ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၂၁)
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၂၁)
မိုးမခ ၊ ဩဂုတ် ၉ ၊ ၂၀၂၆
ခွေးခွေးချင်း ဖင်နမ်း ဂွေးနမ်းလုပ်တာ တော်သလင်းအထာ။
ဘာတဲ့၊ မအလနဲ့ ငလမအဖွဲ့ကို အခက်အခဲဖြစ်မယ့် ပွတ်တိုက်မယ့် မေးခွန်းနဲ့ အဆိုတွေ လွှတ်တော်ထဲ ဟောင်တာ၊ အူတာမလုပ်ဖို့ ကြံ့ဖွတ်အုပ်ကြီး ဖင်တသီသီ ခင်ခင်ရီက အီသတဲ့။
"မိတ်ဖက်ဆက်ဆံရေးနဲ့ လုပ်ကြရမယ်။ ရန်သူတွေမဟုတ်ဘူး။ ရန်ဖြစ်လို့ မရဘူး။ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးဆိုတာ ချေးနဲ့ သေးလို ခွဲခြားမရဘူး။ အဲဒါကြောင့်မို့ လျှောက်ကိုက်လို့မရဘူး။ တော်သလင်းမှမဟုတ်ဘူး၊ ဘယ်လမှာမှ ဖြစ်လို့မရဘူး။ ခွေးဘုရားပွဲ တွေ့တိုင်းလည်း မျှစားရမယ်၊ တကောင်တည်း စွတ်မကြိတ်ရဘူး။ အမြီးနဲ့ ကောင်ချင်းမို့ ပူးပေါင်းလုပ်ဆောင်ကြပါလို့ ဥက္ကဋ္ဌက ညွှန်ကြားတယ်" လို့ DJP (Dogs Jantar Party) သတင်းရင်းမြစ်က ရှင်းပြပါတယ်။
ကြက်ဥတလုံး ခုနစ်ရာဖြစ်အောင်လုပ်တဲ့ အဲဒီလို ကျက်သရေတုံးကောင် ဘောကို မပြီး အဲလို ခွေးဇာတ်ခင်းနေကြတာများ မြင်မကောင်း ကြားမကောင်း။ တိုင်းပြည် ဘက်ပေါင်းစုံ ပျက်နေတာ ဒင်းလက်ချက်လေ။ ဟောင်ကောင်နှုတ်သီး မပြတ်ချီး ပြည်ကြီးပျက်ကိန်းကြုံလိမ့်မည်ဆိုတဲ့ အဲဒီအူကောင်ရဲ့စနက်။ ဟောကြည့်၊ ငလျင်ဘေးပြန်လည်ထူထောင်ရေးအတွက်ဆိုပြီး အဲဒီအူကောင်ရဲ့ ဟောင်ချက်နဲ့ ငွေစက္ကူထုတ်တဲ့ ဝါဇီစက်ရုံမှာ နေ့ဆိုင်း၊ ညဆိုင်းနဲ့ပါ အဆက်မပြတ် ငွေတွေရိုက်ထုတ်တယ်။ ငလျင်ဘေး ပြန်လည်ထူထောင်ရေးအတွက်ပဲ သီးသန့်ရိုက်နှိပ်ထုတ်ဝေတဲ့ ငွေက ကျပ် ဘီလီယံ ၁,၀၀၀ ဝန်းကျင်တဲ့။ အလကားနေရင်း ဒီတိုင်းလည်း ဆက်ရိုက်ထုတ်နေတာ။ အဲလိုရိုက်ထုတ်ဖို့ ပစ္စည်းတွေက အီရန်ဆီက အကူအညီရတာလေ။ လူပေါင်း ၄,၀၀၀ နီးပါး သေဆုံးခဲ့တဲ့ ငလျင်အကြောင်းပြုပြီး နိုင်ငံတကာကကူတဲ့ ဒေါ်လာတွေကျ လက်နက်ဝယ်၊ ပြည်သူသတ်။ ပြည်သူကို ဒုက္ခတွေတထွေးကြီးပတ်ဖို့ ငွေစက္ကူရိုက်ထုတ်၊ အဲဒါကြောင့် ကုန်ဈေးနှုန်းတွေတက်၊ သာမန်ဆင်းရဲသားတွေ ဘဝပျက်ချက်တိုင်း ပျက်နေကြတာ။
အဲဒီလိုမျိုးနဲ့ ငတ်မသေရင် ပြတ်သေအောင်ဆိုပြီး စစ်ခွေးလေကောင်တွေက ဗုံးလိုက်ကြဲသေးတာ။ ဇူလိုင် ၂၅ ရက်က ရေတာရှည်မြို့နယ်၊ လေလာမြောင်ကျေးရွာကို ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ဒေသခံ ၈ ဦး သေဆုံးတယ်။ ဘာစစ်မှ တိုက်နေတဲ့နေရာမဟုတ်ဘူးနော်၊ K8-W လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံးသီး ၂ လုံးကြဲချပြီး စက်လက်သေနတ်နဲ့လည်း ၁၀ ချက်ကျော် ပစ်သွားသေးတာ။ သေဆုံးခဲ့သူတွေကတော့ ဦးဇော်ဝမ်း (၅၂) နှစ်၊ အက်သည် (၄၁) နှစ်၊ နော်စစ် (၁၈) နှစ်၊ သားစစ် (၁၃) နှစ်၊ နော်ဒါး (၈) နှစ်၊ ဦးထီးစေး (၃၈) နှစ်၊ ဒေါ်သန်းညွန့် (၂၇) နှစ် နဲ့ ဘွယ်နိုစေး (၇) နှစ် တို့ မိသားစုနှစ်စုပါ။ အဲဒီလို မိစ္ဆာသက်သက်တွေလေ။
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေဟာ ၂၀၂၆ ခုနှစ် မတ်လနှောင်းပိုင်း ရဲဝင်းဦးနဲ့ ကျော်စွာလင်းလက်ထက်မှာ ပိုပြင်းထန်လာတယ်လို့ လွတ်လပ်တဲ့ ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့ ACLED (Armed Conflict Location & Event Data) က ပြောပါတယ်။ အရင်ခွေးထက် နောက်ခွေးက အစွယ်ပိုထက်တာပေါ့လေ။
ACLED က စစ်တပ်ဟာ အရပ်သားတွေကို ဖိနှိပ်တဲ့ နည်းဗျူဟာကို ပြောင်းလဲအသုံးပြုလာပြီး ပစ်မှတ်တခုတည်းကို တိုက်လေယာဉ် ၂ စင်းကနေ ၅ စင်းအထိ အုပ်စုလိုက်သုံးပြီး ဆက်တိုက်ဗုံးကြဲတိုက်ခိုက်တာမျိုးတွေ ပိုများလာတယ်တဲ့။ ၂၀၂၆ ခုနှစ် ပထမ ၆ လအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၂ ကြိမ်ကျော်မှာ အရပ်သား ၄၅၀ ကျော် သေဆုံးခဲ့သတဲ့။ သေဆုံးသူတွေရဲ့ ၄၀ ရာခိုင်နှုန်းခန့်ဟာ စစ်ကိုင်း၊ မကွေး အပါအဝင် အညာဒေသကတဲ့။ ခွေးသထက်ခွေးတွေလေ။ ဘယ်ခွေး ဘယ်လောက်ခွေးခွေး ဘယ်တော့မှ သူတို့ထက် မခွေးဘူး။
ခွေးကျင့်ခွေးကြံထဲက လူငယ်တွေအဆိုးဆုံးခံရတာကတော့ ခွေးမှုထမ်းကပ်ဘဲ။ ခုဆို အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ထိ အမည်စာရင်းတွေကို မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်တွေမှာ ဖြန့်ထားပြီး စစ်ဆေးစောင့်ဖမ်းတယ်။ ဧည့်စာရင်းစစ်တယ်ဆိုပြီး အိမ်တက်ဖမ်းတယ်။ ကားပေါ်တက်ဆွဲချတယ်။ လစဉ် လူငယ် ၅,၀၀0 ကျော်ကို အတင်းအကျပ် ဆင့်ခေါ်အသေခံခိုင်းနေတာ ခုဆို ၂၇ သုတ်ရှိပြီ။ ခန္တီးမှာဆို အလုပ်သွားတုန်း၊ ပညာသင်သွား၊ ဆေးကုသွားတုန်း စစ်ဆေးရေးဂိတ်၊ လမ်းပေါ်၊ ဟိုတယ်တွေမှာ ဖမ်းပြီး သိန်း ၃၀၀၊ ၄၀၀ နဲ့ ရွေးခိုင်း၊ မရွေးနိုင်ရင် အတင်းအကျပ် စစ်မှုထမ်းခိုင်းတာတွေလုပ်နေလို့ ပွက်လောရိုက်နေတယ်။
လောလောဆယ် ရင်နင့်စရာအဖြစ်အပျက်တခုရှိတယ်။ ခွေးစိတ်ခွေးမာန်ထက်သန်ပြီး ခွေးကျင့်ခွေးကြံကြံနေကြတဲ့ထဲက တခုပေါ့။ တပ်ကုန်းမှာ နားမကြားတဲ့ ကိုအောင်အောင်ကို နေအိမ်ထိ လာဖမ်းပြီး စစ်မှုထမ်းသင်တန်းကျောင်းကို ပို့လိုက်တယ်၊ အိမ်မှာ အသက် ၇ နှစ်အရွယ် သားဖြစ်သူတဦးတည်း ကျန်ရစ်ခဲ့တယ်။
“အဲဒီညက လမ်းထိပ်က ဆိုင်တွေတောင် မပိတ်သေးဘူး။ စစ်သားတွေနဲ့ ပျူတွေ အရပ်ဝတ်နဲ့ ရောက်လာပြီး အိမ်ကို ဝိုင်းလိုက်တယ်။ ကလေးကလည်း နေမကောင်းဘူး၊ သူ့အဖေကို အတင်းဖက်ထားတာကို ခွဲပြီး သူ့အဖေကို ဆွဲထုတ်သွားကြတာ။ တရပ်ကွက်လုံး ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အသံတွေ ကြားနေရတယ်။ ကလေးခမျာတော့ အဲဒီညတညလုံး တယောက်တည်း ကျန်ခဲ့ရတယ်” တဲ့။ စဉ်းစားကြည့်။ မိအိုဖအိုတွေကျန်ခဲ့ပြီး ဒုက္ခရောက်တာ၊ မွေးစကလေးနဲ့ ငိုယိုကျန်ခဲ့တဲ့မိန်းမတွေဆိုတာ သိန်းကျော်နေပြီလေ။
ခွေးတပ်ရဲ့ ခွေးဇာတ်တွေကတော့ ပြောကုန်မှာမဟုတ်။ ခု ရွာတွေကို စစ်ကြောင်းထိုးပြီးဖြစ်ဖြစ်၊ စစ်ရှုံးလို့ဖြစ်ဖြစ် ဆုတ်ခွာသွားရင် ရေတွင်းရေကန်တွေ၊ နေအိမ်တွေမှာ ကျန်ရှိနေခဲ့တဲ့ စားသောက်ကုန်တွေ၊ သောက်ရေအိုးတင်မက ရေသန့်ဘူးတွေပါမချန် အဆိပ်ခတ်ထားခဲ့တာ။
ပြည်တွင်းမှာပဲ ဒုက္ခပေးတာလားဆိုတော့ မဟုတ်ဘူး၊ တကမ္ဘာလုံးအနှံ့ ဒုက္ခဖြန့်တာ။ တရုတ်တွေနဲ့ပေါင်းပြီး ကျားဖြန့်လုပ်ငန်းကြီးတွေထောင် ပင်စင်စားအဘိုးအဘွားတွေကစ အသိဉာဏ်နည်းပါးတဲ့ဆင်းရဲသားတွေပါမချန် ငွေလိမ်တယ်။ သတ်သေအောင် လုပ်တယ်။ အဲဒီလိုလိမ်ဖို့ လူငယ်ပညာတတ်လေးတွေ ပြန်ပေးဆွဲ၊ လိမ်ခိုင်းတယ်။ သွေးဆောင်ဖြားယောင်းခေါ်တယ်။ သူတို့ကိုလည်း ခိုင်းတဲ့အတိုင်းမလုပ်ရင် ရိုက်နှက်ညှဉ်းဆဲသတ်ဖြတ်တယ်။ ကလီစာတွေထုတ်ရောင်းတယ်။ ခု အမေရိကန်က နှံမယ်ဆိုတော့ BGF နဲ့ ပေါင်းလုပ်ထားတဲ့ ရွှေကုက္ကိုကျားဖြန့်အဆောက်အအုံအားလုံး ဖြိုချဖျက်ဆီးပြီးပြီလို့ နည်းနည်းလေးအဖျက်ပြပြီး လိမ်လည်အူပြတယ်။ တကယ်က ရွှေကုက္ကိုမြို့တွင်းနဲ့ မြို့ပြင်တွေမှာ ကျားဖြန့်တွေက ဆက်ရှိနေတုန်း။ ဖြိုတာထက် နေရာရွေ့ထပ်ဆောက်တဲ့ အဆောက်အအုံက ပိုများတာ။
ကမ္ဘာရောမြန်မာကို ကျားဖြန့်နဲ့တင် လိမ်လည်ညှဉ်းပန်းသတ်ဖြတ်တာ မဟုတ်ဘူး၊ မူးယစ်ဆေးပြားနဲ့ပါ လုပ်ကြံသေးတာ။ အနီးဆုံး ထိုင်းလည်း တအားခံနေရတော့ ဗိုလ်ချုပ်ကြီး ပိုင်ဘွန်း ခွမ်ချိုင်ခမ်း ဦးဆောင်တဲ့ထိုင်းအဖွဲ့ဟာ ဇူလိုင် ၂၅ ရက်က နေပြည်တော်ရောက်လာပြီး ဒေသတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုကို ပြင်းပြင်းထန်ထန်နှိမ်နင်းဖို့ မြန်မာဘက် လာတိမ်းရှောင်နေတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင်တွေ ဖမ်းပေးဖို့ ပြောပြီ။ ဘိန်းရာဇာမှန်သမျှ မြန်မာပြည်မှာပဲလေ။ အကုန် BGF နဲ့ စစ်တပ်လက်ထဲချည်း။
ထိုင်းဘက်က လိုချင်တဲ့ မူးယစ်ဆေးဝါးမှောင်ခို ဂိုဏ်းခေါင်းဆောင်တွေ ဖမ်းပေးဖို့အပြင် ထိုင်းနိုင်ငံက တင်သွင်းတဲ့ ဓာတုဇီဝပစ္စည်းတွေနဲ့ ဆေးပြားထုတ်နေတာတွေကို ရပ်တန့်ဖို့နဲ့ ဓာတုပစ္စည်းတွေ မှောင်ခိုသယ်ယူနေတာတွေလည်း တားဆီးပေးဖို့ လာပြောတာ။ ဒါလည်း ထုံးစံအတိုင်း ဟုတ်ကဲ့ပါဆိုပြီး တယောက် နှစ်ယောက် ဖမ်းပေး၊ လိုအပ်တဲ့အကူအညီတွေပေးပါဆိုပြီး ခွေးပါးထပ်ဝဦးမှာ။
အဲဒီလောက် ယုတ်ကန်း၊ ရူးနှမ်းသွပ်ချာနေတဲ့ကောင်ကို လက်ခံ ဆက်ဆံ ပေါင်းသင်းလိုက်တာနဲ့ တပြိုင်နက် လူ့ဂုဏ်သိက္ခာဆိုတာ တခါတည်း ကွာကျသွားတော့တာ။ လူ့ရည်လူရောင်လည်း မှောင်သွားရော။ ချက်ချင်းလက်ငင်း လူအဆင့်ဆင်းသွားတဲ့သူထဲကဆို မိုဒီကြည့်။ ခု သူ့ရုပ်ပုံချည်း ဘယ်လိုပြုခံနေရ၊ လုပ်ခံနေရတယ် ဆိုတာသာကြည့်။ ခွေးကို ဖြီးပြတာနဲ့ ခွေးချေး တန်းဖြစ်တာ။ လူထု အကြည်ညိုပျက်တဲ့အပြင် မမြင်လို၊ မတွေ့လိုတဲ့အထိဖြစ်လာ၊ မဲနိုင်ဖို့ဝေး၊ သက်တမ်းမပြည့်ခင် ပြေးရမယ့်ကိန်း။ သူ့တိုင်းပြည်လည်း ရေတင်မက ဆန္ဒပြပွဲကြီးတွေပါ နစ်နေပြီ။ ပိုးဟပ်တွေက ပါတီရုံးတွေတင်မက သူ့အိပ်ခန်းထဲထိရောက်နေပြီ။ အဲတော့ မိုဒီခမျာ ပိုးဟပ်တွေနဲ့ ဘိုးသိုးဘတ်သပ်ကြီးဖြစ်နေရပြီပေါ့။
လာအိုသမ္မတလည်း တော်တော်ပြာနေပြီတဲ့။ ငလမနဲ့နှုတ်ဆက်မိတဲ့လက်ကို တရော်ကင်ပွန်းနဲ့ကို စိမ်နေပြီကြားတယ်။ အယားမပြေရင် အက်ဆစ်နဲ့ပါ ပွတ်တော့မယ်တဲ့။ သူ ခံရရင် ပိုနာမယ်မဟုတ်လား။
မအလ ဆိုတာ တကယ့်အကုသိုလ်ကောင်ကြီးသက်သက်။ ဘုန်းကြီးတွေ သတ်တယ်။ ဘုရားကျောင်းကန်တွေ ဖျက်တယ်။ ကလေးတွေ ဗုံးကြဲတယ်၊ မီးတိုက်တယ်။ လူအိုတွေလည်း အဲဒီလိုပဲ။ အမျိုးသမီးဆို ကြီးကြီးငယ်ငယ် မုဒိမ်းကျင့်သတ်ခိုင်းတာ။ လူငယ်လူရွယ်တွေလည်း ပြေးနိုင်ရင်လွတ်တယ်၊ မပြေးနိုင်ရင် စစ်မှုထမ်းဆိုပြီး အသတ်ခိုင်း၊ အသေခိုင်းတယ်။ လူတွေ ငတ်သေအောင်လုပ်တယ်။ နာမကျန်းဖြစ်သေအောင်ညှင်းတယ်။ ဆေးဖြတ်တယ်။ ခုပြောတာက သာမာန်လောက် နေ့တဓူဝလောက်လုပ်တဲ့အကုသိုလ်ကိုပြောတာ။ ရေရှည်စီမံကိန်းချ သားစဉ်မြေးဆက်သတ်တာတွေ မပါသေးဘူး။ တိုင်းပြည့်ဘဏ္ဍာ ဖြောင်တာတွေမပါသေးဘူး။ ပြည်သူ့လုပ်အား နေ့စဉ်ခိုးစားနေတာတွေ မပါသေးဘူး။ လူထုအသိဉာဏ်ပညာကို သင်းကွတ်ပစ်တာတွေ မပါသေးဘူး။ အပြန်အလှန်သတ်စားတဲ့ ဇွန်ဘီနိုင်ငံလုပ်ပစ်တာတွေ မပါသေးဘူး။ တလောကလုံး မူးယစ်ဆေးနွံနှစ်သတ်နေတာတွေ မပါသေးဘူး။ ကျားဖြန့်ငွေလိမ်လုပ်ငန်းနဲ့ ဘဝတွေဖျက်ဆီးနေတာတွေ မပါသေးဘူး။
အဲလိုခွေးနဲ့ ထိလိုက်တာနဲ့ တပြိုင်နက် တက်လာမှာကတော့ ကပ်ဘေးဘဲ။ ဒါ ဘယ်တော့မှမလွဲ။ တရုတ်ကိုဘဲကြည့်၊ မုန်တိုင်းနှစ်လုံးဆင့်လိုက်တာ ဖွာလန်ကြဲလို့။ ခု နောက်ထပ်နှစ်လုံးထပ်လာ၊ မအလအကုသိုလ်မုန်တိုင်းကြီးတွေ အများကြီးကျန်သေးတာ။ ငွေစက္ကူတွေရိုက်ထုတ်ပြီး ဒုက္ခအစုံပေးနိုင်အောင်ကူညီလိုက်တဲ့အီရန်ဆို နိုင်ငံလည်း ကြေမွ၊ လူလည်း သေရတာမှ ခေါင်းဆောင်ပိုင်းတွေချည်း။ မြန်မာပြည်ကို မအလစစ်ခွေးတွေဖျက်ထားသလို နှစ်သုံးလေးဆယ်ပြန်ဆောက်ယူရမဲ့အခြေအနေထိ ပျက်သွားတာ။
ပူတင် ဆို ဘယ်သူမှ လူမထင်တော့။ တိုင်းပြည်က ထိုင်ရင်းနေရင်း မအလ ကပ်ပြီး ငလမ ထပ်ဆိုက်၊ ဘဝနာချက်များ ရေနံရောင်းတဲ့နိုင်ငံလုပ်ပြီး ဆီပြတ်၊ သူ့ပြည်သူက သူ့ပြန်သတ်မဲ့ရက်ပါ နီးလာပြီ။ ယူကရိန်း သွားစစ်တိုက်တာ တလောကလုံးရဲ့ ရန်သူပါဖြစ် ဒစ်လည် ရုရှားအာဏာပါ အမြစ်တွယ်ဖို့ မလွယ်တော့။ ခေတ်တခေတ် ပြန်ကြွယ်ဖို့ဆိုဝေး၊ ခွေးသထက်ခွေးဖြစ်။ ဆင်ပိန်ကျွဲမဟုတ်၊ ကြွက်ဖြစ်။
မအလမို့ လက်ခံလိုက်တာနဲ့ စဉ်ဆက်မပြတ် ဘယ်ကဘယ်လို ပေါ်လာမှန်းမသိတဲ့ ဘေးဆိုးတွေနဲ့ကြုံကြပြီး မီးခဲဖင်ခု ထိုင်ရတော့တာ။ တချို့ဆို မီးခဲမျိုရတဲ့အဆင့်။ တချို့ကျ မီးပုံအလယ်ကောင်၊ တချို့ကျ ခေါင်းမီးတောက်၊ ခေါင်မီးစွဲ၊ ဓန အာဏာ ဂုဏ်သိက္ခာ အကုန်မွဲပြာကျ၊ အင်း သဘာဝ၊ သဘာဝ၊ အကုသိုလ်လုပ်ငန်းရဲ့သဘာဝ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar