Breaking News

မောင်စွမ်းရည် - မြူရွက်

မောင်စွမ်းရည် - မြူရွက်

(မိုးမခ) အောက်တိုဘာ ၅ ၊ ၂၀၂၄


မြူရွက်ကို မြန်မာလူမျိုးတွေ သိကြမှာပါ။ ကျွန်တော်ကတော့ အညာသာ တောသားမို့ မြူရွက်ကို ကောင်းကောင်းသိပါတယ်။ ခုတခါ အမေရိကကို ရောက်ရှိပြီး နယူးယောက်မြို့မှာ နေတော့လည်း မြူရွက်သုပ်ကို မကြာခဏ စားလေ့ရှိပါတယ်။ မြူရွက်ကို လမ်းဘေးက ခူးပြီး ပြုတ်သုပ်စားတာပါ။ လမ်းလျှောက်ရင်း လမ်းဘေးမှာ မြူပင်တွေကို ရာသီမရွေး တွေ့ရတတ်ပါတယ်။ မိုးရာသီမှာဆိုရင် ရင်ခေါင်းလောက် မြူပင်ကြီးတွေကို တွေ့တတ်ပါတယ်။

တခါတရံ ရီတာအောင်(နယူးယောက်)တို့ မိသားစုက သူတို့ အိမ်ခြံစည်ရိုးက မြူပင်တွေကနေ ခူးပြီး မြူရွက်တွေ လာပို့တတ်ပါတယ်။ တခါတလေ အရွက်စိမ်းတွေ ပို့ပေးပါတယ်။ တခါတရံ ပြုတ်ပြီး၊ သုပ်ပြီးလည်း ပို့တတ်ပါတယ်။ ဘယ်လိုပဲပို့ပို့၊ ကျွန်တော်တို့ ဇနီးမောင်နှံကတော့ ဝမ်းမြောက်ဝမ်းသာ ချက်ချင်း ပြုတ်သုပ်စားလေ့ရှိကြပါတယ်။ ဆီချက်နဲ့ မြေပဲလှော်၊ နှမ်းလှော် ထောင်းထားတဲ့ အမှုန့်ဖြူးပြီး စားလိုက်ရုံပါပဲ။ အရသာလည်း ရှိ၊ ဆေးဘက်လည်းဝင်တယ်ဆိုလို့ မပြတ် စားပါတယ်။ အမေရိကရောက် မြန်မာများအနေနဲ့ လမ်းလျှောက်ထွက်ရင်း လမ်းဘေးမှာ အမှတ်မထင် တွေ့ကြရမှာပါ။ မြူရွက်တွေကို ခူးပြုတ်၊ သုပ်စားကြပါလို့ တိုက်တွန်းနှိုးဆော် လိုအပ်ပါတယ်။

မြူရွက် ဆိုတာ လက်မလောက်စာ ရွက်ချွန်းလေးတွေပါ။ အရွက်ဘေးမှာ အတွန့်လေးတွေ ယောင်ယောင် ပါရှိပါတယ်။ အရွက်က မြူမှုန်သန်းနေသလို အဖြူမှုန်လေးတွေနဲ့ သန်းနေတာ တွေ့ရပါမယ်။ အရိုးနုလေးတွေကလည်း သုပ်စားတဲ့ထဲ ထည့်လို့ရပါတယ်။ နူးညံ့ပါတယ်။ လမ်းဘေးမှာ ပေါက်နေပေမဲ့ မြန်မာပြည်မှာလို ခွေးလေခွေးလွင့် မရှိလို့ ခွေးသေးပန်းမခံရပါဘူး။ သန့်ရှင်းပါတယ်။ ပြုတ်စားတော့ ပိုသန့်ရှင်းတာပေါ့။ အရွက် ဆိုပေမဲ့ အစာမကြေမှာ မစိုးရိမ်ရပါ။ အစာကြေလွယ်ပါတယ်။ ရဲရဲစားကြပါ။ ဆေးဖက်လည်း ဝင်ပါတယ်။

မကြာသေးမီ ရက်ပိုင်းအတွင်းက နယူးယောက်မြို့ မဟာဝိသုဒ္ဓါရုံ ခေါ် သုံးပါးကျောင်းကို မြန်မာပြည်၊ ရန်ကုန်မြို့၊ သောကြာဝိုင်း(စနေဝိုင်း)မှာ စာပေဆွေးနွေးပွဲ ကြွရောက်လေ့ရှိတဲ့ ဆရာတော် အရှင်ဓမ္မဘေရီ ဦးဝီရိယနဲ့ မြူရွက်အကြောင်းကို စကားစပ်မိခဲ့ကြပါတယ်။ ဆရာတော်က ကျွန်တော်တို့ အိမ်က ပြန်ကြွသွားပြီး မကြာမီ သုံးပါးကျောင်းကနေ မြူရွက်အကြောင်း စာတိုလေးတစောင် ပို့လိုက်လို့ မြူရွက်အကြောင်းကို အသေးစိတ် သိလိုက်ရပါတယ်။

ကျွန်တော်ကတော့ အညာသား၊ တောသား ဆိုတော့ မြူပင်တွေ၊ မြူရွက်တွေနဲ့ ရင်းနှီးပါတယ်။ အရသာကိုလည်း နှစ်သက်လို့ မကြာခဏ ခူးပြုတ်စား၊ သုပ်စားလေ့လည်း ရှိပါတယ်။ မြူပင်တွေကို ဝါခင်း၊ ပြောင်းခင်း၊ ပဲခင်းစင်းငုံခင်း၊ ဆေးခင်း(ဆေးရွက်ကြီးပင် အခင်း)တွေထဲမှာ အလေ့ကျ ပေါင်းပင်အဖြစ် ဆွဲနုတ်စွန့်ပစ်လေ့ရှိကြပေမဲ့ ကျွန်တော်ကတော့ စုပြီး အိမ်ယူလာခဲ့တာပါပဲ။ ပြုတ်၊ သုပ်စားတာပါ။ မိဘများကလည်း ကြိုက်ပါတယ်။ အဘိုး(အမေ့ရဲ့ အဖေ)ကလည်း ကြိုက်ပါတယ်။ မကြိုက်သူ ရှိမယ် မထင်ပါ။

ကျွန်တော်တို့ တောရွာမှာ မြင်နေကျ မြူပင်က ခရမ်းချဉ်ပင် အသေးစားလောက်ပဲ ရှိတယ်။ လူ့တထိုင်လောက်ပဲ မြင့်ပါမယ်။ နယူးယောက်က အပင်ကြီးတွေက လူတရပ်နီးပါး မြင့်ပါတယ်။ အပင်တွေကို တွေ့လိုက် မြင်လိုက်ရင် အမြန်ခူးရပါတယ်။ မြူနီစီပယ်က ခုတ်ပစ်၊ နုတ်ပစ်လေ့ရှိပါတယ်။ ရီတာအောင် တို့ကတော့ အိမ်ခြံဝင်းနဲ့ နေတာမို့ သူတို့ခြံထဲကပဲ မြူရွက်တွေ ခူးပြီးပို့ဟန် ရှိပါတယ်။ မြူရွက် လာပေးလေ့ရှိတဲ့ ရီတာအောင်တို့ မိသားစုကိုလည်း ဒီဆောင်းပါးနဲ့ ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

မြူပင်(မြူရွက်) အာဟာရတန်ဖိုးနဲ့ ဆေးဖက်ဝင်ပုံကို သုံးပါးကျောင်းဆရာတော်ကြီးများက ပို့ပေးထားတဲ့ စာကိုလည်း စာနယ်ဇင်းတွေကို ဖြန့်ဝေလိုက်ပါမယ်။ ဆရာတော်ကြီးများက အရှင်နာဂသိန် ဆေးကျမ်းက ထုတ်နုတ်ဖော်ပြလိုက်တဲ့ စာတိုလေးကိုလည်း ဖောက်သည်ချလိုက်ရပါရစေ။

“မြူရွက်များက ဆေးဖက်လည်း ဝင်လှတယ်။ အရွက်သည် ချို၏။ ဝမ်းမီးကို တောက်စေ၏။ အစာကို ကြေညက်စေ၏။ ကျင်ကြီး၊ ကျင်ငယ်လည်း စင်ကြယ်စေ၏။ လေ၊ သည်းခြေ၊ သလိပ်ကို ပယ်တတ်၏။ မျက်စိကို အကျိုးပြု၏။ ဆီး၊ ဝမ်းကို ရွှင်စေ၏။ နှုတ်ကို မြိန်စေ၏။ အသံကို ကောင်းစေ၏။ ပိုးကို ပယ်တတ်၏။ ရောဂါအမျိုးမျိုးကို ငြိမ်သက်စေ၏။ သလိပ်ရောဂါကို အထူးကောင်း၏ ဟူ၍ အရှင်နာဂသိန် ဆေးကျမ်းမှာ ဆိုထားပါတယ်။

မြူရွက်ကို အစိမ်းတိုင်း မစားသင့်ပါ။ ရေနွေးနဲ့ ပြုတ်ပြီး စားသုံးသင့်ပါတယ်။ အဘယ်ကြောင့်ဆိုသော် အရွက်ထဲမှာ oxalic Acid ပမာဏ များစွာ ပါဝင်တာကြောင့် ဖြစ်ပါတယ်။ မြူရွက်မှာ အခြားသော အရွက်တွေထက် ဗီတာမင် A ၊ ကယ်လ်စိယမ်ဓာတ်၊ ဖော့စ်ပရပ်၊ ပိုတက်စီယမ်၊ Quinoa တွေ ပါဝင်မှု များပါတယ်။” 

စသဖြင့် ဖော်ပြထားပါတယ်။

ဆရာတော်ကြီးများကို ကျေးဇူးတင်ပါတယ်။

မောင်စွမ်းရည်

၂၀၂၄ ၊ စက်တင်ဘာ ၁၆ ၊

နယူးယောက်




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar