Breaking News

အလုပ်အကိုင် အခွင့်အလမ်းအရှားပါးဆုံး အခြေအနေမှာ အထည်ချုပ်လုပ်ငန်းတွေ ပိတ်သိမ်းလာ

 

မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၉ မြင်ကွင်း

(မိုးမခ) ၊ အောက်တိုဘာ ၁၀ ၊ ၂၀၂၆  

 

အလုပ်အကိုင် အခွင့်အလမ်းအရှားပါးဆုံး အခြေအနေမှာ အထည်ချုပ်လုပ်ငန်းတွေ ပိတ်သိမ်းလာ

တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ စစ်ပွဲတွေကြောင့် အခြားသော အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ အလုပ်အကိုင်အခွင့်အလမ်းတွေ လျော့ပါးလာနေချိန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့  ဆက်စပ်တဲ့ အလုပ်အကိုင်တွေ လျော့ကျ ရှားပါးချိန်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတခုဖြစ်တဲ့ အထည်ချုပ်လုပ်ငန်းတွေ တစတစနဲ့ ပိတ်သိမ်းတာ များလာနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း သတင်းအဖြစ် ဖော်ပြခံနေရတဲ့ တရုတ်ကုမ္ပဏီပိုင် Teng Hui အထည်ချုပ်စက်ရုံ ပိတ်သိမ်းလိုက်တာကြောင့် အလုပ်သမား ၃ ထောင်ကျော် အလုပ်လက်မဲ့ ဖြစ်သွားတော့မှာ ဖြစ်ပါတယ်။

စက်ရုံပိတ်လို့ အလုပ်လက်မဲ့ဖြစ်သွားသူတွေကို အခြားအထည်ချုပ်စက်ရုံတွေမှာ ခန့်ထားနိုင်ဖို့အတွက် စစ်အစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေက အခြားအထည်ချုပ်စက်ရုံတွေနဲ့ ညှိနှိုင်းပြောဆိုမှုတွေ လုပ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားသည့်တိုင် အခြားသော အထည်ချုပ် စက်ရုံတွေအနေနဲ့လည်း အလားအလာ မကောင်းကြတဲ့ အနေအထားမျိုးဖြစ်နေတာပါ။

အထည်ချုပ်လုပ်ငန်းတွေ တခုပြီးတခု ရပ်နားလာနေကြတာရဲ့ အကြောင်းရင်းတွေက တခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု၊ လျှပ်စစ်မီး၊ တရားဝင်ငွေလဲနှုန်း သတ်မှတ်မှုနဲ့ ဈေးကွက်နဲ့ ကွာဟချက်၊ သွင်းကုန်လိုင်စင် ခက်ခဲကြန့်ကြာမှု၊ အမေရိကန် သမ္မတထရန့် ချမှတ်တဲ့ ကုန်သွယ်ခွန်နှုန်းထား စတဲ့အကြောင်းတွေက တခုချင်း ဒါမှမဟုတ် ၂ ခု၊ ၃ ခု ပေါင်းဆုံပြီး လုပ်ငန်းတွေ ဆက်လည်ပတ်ဖို့ မဖြစ်နိုင်တာကြောင့် ရပ်ဆိုင်းကြတာလို့ သတင်း ဖော်ပြချက်တွေအရ သိရပါတယ်။

Teng Hui အထည်ချုပ်စက်ရုံရဲ့ ပိတ်သိမ်းမှုမှာတော့ ဒီစက်ရုံက ရရှိနေတဲ့ ကုန်ပစ္စည်းအမှာစာတွေဟာ ကမ္ဘာကျော် ဖက်ရှင်နဲ့ အဝတ်အစား ရောင်းချတဲ့ ဆွီဒင်အခြေစိုက် H&M ကုမ္ပဏီက ကုန်အမှာစာ ရပ်ဖို့ ဆုံးဖြတ်လိုက်တာကြောင့်လို့ ယေဘုယျ ကောက်ချက်ချကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေးအတွက် ပညာပေးတာ၊ စည်းရုံးလှုံ့ဆော်တာ လုပ်ဆောင်ကြတဲ့ အလုပ်သမားအခွင့်အရေး အဖွဲ့အစည်းတွေကိုလည်း အာဏာသိမ်း အစိုးရအနေနဲ့ နိုင်ငံရေးအရ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေ၊ စစ်အာဏာသိမ်း အစိုးရကို ဆန့်ကျင်သူတွေကို အားပေးကူညီသူ၊ နီးစပ်သူတွေအဖြစ် ရှုမြင်ပြီး ဖမ်းဆီးထောင်ချတာတွေ လုပ်ဆောင်ခဲ့သလို လုပ်ခလစာနဲ့ လုပ်ခွင်အခြေအနေတိုးတက်ရေး ကိစ္စတွေနဲ့ပတ်သက်လို့ အလုပ်သမားဆန္ဒပြမှုတွေကို နိုင်ငံရေး လှုပ်ရှားမှုသဖွယ် တားဆီးတာ၊ အနီးကပ်စောင့်ကြည့်တာတွေ လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော် ၃ နှစ်အတွင်း အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေ ဖမ်းဆီးခံရ ထောင်ဒဏ်ချမှတ်ခံရတာတွေ အများအပြားရှိခဲ့ပြီး ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO က အဆိုပါ ဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေက နိုင်ငံတကာ အဝတ်အထည်ဖက်ရှင်ကုမ္ပဏီကြီးတွေအနေနဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ မြန်မာနိုင်ငံက ချုပ်လုပ်တဲ့ အဝတ်အထည်တွေကို မမှာယူဖို့ ဆုံးဖြတ်လာကြတဲ့ အခြေအနေဆိုက်ရောက်စေခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်တွေကတည်းက ဗြိတိန်အခြေစိုက် ဖက်ရှင်ကုမ္ပဏီ Primark က မြန်မာနိုင်ငံက ချုပ်လုပ်တဲ့ အထည်တွေကို မမှာယူဖို့ ဆုံးဖြတ်ခဲ့ပြီး နှစ်အနည်းငယ်အကြာ အခုလို ဆွီဒင်ကုမ္ပဏီ H&M က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲက လက်ခစားလုပ်ခစား အထည်ချုပ်လုပ်ငန်းတွေက ချုပ်လုပ်တဲ့ အထည်တွေကို အမေရိကန်ပြည်ထောင်စုနဲ့ အနောက်ဥရောပ နိုင်ငံတွေကို တင်ပို့ကြတာ ဖြစ်ပါတယ်။ အမေရိကန်မှာ သမ္မတ ထရန့် အာဏာရပြီးနောက် သီးတင်းပတ် အနည်းငယ်အကြာမှာပဲ ကမ္ဘာ့နိုင်ငံ အတော်များများ အကျုံးဝင်သက်ရောက်မှုရှိစေတဲ့ ကုန်သွယ်ခွန် သိသာစွာတိုးမြှင့် ကောက်ခံတဲ့ မူဝါဒကို ကြေညာခဲ့ပါတယ်။ အဆိုပါ ကြေညာချက်အရ ယမန်နှစ် သြဂုတ်လ ၁ ရက်နေ့က စတင်ပြီး မြန်မာနိုင်ငံက တင်ပို့တဲ့ ကုန်ပစ္စည်းတွေ အပေါ် ၄၀ ရာနှုန်းကျော် ကုန်သွယ်ခွန် ကောက်ခံတာ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင်က ၁၂ ကနေ ၁၆.၅ ရာနှုန်းလောက်သာ ကောက်ခံခဲ့ရာက ၄၀ ရာနှုန်း ဖြစ်လာတာကလည်း ပြည်ပကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံထားကြတဲ့ အထည်ချုပ်လုပ်ငန်းတွေကို ထိခိုက်စေတဲ့ အကြောင်းတချက် ဖြစ်ပါတယ်။

အခြားသော အကြောင်းအချက်တွေ ဖြစ်တဲ့ သွင်းကုန်လိုင်စင် ခက်ခဲတာ၊ လျှပ်စစ်မီး မမှန်တာ၊ ငွေလဲနှုန်းတွေ အမျိုးမျိုး သတ်မှတ်ထားပြီး ပြင်ပဈေးကွက်နဲ့ ကွာဟမှု ကြီးမားနေတာတွေက အာဏာသိမ်းစစ်အစိုးရရဲ့ တလွဲမူဝါဒနဲ့ စီမံခန့်ခွဲမှုတွေကြောင့် ဖြစ်ပါတယ်။

အခုလက်ရှိ အထည်ချုပ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေဟာ အမျိုးသမီးက ၈၀ ရာနှုန်းကျော်ဖြစ်ပြီး ရန်ကုန်မြို့မှာ နေထိုင်သူတွေထက် ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ပဲခူး၊ မကွေး စတဲ့ စီးပွားရေးမဖွံ့ဖြိုးတဲ့ဒေသတွေက အများဆုံး ဖြစ်ပါတယ်။ အခုလက်ရှိကာလမှာ အဆိုပါဒေသတွေမှာ ပြည်တွင်းစစ် ဖြစ်ပွားတဲ့ နေရာအများစု ပါဝင်နေပြီး ရန်ကုန်မြို့ အထည်ချုပ်စက်ရုံတွေက အလုပ်သမားတွေ အနေနဲ့ အလုပ်လက်မဲ့ဖြစ်တဲ့တိုင် နေရပ်ပြန်ကြဖို့ မလွယ်တဲ့အနေအထား ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားဟာ ဝမ်းဝရေးနဲ့ ဘေးကင်းလုံခြုံရေး အကြောင်း ၂ ခုလုံးပြည့်စုံဖို့ ခက်ခဲတဲ့ အနေအထားမျိုး ရောက်နေပြီး ပုံမှန်စီးပွားရေးထက် စစ်ပွဲ၊ စီးပွားရေး၊ လက်နက်ကိုင် ပဋိပက္ခစီးပွားရေး ပုံသဏ္ဌာန်နဲ့ လက်နက်ကိုင်ပဋိပက္ခကြောင့် ဆင်းရဲတွင်းနဲ့ ငတ်မွတ်မှုထဲ လျင်မြန်စွာ ကျဆင်းနေကြတဲ့ လူမှုအဖွဲ့အစည်းရဲ့ အောက်ဆုံးသော အလွှာတွေထဲမှာ လယ်သမားတွေ၊ လုပ်ခစားလက်ခစား အလုပ်သမားတွေ၊ အထည်ချုပ်လုပ်ငန်းတွေက လုပ်သားတွေ ပါဝင်ကြတာပါ။

အချို့သော ပဋိပက္ခဒေသက ပြည်သူလူထုတွေဟာ သူတို့ နေထိုင်ရာဒေသကို ကုန်စည်ရိက္ခာ ပိတ်ဆို့မှုခံထားရတာကြောင့် မရှိမဖြစ် စားသောက်ကုန်၊ ဆေးဝါးတွေကို မတန်တဆ ဈေးပေးဝယ် စားသုံးကြရသလို၊ စိုက်ပျိုးရေးလုပ်ငန်းလည်း ကောင်းကောင်းမလုပ်နိုင်လောက်အောင် လောင်စာဆီ၊ မြေဆီ အဆမတန်ဈေးကြီးတဲ့ အဖြစ်မျိုးနဲ့ ကြုံနေကြရသလို ထွက်ရှိလာခဲ့တဲ့ စိုက်ပျိုးရေးထုတ်ကုန် ပြန်လည်ရောင်းချဖို့ ခက်ခဲမှုတွေက အတားအဆီး ဖြစ်နေကြတာပါ။

တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်ရင် အာဏာသိမ်းစစ်အုပ်စု ထိန်းချုပ်မှုအောက် ဖြစ်စေ၊ တော်လှန်ရေးလက်နက်ကိုင်တပ်တွေ ထိန်းချုပ်မှုအောက်မှာ ဖြစ်စေ စစ်ပွဲစီးပွားရေးနဲ့ စီးပွားရေးကို စစ်ပွဲနိုင်ဖို့ လက်နက်အဖြစ် အသုံးပြုနေကြတဲ့အောက်မှာ လူထုအနေနဲ့ အသက်ရှင်သန်ဖို့ ကြိုးစားရုန်းကန်နေကြရတာပါ။

ဒီလို အခြေအနေအောက်မှာ အထည်ချုပ်လုပ်ငန်းမှာ အမျိုးသမီး အများစုဖြစ်တဲ့ အထည်ချုပ် အလုပ်သမား ၅ သိန်းလောက်ဟာ ရန်ကုန်လို မြို့ကြီးတွေမှာ အလွန်နည်းပါးတဲ့ လုပ်အားခဖြစ်တဲ့ အချိန်ပိုမပါ ၇၈၀၀ ကျပ်နဲ့ အချိန်ပိုလုပ်ရရင် အများဆုံး ၁၂၀၀၀ ကျပ် နဲ့ လုပ်ကိုင်ရင်း အချွေတာဆုံး စားသောက်ရှင်သန်မှုပုံစံနဲ့ လူမှုအသိုင်းအဝိုင်းထဲ ဝင်ငွေအားဖြင့် အောက်ဆုံးအလွှာမှာ လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။

အထည်ချုပ်လုပ်ငန်းရှင်တွေရဲ့ လုပ်အားခေါင်းပုံဖြတ်မှု၊ အလုပ်သမားအခွင့်အရေး အပြည့်အဝ မပေးမှုတွေကြောင့် မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ အထည်ချုပ်လုပ်ငန်း ထုတ်ကုန်တွေကို မှာယူခြင်း မပြုဖို့ သို့မဟုတ် မဝယ်ယူဖို့ လှုံ့ဆော်ခြင်းဟာ မြန်မာပြည်နောက်ခံ အခြေအနေနဲ့ လုပ်ဆောင်သင့်ရဲ့လား ဆိုတာလည်း မေးခွန်းထုတ်စရာ ရှိနေတာပါ။ မဟော်သဓာ သားတရားစီရင်ခန်း ဇာတ်တော်ထဲကလို ဘယ်သူက မိခင်အရင်းလဲ ဆိုတဲ့ အဖြစ်မျိုးနဲ့ နှိုင်းယှဥ်ခံရတဲ့ အခြေအနေမျိုးတော့ မဖြစ်စေသင့်တာ အမှန်ပဲ ဖြစ်ပါတယ်။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar