Breaking News

လက်နက်ကိုင် ပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ် သို့မဟုတ် သဘာဝဘေးနိုင်ငံရေး

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၈ မြင်ကွင်း

(မိုးမခ) ၊ ဩဂုတ် ၈ ၊ ၂၀၂၆

လက်နက်ကိုင် ပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ် သို့မဟုတ် သဘာဝဘေးနိုင်ငံရေး

ယခုနှစ်နှစ်လယ်ပိုင်းလောက်ကနေ နောင်နှစ် နှစ်ဆန်းပိုင်းအတွင်း အယ်လ်နီညိုလို့ ခေါ်ဆိုတဲ့ ကမ္ဘာ့ရာသီဥတု အပူချိန်မြင့်တက်တဲ့ ဖြစ်စဥ်အတွင်း မိုးခေါင်တာ၊ မိုးနည်းတာအပြင် ပုံမှန်မဟုတ်တဲ့ မိုးရွာသွန်းမှုတွေ ကြုံတွေ့ရနိုင်ကြောင်း မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားခဲ့ကြတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဟာလည်း အယ်လ်နီညို ဖြစ်စဥ်ရဲ့ သက်ရောက်မှုကို အနည်းနဲ့အများ ခံစားရမှာဖြစ်ပြီး ပုံမှန်ရာသီဥတု ဖြစ်စဥ်နှစ်တွေမှာတောင် မြန်မာနိုင်ငံရဲ့ အချို့သောဒေသတွေမှာ မိုးရာသီကျရောက်တိုင်း၊ ရုတ်တရက်ရေကြီးတာ၊ မြစ်ရေစိုးရိမ်ရေမှတ်ကျော်လွန်ပြီး လူနေထိုင်တဲ့နေအိမ်တွေ၊ စိုက်ပျိုးခင်း၊ စပါးစိုက်ခင်းတွေ ရေနစ်မြုပ်တဲ့ဖြစ်စဥ်တွေ နှစ်တိုင်းလိုလို ဖြစ်ပွားနေခဲ့ရာက ဒီနှစ်မှာတော့ ပုံမှန်မဟုတ်တဲ့ ရာသီဥတုဖြစ်စဥ်တွေကြောင့် ရေကြီးနစ်မြုပ်တာ၊ တာကျိုးပြီး မြို့ နဲ့ ရွာတွေ၊ စိုက်ပျိုးမြေတွေ နစ်မြုပ်တာတွေ ဖြစ်နေသလို လက်နက်ကိုင် တိုက်ခိုက်မှုတွေ မပြတ်ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ အလယ်ပိုင်းတွေလို ဒေသတွေမှာ မိုးသည်းထန်ပြီး မြစ်ရေ၊ ဆည်ရေလျှံတာတွေကနေ ရေကြီးတာတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာနေတာတွေ့ရပါတယ်။ 

ဧရာဝတီတိုင်း လေးမျက်နှာမြို့အနီး တာဘောင်ကျိုးတဲ့ အဖြစ်အပျက်ဖြစ်ပွားပြီးနောက် ရက်အနည်းငယ်အကြာမှာ စစ်ကိုင်းတိုင်းမှာလည်း မိုးသည်းထန်စွာရွာသွန်းရာက သဖန်းဆိပ်ဆည် ရေပြည့်မှတ်ရောက်ရှိပြီး ရေပိုတွေကို ဖွင့်ချရာက စစ်ကိုင်းတိုင်း မူးမြစ်ဝှမ်းဒေသတွေမှာ ကျေးရွာတွေနဲ့ စိုက်ခင်းတွေ ရေမြုပ်လာတာ ဖြစ်ပါတယ်။ ဆည်ရေစလွှတ်လိုက်ချိန်မှာ ရေလွှတ်တာကို ကြိုမသိဘဲ ရေလွှတ်မြောင်းကို ဖြတ်ကူးတဲ့ လယ်စိုက်သမ ၆ ဦးရေနဲ့မျောပါ အသက်ဆုံးရှုံးခဲ့ရတာလည်း ဖြစ်ပါတယ်။ 

အခု ရေကြီးနေတဲ့ ဒေသတွေကတော့ ကန့်ဘလူမြို့နယ်ထဲမှာ ကျေးရွာ ၁၄ ရွာ၊ တန့်ဆည်မြို့နယ်က ကျေးရွာ ၂၀ဝန်းကျင်၊ ရေဦးမြို့နယ် မြို့အပါအဝင် ကျေးရွာ ၅၀ ကျော်၊ ခင်ဦးမြို့နယ်မှာ ကျေးရွာ ၁၅ ရွာ၊ ဒီပဲယင်းမြို့နယ်မှာ ကျေးရွာ ၂၀ ဝန်းကျင်၊ ရွှေဘိုမြို့နယ်မှာ ကျေးရွာ ၁၈ ရွာ၊ ဝက်လက်မြို့နယ်မှာ ကျေးရွာ ၁၅ ရွာနဲ့ အရာတော်မြို့နယ် မူးမြစ်နဘေးက ကျေးရွာတွေ စုစုပေါင်း ကျေးရွာ ၁၅၀ ကျော် ရေဘေးသင့်နေပြီး လူဦးရေအားဖြင့် ဆိုရင် သိန်းဂဏန်းကျော် ရေဘေးဒဏ်ခံစားနေကြရတာ ဖြစ်ပါတယ်။ 

အခု ဖော်ပြခဲ့တဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ ကန့်ဘလူကလွဲရင် ကျန်မြို့နယ် အားလုံးနီးပါးရဲ့ ကျေးရွာတွေကို PDF လက်နက်ကိုင်တွေက စိုးမိုးထားတဲ့နယ်မြေတွေ ဖြစ်ပါတယ်။ အထက်က မြို့နယ်နာမည်တွေရဲ့ မြို့ဧရိယာကိုသာ စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။ 

ယခင်လက ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်နဲ့ မြောက်ဦးတဝိုက်ဒေသတွေမှာ မိုးသည်းထန်ပြီး မြစ်ရေတွေ မြင့်တက်လာကာ မြို့တွေရွာတွေ ရေဘေးသင့်ကာ သီတင်းတပတ်ဝန်းကျင်အကြာ နေအိမ်၊ အဆောက်အဦတွေ ရေနစ်မြုပ်နေခဲ့ပါတယ်။ AA လက်နက်ကိုင် အဖွဲ့က အပြည့်အဝ ထိန်းချုပ်အုပ်ချုပ်နေတဲ့ ဒေသတွေဖြစ်လို့ ရခိုင်ပြည်နယ် မြောက်ပိုင်း ရေဘေးကျရောက်စဥ် အာရက္ခ အစိုးရနဲ့ Arakan Army တို့က အရေးပေါ် ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတို့ကို ဆောင်ရွက်ကြတာတွေ့ရပါတယ်။ ရခိုင်ပြည်နယ်ရဲ့ စစ်တွေနဲ့ ကျောက်ဖြူ၊ မာန်အောင်တို့ကိုသာ ထိန်းချုပ်ထားနိုင်တော့တဲ့ အာဏာသိမ်းစစ်အစိုးရ အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ရေဘေးသင့်နေတာနဲ့ ပတ်သက်ပြီး အကူအညီပေးတာ မရှိတဲ့အပြင် ရခိုင်ပြည်နယ်ကို လူသုံးကုန်ပစ္စည်း၊ ရိက္ခာ၊ လောင်စာဆီ နဲ့ ဆေးဝါးတွေ သယ်ယူခွင့်ပိတ်ထားတာကိုတော့ ဖြေလျှော့ပေးတာ မရှိခဲ့ပါဘူး။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရေဘေးသင့်မှုကြောင့် လူဦးရေ ဘယ်လောက် ထိခိုက်ခံစားရသလဲ၊ စီးပွားရေးအရ၊ စိုက်ပျိုးရေးနဲ့ အသက်မွေးကြတဲ့ ဒေသတွေဘယ်လောက် ပျက်စီးဆုံးရှုံးသွားသလဲ၊ တဖက်မှာ ပြည်နယ်အစပ်ဒေသတွေမှာ စစ်ပွဲတွေ ဆင်နွှဲနေရတဲ့ အာရက္ခအစိုးရ အနေနဲ့ ဘယ်လောက်အကူအညီပေးနိုင်ခဲ့လဲ ဆိုတဲ့ အချက်အလက်တွေတော့ အခုလို ပဋိပက္ခတွေကာလမှာ အသေးစိတ် မသိရှိနိုင်ပါဘူး။

ရခိုင်ပြည်နယ်က ရေကြီးတာ ဖြစ်ပွားပြီးနောက် တလမကြာခင်ကာလမှာ ရခိုင်ပြည်နယ် တောင်ဘက် ဂွမြို့နယ်နဲ့ ထိစပ်နေတဲ့ လေးမျက်နှာမြို့နယ်မှာ မြစ်ရေကို ကာထားတဲ့ တာကျိုးပေါက်ပြီး လေးမျက်နှာမြို့နဲ့ ဆက်စပ်နေတဲ့ ကျေးရွာတွေ ငဝန်မြစ်ရေ ဝင်ရောက်ခဲ့တာ ခုဆို ၁၀ ရက်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ လေးမျက်နှာမြို့နယ်ကနေ ဝင်ရောက်နေတဲ့မြစ်ရေတွေဟာ လေးမျက်နှာမြို့နယ်တင်မကတော့ဘဲ ဆက်စပ်နေတဲ့ ငါးသိုင်းချောင်း၊ ကျုံပျော်မြို့နယ်တွေထိ ရောက်ရှိလာနေတာလည်း ဖြစ်ပါတယ်။ လေးမျက်နှာမြို့နယ်မှာ ရေဘေးသင့် လူဦးရေ အားဖြင့် ၄ သောင်းကျော်ရှိတယ်လို့ စစ်အစိုးရဘက်က ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။ လေးမျက်နှာမြို့နယ် မြစ်ရေဝင်ရောက်ပြီး မြို့နဲ့ ကျေးရွာတွေ ရေနစ်မြုပ်ရာမှာတော့ ကူးသန်းသွားလာမှု အတားအဆီး မရှိတဲ့နေရာဖြစ်လို့ ဧရာဝတီတိုင်းဒေသထဲက လူမှုကူညီရေး အသင်းတွေ အပြင် ရန်ကုန်တို့လို အခြားသောဒေသက လူမှုကူညီကယ်ဆယ်ရေး အသင်းတွေလာရောက် ကူညီကြတာတွေ့ရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ထိုင်းနိုင်ငံခရီးစဥ်က ပြန်လာပြီးနောက်တရက် ဖြစ်တဲ့ သြဂုတ်လ ၈ ရက်နေ့မှသာ ပုသိမ်မြို့ကိုလာရောက်ပြီး ရေဘေးသင့်နေတဲ့ နေရာဒေသတွေကို ရဟတ်ယာဥ်နဲ့ သွားရောက်ကြည့်ရှုတာ၊ ခရိုနီလုပ်ငန်းရှင်တွေကို ရေဘေးအတွက် အလှူငွေထည့်ဝင်ဖို့ တိုက်တွန်းပြီး အလှူငွေလက်ခံတာတွေ လုပ်ဆောင်တာ တွေ့ရပါတယ်။ 

လေးမျက်နှာမြို့နယ်က ရေးဘေးအန္တရာယ် ကျရောက်စေတဲ့ ကျိုးပေါက်သွားတဲ့ တာဘောင်ကို ခုအချိန်ထိ မပိတ်နိုင်သေးတဲ့ အနေအထားဖြစ်ပြီး ဝင်ရောက်ထားတဲ့ရေတွေက လနဲ့ချီရှိနေမယ့် အခြေအနေမျိုးဖြစ်ပါတယ်။ 

ဒီရက်ပိုင်းမှာပဲ မြန်မာနိုင်ငံမှ ခုနှစ်အတွင်း တတိယမြောက် ရေဘေးသင့်တဲ့ ဒေသက စစ်ကိုင်းတိုင်းဖြစ်လာခဲ့ပါတယ်။ စစ်ကိုင်းတိုင်းရေဘေးသင့်ဒေသတွေရဲ့ အများစုဟာ PDF တွေ ထိန်းချုပ်ထားပြီး အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်က ပအဖ အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နေတဲ့ ဒေသတွေဖြစ်လို့ စစ်အစိုးရအနေနဲ့ ရေဘေးကယ်ဆယ်ရေး ကူညီရေးတွေ လုပ်ဆောင်မှာမဟုတ်တာ သေချာပါတယ်။ စစ်ကိုင်းတိုင်းမှာ ရေဘေးသင့်ပြီး ၃ ရက်မြောက်လာတဲ့အထိ စစ်အစိုးရဘက်က သတင်းထုတ်ပြန်တာတွေ မတွေ့ရသေးပါဘူး။ အမျိုးသားညီညွတ်ရေး အစိုးရဘက်ကလည်း စစ်ကိုင်းရေဘေးနဲ့ ပတ်သက်လို့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်နှိုးဆော်ချက်ကို တွေ့ရပေမယ့် မြေပြင်မှာ ဘယ်လိုကူညီနေသလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးတဲ့ အနေအထားဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းထဲမှာ တနေရာနဲ့ တနေရာ သွားလာဖို့ လုံခြုံရေးအရ ကန့်သတ်တားဆီးတာတွေ ရှိနေတာကြောင့် အခြားသောဒေသတွေက လူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့တွေ စစ်ကိုင်းတိုင်းထဲ ဝင်ရောက်ဖို့ အခက်အခဲတွေ ရှိနေမယ့် အနေအထားလည်း ဖြစ်ပါတယ်။ 

ယခင်တုန်းက ရေဘေးအန္တရာယ်တွေ ကျရောက်ချိန်မှာ အခုလို စစ်ပွဲတွေ၊ လုံခြုံရေးအရ နယ်မြေဖြတ်သန်းသွားလာမှုတွေ ကန့်သတ်ခံထားရတဲ့ အခြေအနေမျိုးနဲ့ မကြုံတွေ့ခဲ့ကြရပေမဲ့ အခုအခါမှာတော့ စစ်ပွဲ ဖြစ်ပွားနေတဲ့ဒေသတွေ၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှု အန္တရာယ်တွေ ရှိနေတဲ့ ဒေသတွေမှာ ရေဘေးအန္တရာယ်ကျရောက်လာတဲ့ အခြေအနေဟာ ဒုက္ခအပေါ် ဒုက္ခဆင့်တယ်လို့ ဆိုရမလား၊ သို့မဟုတ် ဘယ်လိုစကားလုံးမျိုးနဲ့ ပေါ်လွင်အောင် ဖော်ပြရမှန်းမသိတဲ့ အနေအထားမျိုးလို့သာဆိုရတော့မှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar