင်ရေးဆွဲလိုက်တယ်။ တက္ကသိုလ်အသိုင်းအဝိုင်းက သူ့ရဲ့လက်ပါးစေတို့နှင့် ပူးပေါင်းစိုးမိုးပြန်တယ်။

တဆင့်ပြီးတဆင့် အလျင်အမြန် ချုပ်ကိုင်ရာကနေ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်မှာ ဆဲဗင်းဇူလိုင် အရေးတော်ပုံကြီး ပေါ်ထွန်းလာပါတယ်။ တက္ကသိုလ်ရင်ပြင်ထက်မှာ ကျောင်းသားတို့ သွေးမြေကျဆုံးခဲ့ရ၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုမှာ အဓိကအခန်းကဏ္ဍကပါဝင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂ (ယူနီယံ) အဆောက်ဦကြီးဟာ ဗိုလ်နေဝင်းရဲ့ ဗုံးခွဲခြင်းဒဏ် ခံလိုက်ရပြီး အုတ်ပုံအုတ်ပျက်အဖြစ် ပုံပျက်သွားရလေတယ်။

ဆဲဗင်းဇူလိုင်ဖြစ်တုန်းက ကျနော်ဟာ ဝါးခယ်မရဲ့ တရုတ်အမျိုးသားကျောင်းက ကျောင်းသားမျှသာ ရှိနေတာပါ။ ကျောင်းဆရာတွေထဲက ဆရာလျူကျင့်လျက်က မြောင်းမြသားဖြစ်တယ်။ ဆရာလျူက ဗဟန်းနန်ယန် တရုတ်အထက်‌တန်းကျောင်းထွက်ဖြစ်တဲ့ ဆရာလျူနှင့် နန်ယန်ကျောင်းမှာ ပညာအတူသင်ယူတဲ့ ဆရာထျက်က ရန်ကုန်တက္ကသိုလ်မှာ ဆက်လက်တက်ရောက်ပါတယ်။ ဆရာလျူနှင့် ဆရာထျက်တို့က ဇာတိ မြောင်းမြသားလဲဖြစ်၊ နန့်ယန်မှာတက်တုန်းက အတန်းပါတူကြတဲ့ ညီအကိုလိုခင်မင်ကြတဲ့သူတွေ ဖြစ်တယ်။ ဆရာထျက်က ကာယဗလလိုက်စားတာကြောင့် မြန်မာ နိုင်ငံရဲ့ သံလုံးပစ်လက်ရွေးစင် အားကစားသမားအဖြစ် ပေါက်မြောက်တဲ့သူဖြစ်တယ်။

ဆဲဗင်းဇူလိုင်အရေးတော်ပုံမှာ ဆရာထျက် ရန်ကုန်ကျောင်းဝင်းထဲမှာ ရှိနေပါတယ်။ ဖြစ်စဉ်ဖြစ်ရပ်အားလုံး ဆရာထျက် နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခဲ့ရပါတယ်။ မသေလို့ ကျန်ရစ်တဲ့သူပါ။ ကျောင်းတွေပိတ်တော့ ဆရာထျက် မြောင်းမြအိမ်ဆီ ပြန်ပါတယ်။ ဆရာထျက်ဟာ အိမ်ဆီတန်းမပြန်သေး ပါ။ ဝါးခယ်မမှာ စာပြနေတဲ့ ဆရာလျူဆီ ဝင်ပါတယ်။

ရန်ကုန်-ပုသိမ် နှစ်ထပ်ဧရာဝတီ သင်္ဘောကြီး ဝါးခယ်မဆိပ်ကမ်းအရောက်မှာ ဆရာထျက် သင်္ဘောပေါ်က ဆင်းလိုက်တယ်။ အဝတ်တထည်ကိုယ်တခုဖြင့် ဝါးခယ်မရဲ့ တရုတ်အမျိုးသားကျောင်းဆီကို လျှောက်လှမ်းလာတယ်။ ဆရာလျူနှင့်ဆုံကြတော့ နှစ်ယောက်သား ဖက်လှဲတကင်းဖြင့်ပါ။ရောက်တာနဲ့ ဆရာလျူအပြင် ကျန်ဆရာ၊ ဆရာမများနှင့်ပါ လက်ဖက်ရည်ဝိုင်း ခင်းကျင်း စကားဖောင်ဖွဲ့ကြတယ်။ ပြောဆိုကြတဲ့ အဓိကအကြောင်းအရာကတော့ ဆဲဗင်းဇူလိုင်ပါ။

တဆက်တည်း ကျနော်တို့အတန်းကြီးက ကျောင်းသားတို့ကို စုစည်းလိုက်တယ်။ ဆရာထျက်က သူကိုယ်တိုင်ပါဝင်ကြုံတွေ့ခဲ့ရတဲ့ ဆဲဗင်းဇူလိုင်အကြောင်းကို အချက်အလက်ကျကျပြောပြပါတယ်။ ငယ်ရွယ်သူလေးသာ ရှိနေသေးတဲ့ကျနော်ဟာ ထိုစဉ်ကတည်းက စစ်အာဏာရှင်တို့ရဲ့ ကျောင်းသားထုအပေါ် ရက်စက်ယုတ်မာမှုကို စတင်ရွံမုန်းပါတယ်။

ကျနော့်ဘကြီးရဲ့ စွပ်ကျယ်စက်မှာ အလုပ်ဝင်ခါစက ဘကြီးမှိုင်းဈာပနနှင့် ကြုံကြိုက်ပါတယ်။အလုပ်ပြီးတာနှင့် ပဒုမ္မာကွင်းက ဈာပနမဏ္ဍပ်ကြီးဆီ ရောက်သွားပါတယ်။ အသိအကျွမ်းမရှိဘဲ လုံခြုံရေး၊ စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပါတယ်။

မှတ်မိပါသေးတယ်။ ကျနော်စက်ဘီးဖြင့် အင်းစိန်ဘက်ဆီ သတင်းစာပို့စဉ် လှည်းတန်းအဝိုင်းကို ရောက်သွားပါတယ်။ ၁၉၆၂  ဆဲဗင်းဇူလိုင်ရဲ့ နောက်ဆက်တွဲအဖြစ် ၁၉၆၄ ခုနှစ်မှာ တက္ကသိုလ်ကျောင်းသားတို့က အဓိပတိလမ်းက ဝင်ထွက်ပေါက် လမ်းမကြီးကို ပိတ်လိုက်တယ်။ ဒီအစအနလေးကို ကျနော်အလေးထားလိုက်တယ်။

သတင်းစာပို့အပြီး ဟွာကျုံးကျောင်းတော်ဆီ ပြန်ရောက်တယ်။ ရေမိုးချိုး၊ ကမန်းကတန်းထမင်း စားလိုက်တယ်။ ကျနော်က တံခါးမကြီးကိုစောင့်ကြပ်တဲ့ ဂေါ်ရခါးအစောင့်ကို ခင်မင်အောင် ပေါင်း သင်းထားတယ်။ သူနဲ့ မကြာခဏ ထွေရာလေးပါး စကားပြောကြတယ်။ သူကလဲကျနော့ကို ခင်မင်တွယ်တာပါတယ်။ ကျနော်လှည်းတန်းဘက်ဆီသွားမယ့်အကြောင်း ဂေါ်ရခါးအစောင့် မိတ်ဆွေကြီးကို ပြောပြလိုက်တယ်။ အတန်ကြာမှပြန်ရောက်မယ့်အကြောင်း ပြောထားလိုက်တယ်။

ကျနော်စက်ဘီးဖြင့် ဟံသာဝတီရထားလမ်းကျော် ဂုံး(ကုန်း)တံတားကနေ နာနတ်တော၊‌ ကြံတောသင်္ချိုင်းတို့ကို ကျော်ဖြတ်လိုက်တယ်။ ပြည်လမ်းက ဟံသာဝတီအဝိုင်းကြီးကို ဖြတ်ကျော်လိုက်တယ်။ ကမာရွတ်လှည်းတန်းအဝိုင်းကြီးဆီ ရောက်ရှိသွားတယ်။ အဝိုင်းကြီးအလယ် မြက်ခင်းပြင်ထက်က ဓာတ်တိုင်မှာ စက်ဘီးကို မှီထားလိုက်တယ်။

စစ်ဘက်ဆိုင်ရာကားတွေ အဝိုင်းကြီးကို မောင်းနှင်ဖြတ်သန်းသွားတယ်။ ကျောင်းသားထုက "ဝေး ချဟေ့ နှက်ဟေ့" ကြွေးကြော်ကြပြီး ခဲဖြင့်ပစ်ပေါက်ကြတယ်။

ည ၈ နာရီခန့် ထင်ရပါတယ်။ အနက်ရောင် အော်စတင်ကားတစီး မောင်းဝင်လာပါတယ်။ လိုင်းပေါက်၊ တက္ကသိုလ်ဝန်ထမ်းအိမ်ရာအနားမှာ ရပ်လိုက်တယ်။ ထိုအချိန်က ဆောင်းတွင်းကာလဖြစ်တာကြောင့် ကားထဲက အနွေးထည်ကုတ်အင်္ကျီဝတ်နဲ့ လူတယောက် ထွက်လာပါတယ်။ အရပ်ပု ပျပ်ပျပ်ပါ။ ကျနော်သိလိုက်တယ်။ ဘကြီးမှိုင်းရဲ့ မြန်မာ့ငြိမ်းချမ်းရေးအဖွဲ့က ဗိုလ်ချုပ်ကျော်ဇောမှန်း သိရှိလိုက်တယ်။

၁၉၆၀ ခုနှစ်တွေကလို့ ထင်ရပါတယ်။ ဘကြီးမှိုင်းရဲ့ ပြည်တွင်းငြိမ်းချမ်းရေး အသင်းအဖွဲ့ကြီးက ဝါးခယ်မမြို့ဆီလာရောက်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ဟောပြောမှုကို ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော လာရောက်ဟောပြောလို့ ဗိုလ်ချုပ်ကျော်ဇောကို ထိုစဉ်ကတည်းက မှတ်သားမိတယ်။ အသေ အချာမှတ်မိရခြင်းအကြောင်းရင်းတခုကလဲ ရှိနေပါတယ်။ ဗိုလ်ချုပ်ကျော်ဇောရဲ့ အရပ်အမောင်းက ပုကွကွပါ။

နောက် ဗိုလ်ကျော်ဇောမှန်း တန်းတန်းမတ်မတ်သိရှိရတဲ့တချက်က ဘကြီးမှိုင်းရဲ့ဈာပနမှာ ဗိုလ်ကျော်ဇော အထင်ကရလာရောက်တာကို တွေ့ဖူးမြင်ဖူးတာကြောင့် ကျနော်အထူးတလည် မှတ် သားမိခြင်းပါ။ အခုကျနော်တွေ့မြင်နေရတဲ့ ဗိုလ်ကျော်ဇောက ကျောင်းသားထုနှင့် စကားပြောပါတယ်။ ကျောင်းသားထုက ဗိုလ်ကျော်ဇောကို ကားအမိုးပေါ် တက်ခိုင်းပါတယ်။ ဗိုလ်ကျော်ဇော ကားအမိုးပေါ်ကနေ ပြောပါတယ်။

"အမောင်ကျောင်းသားအပေါင်းတို့၊ ကနေ့အမောင်ကျောင်းသားတို့ရဲ့ တောင်းဆိုမှုက မှား၏မှန်၏ ကျနော်မသုံးသပ်လိုပါ။ သို့သော် အမောင်ကျောင်းသားတို့သွေး တက္ကသိုလ်နယ်မြေပေါ်မှာ ထပ်မံ မကျဆင်းစေလိုပါ။ အမောင်ကျောင်းသားတို့ရဲ့ လိုအင်ဆန္ဒ ကျနော့်ကို ပြောပြပါ။ ကျနော် ဆရာကြီးကို တင်ပြပါ့မယ်"

ကျောင်းသားထုက "ဟေး" ဆိုပြီး ဟစ်အော် ကြွေးကြော်ကြတယ်။ ဗိုလ်ကျော်ဇော ကားခေါင်မိုးက ဆင်းလိုက်တယ်။ ကားထဲဝင်ပြီး ထွက်ခွာသွားပါတယ်။

ဗိုလ်ကျော်ဇောကား ထွက်ခွာသွားပြီး နာရီဝက်ခန့်အကြာမှာ ကျောင်းသားထုစုရုံးနေတဲ့ဆီကို ပြန် လည်ရောက်လာပါတယ်။ အားလုံးက ဗိုလ်ကျော်ဇောကို မူလကအတိုင်း ကားခေါင်မိုးပေါ် တက်ရောက်စေတယ်။ ဗိုလ်ကျော်ဇောက "အမောင်ကျောင်းသားတို့ တင်ပြချက်အတိုင်း ကျနော်ဆရာ ကြီးကို တင်ပြပါတယ်။ ဆရာကြီးက သက်ဆိုင်ရာဆီ တင်ပြပါတယ်။ သက်ဆိုင်ရာက ကျောင်း သားထုတို့ တောင်းဆိုချက်အတိုင်း လိုက်လျောလိုက်ပါတယ်။ ဒါကြောင့် အမောင်ကျောင်း သားတို့ဟာ ပိတ်ဆို့ထားတဲ့ အဓိပတိတံခါးမကြီးကို ပြန်လည် ဖွင့်ပေးစေချင်ပါတယ်"

ကျောင်းသားထုက "ဟေး အောင်ပြီ အောင်ပြီ" ကြွေးကြော်လိုက်ကြတယ်။ အဓိပတိ တံခါးမကြီးကို ဖွင့်ပေးလိုက်ပါတယ်။ ညည့်ကလဲ နက်ချေတာကြောင့် ကျနော် စက်ဘီးနင်းပြီး ဟွာကျုံးဘော်ဒါ ဆောင်ဆီ ပြန်သွားပါတယ်။

ထိုဖြစ်ရပ်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့တယ်ဆိုပေမယ့် ကျနော်ဟာ တက္ကသိုလ်ကျောင်းတော်သူ ကျောင်းတော်သားတို့နှင့်မရင်းနှီးတဲ့ ဟွာကျုံးတရုတ်ကျောင်းသားလေးမျှသာဖြစ်တာကြောင့် ဖြစ်စဉ်ဖြစ်ရပ် အလုံးစုံကို ဂဃနဏ သေချာမသိမြင်ပါ။

ကျနော် ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီး ပြီးစီးပြီးနောက် NLD မှာ ပါဝင်လိုက်တယ်။ကျေး လက်တွေဆီဆင်းကာ တောင်သူလယ်သမားတို့ရဲ့ ဘဝကို လေ့လာဆန်းစစ်ပါတယ်။

၁၉၉၅ ခုနှစ် ဇူလိုင် ၁၀ရက်နေ့က ကုက္ကိုင်းနေအိမ်မှာ၊ ၆ နှစ်တာအကျယ်ချုပ်အဖြစ်ထိန်းသိမ်းခံရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတယ်။ ဧရာဝတီတိုင်းက တောင်သူ လယ် သမားတို့နှင့် တွေ့ဆုံလိုတဲ့ဆန္ဒရှိတာကြောင့် ထိုတောင်သူလယ်သမားတွေကို ကျနော်ကြိုးပမ်းပြီး ဒေါ်အောင်ဆန်းစုကြည်နေအိမ်ဆီ အကြိမ်ကြိမ် ခေါ်ဆောင်လာပါတယ်။

တောင်သူလယ်သမားတို့က သူတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ တာဝန်ကျေစပါးပေးဆပ်ရေး၊ အဓမ္မ နွေစပါးစိုက်ပျိုးခိုင်းရေး၊ နေ့ရက်ပေါင်းများစွာကြာရှည်တဲ့ တာဖို့၊ လမ်းဖောက်၊ တံတားဆောက်အဓမ္မလုပ်အားပေးစေခိုင်းခြင်းတို့ကို သူတို့လေးစားအားထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ အထောက် အထား အကိုးအကား ပိုင်နိုင်စွာဖြင့် ဖော်ထုတ်တင်ပြပါတယ်။

ထိုဧရာဝတီတိုင်းက တောင်သူလယ်သမားတို့ရဲ့တင်ပြချက်ကို ဒေါ်အောင်ဆန်းစုကြည်က ညနေ ၄ နာရီထိုးချိန် ခြံရှေ့ လူထုဟောပြောပွဲမှာ လာရောက်နားထောင်ကြတဲ့ ပြည်သူတို့ကို မခြွင်းမချန် ပြောချလိုက်ပါတယ်။ ဒါတွေဟာ ကျနော့ရဲ့လက်ချက်မှန်း ထောက်‌လှမ်းရေးတို့ သိရှိလိုက်တယ်။

၁၉၉၆ ခုနှစ် မေလ ၂၃ ရက် ည ၁၁ နာရီမှာ ကျနော်နေထိုင်တဲ့ လှိုင်သာယာက လျှပ်စစ်မီးကို ဖြတ်တောက်လိုက်တယ်။ မှောင်မှောင်မဲမဲထဲမှာ ကျနော့်အပြင် ကျနော့်သားကြီးကိုပါ အလိုတူအလိုပါဆိုပြီး ဖမ်းဆီးလိုက်တယ်။ အမျိုးစုံစစ်ကြော မေးမြန်းပါတယ်။ သားအဖနှစ်ယောက်အပြင် ဟင်္သာတက ကိုကံရှိန်၊ ကိုလှထွန်းအောင်၊ ပူးပေါင်းကြံစည်သူအဖြစ် ဗိုလ်ကြီးဝင်းထိန်ကိုပါ အမှုတွဲထဲ ဆွဲသွင်းလိုက်တယ်။ ကျနော်တို့ကို "နိုင်ငံတော်ရဲ့ လယ်ယာစိုက်ပျိုးရေးနှင့် လမ်းတံတားတည် ဆောက်ရေးကို ဟန့်တားနှောက်ယှက်ခြင်း" ဖြင့် ထောင်ဒဏ် ၇ နှစ် ချလိုက်ပါတယ်။
-

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar