Breaking News

ကိုလေအိုး - ထိုင်းရောက်မြန်မာတွေကို ‘ဂျင်း’ ထည့်နေကြသလား

May be an image of text

ကိုလေအိုး - ထိုင်းရောက်မြန်မာတွေကို ‘ဂျင်း’ ထည့်နေကြသလား

မိုးမခ ၊ ဩဂုတ် ၉ ၊ ၂၀၂၆


ဩဂုတ်လဆန်းပိုင်းက ထွက်ပေါ်ခဲ့တဲ့ ထိုင်းရောက်မြန်မာသတင်းတစ်ပုဒ်က ဒီစာစုရေးဖို့ ဖြစ်လာတယ်။ သတင်းက “မဲဆောက်မှာ ၁၀ နှစ်ခံကတ် ကိုင်ဆောင်သူ မြန်မာ ၁၂ ဦး ဖမ်းခံရ”။ တောင်ပေါ်သားကတ်လို့လည်း ခေါ်ကြတဲ့ ၁၀ နှစ်ခံကတ်ဆိုတာက ထိုင်းနိုင်ငံမှာ နိုင်ငံမဲ့အဖြစ် နှစ်ရှည်နေထိုင်တဲ့သူတွေ၊ နှစ်ကြာရှည် နေထိုင်နေတဲ့သူတွေနဲ့ ရပ်ရွာတွေမှာ ထောက်ခံစာနဲ့ နှစ်ရှည်ကြာ နေထိုင်နေတဲ့သူတွေကို မြို့နယ်က ၁၀ နှစ်ကြာ နေထိုင်ခွင့်ရှိတဲ့ တရားဝင် နေထိုင်ခွင့်ကတ် ဖြစ်ပါတယ်။ အဲဒီကတ်ရဖို့ ရပ်ရွာသူကြီး ထောက်ခံချက်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပေးတာပါ။

ရပ်ရွာသူကြီးက "ဒီလူဟာတော့ဖြင့် ဒီရပ်ရွာမှာ နေထိုင်နေတာ ၁၀ နှစ်ကျော် ရှိပါပြီ" လို့ ထောက်ခံပေးသူကိုသာ မြို့နယ်မှူးက ထုတ်ပေးတာဖြစ်ပြီး၊ ဒီကတ်ကိုင်ဆောင်ထားတဲ့ မြန်မာပြည်သားတွေလည်း ထိုင်းမှာ အများကြီး ရှိပါတယ်။ ကိုယ်တိုင် ကြုံရပုံကတော့ ၂၀၂၂ ခုနှစ်မှာ မဲဆောက်ကို တစ်ကျော့ပြန်ရောက်တော့ ပန်းရောင်ကတ် လုပ်ပေးတဲ့ မြန်မာပြည်သား ပွဲစားလူငယ်တစ်ယောက်နဲ့ တွေ့တယ်။ သူက "တောင်ပေါ်သားကတ် လုပ်မလား၊ ဘတ်တစ်သိန်းပေးရင် တောင်ပေါ်သားကတ် ရမယ်" လို့ လာပြောတယ်။ တောင်ပေါ်သားကတ်လုပ်ဖို့ ဒီလောက် မလွယ်မှန်း သိထားနှင့်လို့ "မလုပ်ဘူး" လို့ ပြန်ပြောခဲ့တယ်။

အခုတော့ မဲဆောက်မှာ တောင်ပေါ်သားကတ် ကိုင်ထားကြတဲ့ မြန်မာတစ်ဒါဇင်လောက် ထိုင်းရဲဖမ်းတာ ခံကြရပြီ။ သတင်းအရ ဘန်ကောက်က အဖွဲ့စုံပါတဲ့ ထိုင်းတာဝန်ရှိသူ တစ်ရာကျော်ဟာ မဲဆောက်ရောက်လာပြီး တောင်ပေါ်သားကတ် ကိုင်ထားကြတဲ့ မြန်မာတွေနေတဲ့ အိမ်ထဲအထိ ရောက်လာပြီး ဖမ်းခဲ့တာပါ။ သူတို့နဲ့အတူ တောင်ပေါ်သားကတ် လုပ်ပေးခဲ့ကြတဲ့ ထိုင်းဝန်ထမ်းတွေလည်း အဖမ်းခံရပါတယ်။ အဲ... အဖမ်းခံရတဲ့အထဲမှာ စောစောကပြောတဲ့ ပွဲစားတွေ ပါတယ်လို့တော့ မဖတ်လိုက်ရပါဘူး။ ထိုင်းတာဝန်ရှိသူ အဆိုအရ တောင်ပေါ်သားကတ် ကိုင်ထားကြသူပေါင်း ၇၀၀ ကျော် ရှိတယ်။

တစ်ယောက်ကို ဘတ်လေးသောင်းကနေ ဘတ်တစ်သိန်းအထိ တောင်းပြီး တောင်ပေါ်သားကတ်တွေ လုပ်ပေးခဲ့ကြတာ၊ ထိုင်းမှတ်ပုံတင်ဌာန ဝန်ထမ်းတွေဟာ ပွဲစားတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံသားတွေကို သုည (၀) ဂဏန်းနဲ့စတဲ့ ၁၀ နှစ်ခံ မှတ်ပုံတင်ကတ်တွေကို မသမာတဲ့နည်းနဲ့ တရားမဝင် ထုတ်ပေးခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ လက်ဗွေရာတွေကို လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးခဲ့ရာ ဖမ်းဆီးခံရသူ မြန်မာ ၁၂ ဦးစလုံးဟာ မြန်မာနိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ကိုင်ဆောင်ထားပြီးသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းပြည်သူ့မှတ်ပုံတင်စနစ်နဲ့ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေတယ်လို့လည်း ထိုင်းအရာရှိတွေက ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ထိုင်းဘက်ခြမ်းကို ဝင်ရောက်ခိုလှုံခဲ့ကြတဲ့ မြန်မာပြည်သားအများစုဟာ မဲဆောက်ကို ရောက်ကြတာများပြီး၊ တတ်နိုင်သူတွေလည်း များတယ်။ ထိုင်းရဲရန်က အကာအကွယ်ယူကြဖို့ ပန်းရောင်ကတ်လို့ခေါ်တဲ့ အလုပ်သမားကတ် လုပ်သူလုပ်၊ ပတ်စ်ပို့ဗီဇာ သက်တမ်းတိုးပြီး နေသူနေ၊ ဒီလိုပဲ အဆင်ပြေသလို နေကြရတယ်။ ဒီအထဲမှာ ထိုင်းကို အခုမှ ရောက်လာကြတဲ့ မြန်မာပြည်သားတွေဟာ စောစောကပြောတဲ့ ပွဲစားလူငယ်လို လူတွေနဲ့တွေ့ပြီး အဆွယ်ကောင်းတာရော၊ ပိုက်ဆံတတ်နိုင်တာရောနဲ့ တောင်ပေါ်သားကတ်တွေ ကိုင်ကြဟန်ပါ။

တကယ်တော့ တောင်ပေါ်သားကတ် အမှန်အကန် ကိုင်ထားသူတွေဟာ တစ်နှစ်တစ်ကြိမ် ကတ်လုပ်ထားတဲ့ရပ်ရွာ ပြန်ပြီး ရှိနေသေးကြောင်း လက်မှတ်သွားထိုးရတယ်။ ခရီးသွားမယ်ဆို မြို့နယ်မှူးလက်မှတ်နဲ့ နယ်ကျော်သွားလာခွင့် တောင်းရတယ်။ အခုက တောင်ပေါ်သားကတ်အတုတွေ ကိုင်ထားကြပြီး ထိုင်းမှတ်ပုံတင်ရဖို့အထိ ခြေလှမ်းကျဲလာတာကြောင့် ထိုင်းတာဝန်ရှိသူတွေက စီမံချက်နဲ့ ဖမ်းတော့တာပါပဲ။ ၂၀၂၁ ခုနှစ် နောက်ပိုင်း ထိုင်းနိုင်ငံထဲ ရောက်လာကြတဲ့ မြန်မာပြည်သား သန်းနဲ့ချီ ရှိခဲ့တော့ ထိုင်းရဲက စီမံချက်ချဖမ်းပြီဆို မြန်မာပြည်သားတွေ ထိပ်ဆုံးက ပါလေ့ရှိတယ်။

ဒီအထဲမှာ အခုလို တောင်ပေါ်သားကတ်ကိုင်လို့ အဖမ်းခံကြရတော့ မသိနိုးနားနဲ့ ဒုက္ခရောက်ကြရတယ်။ ထိုင်းလူဝင်မှုဥပဒေအရ ကတ်အတုကိုင်သူတွေဟာ ထောင်ဒဏ် ၆ လကနေ ၅ နှစ်အထိ ကျခံရနိုင်ပြီး၊ ဒဏ်ငွေ ဘတ်တစ်သောင်းကနေ ဘတ်တစ်သိန်းအထိ ပေးဆောင်ရနိုင်တယ်။ ပြီးရင် ပြည်နှင်ဒဏ် ပေးခံရနိုင်တယ်။ မြန်မာပြည်မှာ ဒုက္ခရောက်ပြီး နေမရတော့လို့ ထိုင်းထွက်လာသူတွေကို ထိုင်းမှာ အနေကြာပြီး လူရည်လည်နေကြတဲ့ မြန်မာပြည်သားတချို့က သူတို့အကျိုးစီးပွား တစ်ခုတည်းကြည့်ပြီး “ဂျင်း” ထည့်တတ်ကြတာ သတိပေးလိုရင်းပါပဲ။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar